Wednesday, August 17, 2011

အပြစ်မဲ့ ကလေးတဦးအား မြန်မာစစ်သားများ ပစ်သတ်

tungpalwe-Myen
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း ၁၀ ကျော်သက် ကလေးတဦးသည် မြန်မာအစိုးရစစ်သားများ၏ သြဂုတ်လ ၁၁ ရက်နေ့ မှားယွင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

အသက် ၁၅ နှစ်ခန့်အရွယ် ယောက်ျားလေးမှာ မန်ဂျေ(မံစီ)မြို့နယ်ရှိ တောင်ပုလွေဟုခေါ်သည့် ရှမ်းရွာမှ ဖြစ်သည်။

လက်နက်မဲ့ ကလေးငယ်အား မန်ဂျေမြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော ဆားမှော်နယ်မြေခံတပ်ရင်း ခလရ (၁၀၅)မှ ဗိုလ်မှူး ဇော်ညိုမြင့်ဦး ကွပ်ကဲသည့်စစ်ကြောင်း-၂ မှ စစ်သားများ လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရွာသားများပြောသည်။

ယင်းစစ်ကြောင်းသည် ယခုချိန် မုံးခေါင် (Mung Hkawng)ကျေးရွာ စစ်စခန်းတွင် အခြေစိုက်ကာ မန်ဂျေမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေပါသည်။

"ကလေးက နား သိပ်မကြားဘူး။ စစ်ကြောင်းကိုတွေ့တော့ ကလေးက ကြောက်ပြီး ပြေးတယ်။ ပြေးတော့ စစ်သားများ နောက်ကလိုက်လံပစ်ခတ်တယ်။ ပစ်ခတ်ခြင်း မလုပ်ရန် ကလေးရဲ့အဖွားက အကြိမ်ကြိမ် ဟန့်တားပေမဲ့ မရပါဘူး။" ဟု ရွာသားတဦး ကချင်သတင်းဌာနသို့ ပြောသည်။

အပြစ်မဲ့ ပစ်ခတ်ခံရသည့် ကလေးအား ညနေ ၄ နာရီနှင့် ၅ နာရီကြား မန်ဂျေဆေးရုံသို့ သယ်ယူသွားစဉ် သေနတ်ဒဏ်ရာကြောင့် သေဆုံးသွားသည်ဟု ဆိုသည်။

ထိုကလေးအား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် မှားယွင်းကာ လိုက်လံပစ်ခတ်လိုက်ခြင်းဖြစ်နိုင်သည်ဟု ၎င်းဒေသမှ KIA အရာရှိတစ်ဦးပြောသည်။

ခလရ (၁၀၅)သည် ပြီးခဲ့သည့် ဇူလိုင်လကတည်းက မန်ဂျေမြို့နယ်အတွင်း စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ရေးလှုပ်ရှားချိန်မှ အခြားအပြစ်မဲ့ ပြည်သူများကိုလည်း ပစ်ခတ်သတ်ဖြတ်ခြင်းများရှိကြောင်း ဒေသခံများပြောသည်။

ပြီးခဲ့သည့် ဇွန်လ မြန်မာစစ်တပ်နှင့် KIA ကြား စစ်ပွဲစတင်ဖြစ်ပွားလာချိန်မှ မန်ဂျေမြို့နယ်အတွင်း ဒေသအခြေစိုက် KIA တပ်ရင်း ၁၂ နှင့် အစိုးရစစ်သားများကြား တိုက်ခိုက်မှုများ ဖြစ်ပွားလာသည်။

No comments:

Post a Comment