မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က သူ့ရဲ့
ပဲခူးမြို့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ အဖွဲ့အစည်းတွေကို
ကျေးဇူးတင်ကြောင်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။
NLD
၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က
ပဲခူးမြို့သို့ ရောက်ရှိလာသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို ပဲခူးလူထုက ဝိုင်းဝန်းကြိုဆိုကြစဉ်။ (Photo: NLD)
ပဲခူးတိုင်း ခရီးစဉ် အတွင်း အဘက်ဘက်မှ ပံပိုး ကူညီခဲ့ကြတဲ့ သက်ဆိုင်ရာ
အာဏာပိုင် အဖွဲ့အစည်း အသီးသီးနဲ့ လူမှု အဖွဲ့အစည်းတွေ အပါအ၀င် ပြည်သူလူထု
တစ်ရပ်လုံးကို အထူး ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ၂၀၁၁
ခုနှစ် သြဂုတ်လ ၁၅ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် ပြောကြားလိုက်တာ
ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က ပဲခူးနဲ့ သနပ်ပင်မြို့တွေကို
သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်
ဆရာတော်နဲ့ သံဃာတော်များ၊ အနောက်ရွှေနံ့သာကျောင်းတိုက် ဆရာတော်နဲ့
သံဃာတော်များကို တွေ့ဆုံဖူးမျှော်ပြီး သြ၀ါဒ ခံယူနိုင်ဖို့အတွက် စီစဉ်
ဆောင်ရွက်ပေးသူတွေ၊ လာရောက် အားပေးကြတဲ့ ပြည်သူလူထု၊ ဒီမိုကရေစီနဲ့ လူထု
ကွန်ယက်တွေက အဖွဲ့ဝင်တွေ၊ အဖက်ဖက်က ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေသဆိုင်ရာ
အာဏာပိုင်တွေ၊ လူမှုရေး အဖွဲ့အစည်းတွေ၊ ပြည်တွင်း ပြည်ပ မီဒီယာ
အဖွဲ့ဝင်တွေ၊ တာဝန်ကျေပွန်စွာ စီစဉ် ဆောင်ရွက်ပေးကြတဲ့
အဖွဲ့ချုပ်အဖွဲ့ဝင်တွေကို အထူး ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်
ထုတ်ပြန်ခဲ့တယ်လို့ NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က
ဖတ်ပြခဲ့ပါတယ်။
မနေ့က ပဲခူးနဲ့ သနပ်ပင်မြို့ ခရီးစဉ် အတွင်း ဒေသခံ ပြည်သူ ထောင်နဲ့ချီပြီး
ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် ကြိုဆိုခဲ့သလို ဒေသခံ အာဏာပိုင်တွေ ကလည်း
အရင်နဲ့ မတူဘဲ ထူးထူးခြားခြား ကူညီ ပံ့ပိုးခဲ့ကြတယ်လို့ သိရပါတယ်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !