ထိပ်ဆုံး သတင်း :
Home » » ပတ္တမြားမြေတွင် ပတ္တမြားနှင့် မသက်ဆိုင်သူများ

ပတ္တမြားမြေတွင် ပတ္တမြားနှင့် မသက်ဆိုင်သူများ

8/04/2011 10:19:00 PMတွင်ရေးသည်

မိုးကုတ်မြို့ခံ ဗြုန်းဆေးသမား အများစုကတော့ မိုးတွင်းကာလမှာလည်း မိုးထဲရေထဲလည်း မနားနိုင်ဘဲ အခွင့်ကောင်းကို စောင့်မျှော်နေရသည်ဟု နော်အေးလှက ဗြုန်းဆေးနေရာက လှမ်းပြောသည်။

moeaoat01သူတို့လို ဗြုန်းဆေး ကျောက်သမား (ရာဂဏန်း၊ ထောင်ဂဏန်းမျှသာ တန်ဖိုးရှိသော ကျောက်ရောင်းသူ) များအတွက် ဗြုန်းဆေးခွင့်ရမှ ထမင်းစားရသောကြောင့် မိုးရာသီတွင် မနားနိုင်ဖြစ်သည်။

“မိုးတွင်းလည်း မနားနိုင်ဘူး၊ မြေပြိုမှာလည်း အကြောက်နိုင်ဘူး” ဟု ရွှံ့ရည်များ စွန်းထင်းနေသည့် အင်္ကျီအဖြူလက်ရှည်၊ အညိုရောင် လေးထောင့်ကွက်ဖော် ရှမ်းဘောင်းဘီရှည်နှင့် ရှာထိုးဦးထုပ် ဆောင်းထားသော တိုင်းရင်းသူ နော်အေးလှ ကဆိုသည်။

သူက ကျောက်ကျင် သံဆန်ခါအ၀ိုင်းနှင့် ရေထဲက ကျောက်များကို သဲ့ယူကာ ဆန်ခါထဲပါလာသော ကျောက်စရစ်ခဲငယ် ကလေးများကို စူးစိုက်ကြည့်ရင်း နီနီညိုညို အရောင်အဆင်းရှိသော ကျောက်တို့ကို ရေကန်ဘေးရှိ မြေလွတ်နေရာတွင် ပုံထားလိုက်သည်။ ပြီးမှ ထိုကျောက်ပုံထဲက အညိုရောင်၊ အနီရောင်၊ အပြာရောင်၊ မရမ်းရောင်၊ အနက်ရောင် စသည့် ကျောက် ကလေးများကို ပြန်ရွေးကာ အသင့်ယူလာသော ပုလင်းငယ် ကလေးထဲသို့ တရိုတသေ ထည့်သိမ်းရင်း ဗြုန်းကျောက်များ တနှစ်ထက် တနှစ် ရှားလာပြီ ဖြစ်ကြောင်းကို ပြောပြသည်။

“မနေ့ကဆို ကျပ် ၁ ထောင်ပဲရတယ်။ ဒီနေ့ ဘယ်လောက်ရမလဲတော့ မသိသေးဘူး။ လုပ်ငန်း မကောင်းဘူး၊ ကွက်သစ် ရှာသူတွေနဲ့ လိုက်ရမလား လို့တောင် စဉ်းစားနေတယ်” ဟု အသက် ၁၇ နှစ်အရွယ် နော်အေးလှက ပုလင်းထဲရှိ အနည်းငယ် မျှသော ကျောက်တို့ကို တချက်ကြည့်ရင်း ညည်းညူသည်။

တနှစ်ထက်တနှစ် ကျောက်ရှားပါးလာသော ပတ္တမြားမြေ (မိုးကုတ်ဒေသ) ရှိ လုပ်ကွက်ရထားသည့် ကုမ္ပဏီများကလည်း ဆင်းရဲချို့တဲ့သော နော်အေးလှတို့လို ဒေသခံများအား ဗြုန်းဆေးခွင့်ပင် မပေးတော့သည့်အတွက် သူတို့ ဗြုန်းဆေး ကျောက်ရှာရန် နေရာမှာ တဖြည်းဖြည်း နည်းပါးလာကြောင်း နော်အေးလှက ဆက်ပြောသည်။

“ဒီမှာ လုပ်ကွက်ပေါင်း ၆၀၀ လောက်ရှိတာ၊ ဗြုန်းဆေးခွင့်ပေးတဲ့ လုပ်ကွက်က ဆယ်ဂဏန်းတောင် မပြည့်ဘူး။ ဆေးခွင့်ပေးတဲ့ လုပ်ကွက်မှာပဲ ပြုံတိုးပြီးဆေးကြတော့ ကျောက်ရှားသွားတယ်။ စားဝတ်နေရေးလည်း ကောင်းကောင်း အဆင်မပြေကြဘူး” ဟု သူက ရှင်းပြသည်။

ဗြုန်းဆေးသမားများအား ဒေသခံကုမ္ပဏီတချို့၏ လုပ်ကွက်အတွင်း ခွင့်ပြုထား သော်လည်း အထပ်ထပ်သော ကျောက်ကျင် စက်တို့ဖြင့် ရှာဖွေပြီးသား ရေနှင့်သဲ၊ ကျောက်၊ နုန်းများထဲတွင် ဗြုန်းဆေး ရသောကြောင့် ဗြုန်းဆေး ကျောက်ရှာသမားတို့မှာ အဖိုးတန်ကျောက် မရဘဲ ရာဂဏန်းမျှသာ ဈေးရှိသော အောက်ကျောက် များသာ ရကြသည်။

ထိုကျောက်များကို တရားဝင်ရောင်းဝယ်ခွင့်ရထားသော ကျောက်ကုန်သည် များထံတွင်သာ ၎င်းတို့ ဖြတ်ပေးသော ဈေးဖြင့်ရောင်းပေးရကြောင်း သိရသည်။

“ဗြုန်းကျောက်တွေထဲမှာ ကျင်ရတာဆိုတော့ တန်ဖိုးကြီးကျောက်တွေတော့ မရဘူး။ ကံကောင်းလွန်းမှ သောင်းဂဏန်း ကျောက်လေး ရနိုင်တယ်။ ရှားတော့ရှားတယ်” ဟု အသက် ၃၀ ခန့်အရွယ် ကျောက်ကုန်သည် မောင်ထူးက ပြောသည်။

မိုးကုတ်မြို့တွင် နေထိုင် ကြီးပြင်းခဲ့သော မောင်ထူးသည် ကျောက်တူးပြီး ၀မ်းစာရှာခြင်းကို အသက် ၁၀ နှစ် ၀န်းကျင် ကတည်းက မိဘများနှင့်အတူ လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဟိုတုန်းက ကျောက်ပေါတယ်။ ဘယ်မှာတူးတူး ကျောက်ရတယ်။ အခု ကုမ္ပဏီတွေကို လုပ်ကွက်တွေ ပေးလိုက်တော့ ကျနော်တို့ကို တူးခွင့် မပေးတော့ဘူး။ တော်တော်များများကတော့ ဗြုန်းဆေးခွင့်တောင် မပေးတော့ဘူး။ ဒီမြို့ခံ သူဌေးတွေကပဲ ကိုယ့်ဒေသက လူတွေကို ပြန်ကြည့်တဲ့အနေနဲ့ လုပ်ုခွင့်ပေးတာ။ ကုမ္ပဏီကြီးတွေကတော့ လုပ်ကွက်နား ပတ်ပတ်လည်တောင် ကပ်လို့မရဘူး။ ကပ်တဲ့သူ ဖမ်းတာပဲ” ဟု မောင်ထူးက ဆိုသည်။

လွန်ခဲ့သော မြန်မာသက္ကရာဇ် ၅၇၉ ခုနှစ်ကတည်းက စတင်ပြီး ခေတ်အဆက်ဆက် ကျောက်တူးခြင်း လုပ်ငန်းကို လုပ်ကိုင်ခဲ့သော မိုးကုတ်ဒေသရှိ ဒေသခံတို့သည် ကျောက်တူးခြင်း၊ ကျောက်ရောင်းဝယ်ခြင်း လုပ်ငန်းများကိုသာ အဓိက စီးပွားရေးအနေဖြင့် ယနေ့ထိတိုင် လုပ်ကိုင်နေကြသည်။

မိုးကုတ်မြို့တွင် ကုမ္ပဏီများအလိုက် လုပ်ကွက်ပေါင်း ၆၀၀ ၀န်းကျင်ခန့် ရှိကြောင်း မိုးကုတ်မြို့ရှိ ကျောက်လုပ်ကွက် မှတ်တမ်းများအရ သိရှိရပြီး ထိုလုပ်ကွက်များမှ ပတ္တမြား၊ နီလာ၊ ဥဿဖရား၊ အညံ့ကျောက်၊ မဟူရာ၊ ဂေါ်မိတ်၊ မြ၊ ပြောင်ခေါင်းစိမ်း၊ ထပ်တရာ၊ ဖရဲအူ၊ နဂါးသွဲ့၊ မျှော၊ မိုးကုတ်ပုလဲ စသည့် ကျောက်မျက် ရတနာ အမျိုးအစားပေါင်း ၂၀ နီးပါးအထိ ထွက်လေ့ရှိကြောင်း သိရသည်။

၁၉၅၄ ခုနှစ်ဝန်းကျင် ဖဆပလဝန်ကြီးချုပ် ဦးနုခေတ်တွင် ဒေသခံများအား တနိုင်တပိုင် ကျောက်တူးခွင့် ပေးခဲ့သောကြောင့် ဒေသခံများမှာ စီးပွားရေး ကောင်းခဲ့ကြကြောင်း၊ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှ စတင်ပြီး မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်မှ နိုင်ငံတော်ပိုင် ကျောက်မျက်တူးဖော်ရေး စခန်းကို လွှဲပြောင်းယူပြီးနောက် ဖက်စပ်လုပ်ငန်းနှင့် အကျိုးတူ လုပ်ငန်းအဖြစ် ကုမ္ပဏီများအား လုပ်ကွက်ချထားပေးလိုက်ကြောင်း၊ ထိုအချိန်မှ စတင်ပြီး ဒေသခံများမှာ လုပ်ပိုင်ခွင့် နည်းသွားကာ လုပ်ကွက်များ ပျောက်ဆုံးကုန်ခြင်း ဖြစ်ကြောင်း မိုးကုတ်မြို့မှ ဒေသခံ ကျောက်လုပ်ငန်းရှင် တဦးက ပြောသည်။

ထိုအချိန်မှ စပြီး ဒေသခံများမှာ လုပ်ကွက်မရှိကြတော့ဘဲ ကျောက်ရှိမည်ထင်သော နေရာသစ်များအား ရှာဖွေပြီး ညဘက် လူခြေတိတ်ချိန်တွင် ခိုးတူးခြင်း၊ ဗြုန်းဆေးခွင့်ပေးသော လုပ်ကွက်များတွင် ဗြုန်းဆေးခြင်းတို့ဖြင့် ရပ်တည်နေရခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

“ကုမ္ပဏီ တော်တော်များများကို ဦးပိုင်ကပဲ တိုက်ရိုက်ချပေးခဲ့တာ။ ကျန်တဲ့ လုပ်ကွက်တွေကိုလည်း ကုမ္ပဏီကြီးတွေက လေလံ ၀င်ဆွဲတော့ တော်ရုံဒေသခံတွေက မရတော့ဘူး။ တချို့ ဒီနယ်သားတွေကလည်း ဒီကျောက်လုပ်ငန်းပဲ လုပ်တတ်တော့ ဖားကန့်ဘက် ထွက်တူးကုန်ကြတယ်။ တချို့ကျတော့လည်း ဒီမှာပဲ ဗြုန်းဆေးတဲ့ဘ၀ ရောက်ကုန်တယ်” ဟု အဆိုပါ မြို့ခံ ကျောက် လုပ်ငန်းရှင်တဦးက ပြောသည်။

ကျောက်ထွက်နိုင်သည့် မြေများကို သိကြသောကြောင့် ကျောက်ရသော်လည်း အန္တရာယ် များကြောင်း၊ ပေ ၅၀ အောက်အထိ ဆင်းတူးရသဖြင့် မိုးတွင်းကာလများတွင် မြေပြိုကျတတ်ကြောင်း မောင်ထူးက ရှင်းပြသည်။

“ဒါပဲ လုပ်တတ်တော့ ရှာဖွေတူးရင် ကျောက်တော့ ရပါတယ်။ ဒါပေမယ့် ဘာအကာအကွယ်မှလည်း မရှိဘူး။ မိုးတွင်းဆို ပြိုကျတတ်တယ်။ အသက်စွန့်ပြီး တူးကြတာ” ဟု သူက ဆိုသည်။

အဆိုပါ စမ်းသပ်ကွက်များအား လုပ်ကွက်သစ်ဟု ခေါ်ဆိုကြပြီး တဖြည်းဖြည်းနှင့် တူးသူများလာပါက ကုမ္ပဏီများက သက်ဆိုင်ရာ အာဏာပိုင်များ၏ အကူအညီဖြင့် လာသိမ်းသွားတတ်ကြောင်း ဒေသခံများ၏ ပြောပြချက်များကြောင့် သိရသည်။

moeaoat02“ကျောက်ရတယ်လို ကြားရင် ကုမ္ပဏီတွေက လာသိမ်းသွားတယ်။ ကျနော်တို့ကတော့ သူတို့အတွက် ကွက်သစ်ရှာပေးတဲ့ သဘောပေါ့။ သူတို့ မသိမ်းခင်တော့ တူးလို့ရတယ်၊ သိမ်းပြီးမှ ဆိုရင်တော့ ပြဿနာဖြစ်တယ် တူးခွင့် မပေးတော့ဘူး” ဟုမောင်ထူးက ပြောပြသည်။

လက်ရှိအခြေအနေတွင် မိုးကုတ်မြို့ရှိ ပန်းခြံ ထာပွဲဈေး ကျောက်ဈေးကွက်အတွင်း ကုမ္ပဏီများ တူးဖော်လာသည့် အောက်ကျောက်များနှင့် ဒေသခံများ ရှာလာသော ဗြုန်းကျောက်များကိုသာ ရောင်းချလျက်ရှိပြီး တန်းဖိုးမြင့်ကျောက်များ၊ အရည်အသွေးကောင်း ကျောက်များအား ကုမ္ပဏီများက ကျောက်မျက်ပြပွဲသို့ အဓိကထား ရောင်းချနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာများနှင့် ကျောက်တွင်းလုပ်ငန်းများအား မိုးကုတ်၊ မိုင်းရှူး၊ ဖားကန့်ဒေသတို့တွင် အများဆုံး လုပ်ကိုင်လာခဲ့ ကြသော်လည်း ယခုအခါ ဖားကန့်ဒေသတွင် ကျောက်မှော်၊ ရွှေမှော် လုပ်ငန်းများ အားကောင်း လာခြင်း၊ တူးဖော်ရရှိမှု များပြားလာခြင်းတို့ကြောင့် အနယ်နယ်အရပ်ရပ်မှ တူးဖော်လိုသူများမှာ နေ့စဉ် ၀င်ရောက်လျက် ရှိကြောင်း၊ မိုးကုတ်ဒေသခံများလည်း သွားကြကြောင်း၊ မိုးတွင်းကာလတွင်ပင် ထိုဒေသသို့ သွားရောက်သည့်လူ မပြတ် ရှိနေကြောင်း ကြားသိရသည်။

ကျောက်မျက် ရတနာများထဲတွင် မိုးကုတ် ပတ္တမြားမြေမှ ထွက်ရှိလာသော ကျောက်မျက် ရတနာများသည် တခြားသော ဖားကန့်၊ မိုင်းရှူး ဒေသထွက် ကျောက်မျက် တို့ထက် အရည်အသွေး ပိုကောင်းပြီး ရောင်းပန်းလည်း လှနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ကုမ္ပဏီကြီးများမှာ မိုးကုတ်မြေကို လက်မလွှတ်ကြသေးခြင်း ဖြစ်ကြောင်း ကျောက်ကုန်သည်များက
ပြောဆိုနေကြသည်။

နော်အေးလှ အနေဖြင့် မိန်းကလေး ဖြစ်နေသောကြောင့် ဖားကန့်ဘက်သွားရန် မိဘနှစ်ပါးက ခွင့်မပြုကြောင်း၊ သူ့အောက်ရှိ ၁၄ နှစ်အရွယ် မောင်ငယ်မှာမူ ယခင်လကပင် ဖားကန့် တက်သွားပြီ ဖြစ်ကြောင်း ပြောပြသည်။

“ပတ္တမြားမြေလို့ ပြောတဲ့အတိုင်း ပတ္တမြားတွေ ထွက်ပါတယ်။ ဒါပေမယ့် ကျမတို့လို ဆင်းရဲသားတွေ အဖို့တော့ မဟုတ်ဘူးပေါ့။ ဗြုန်းဆေးတဲ့ ကျောက်သမားတွေအတွက်ကတော့ စားမလောက်ဘူး” ဟု နော်အေးလှက ဆိုသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"