"ဒီကိစ္စနဲ့ပတ်သက်ပြီး ဖိတ်စာကို မနေ့က ရပါတယ်။ ဖိတ်တဲ့ ရက်က သြဂုတ်လ ၁၉ ကနေ ၂၁ ပါ။ ဒေါ်အောင်ဆန်းစုကြည် တက်မယ်၊ မတက်ဘူးဆိုတာကတော့ လောလောဆယ် ကျနော်တို့ မပြောနိုင်သေးပါဘူး" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် အခမ်းအနားတွင် တွေ့ရသော သမ္မတ ဦးသိန်းစိန်နှင့် ဖိတ်ကြားထားသူများ (ဓာတ်ပုံ - Eleven Media Group)
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီအရေးကိစ္စ အပါအဝင် လုပ်ဆောင်စရာများ ရှိနေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီခေါင်းဆောင်ဖြစ်၍ ၄င်း၏ သဘောထားသည် NLD ပါတီ၏ သဘောထားဖြစ်ကြောင်း ဦးဝင်းထိန်က ပြောသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် ဖိတ်ကြားခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး NLD ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြဿနာများစွာကို အောက်ခြေအထိ ဖြေရှင်းသွားနိုင်ရေးအတွက် သမ္မတ ဦးသိန်းစိန်နှင့် ဆက်လက်ဆွေးနွေးရန်အဆင့်အထိ မျှော်လင့်ထားကြောင်း ပြောသည်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး နယ်ပယ်များမှ လူပုဂ္ဂိုလ်ပေါင်း ၅၀၀ ခန့် တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဖိတ်ကြားခံထားရသူများထဲတွင် ပြည်ပအခြေစိုက် "ဗဟု" အဖွဲ့ဟု လူသိများသည့် အဖွဲ့မှ ပုဂ္ဂိုလ်များလည်း ပါဝင်သည်ဟုသိရပြီး ဆွေးနွေးပွဲတက်ရောက်မည်ဟု ဆိုသည်။
ထို့အပြင် ပြည်ပအခြေစိုက် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်တချို့လည်း ဖိတ်ကြားခံထားရကြောင်းနှင့် တက်ရောက်ရန် ပြင်ဆင်နေကြကြောင်း သိရသော်လည်း မည်သူတက်ရောက်မည်ကို စုံစမ်းနေဆဲ ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ သမ္မတ အကြံပေးများနှင့် စာနယ်ဇင်းသမားများကိုလည်း ဖိတ်ကြားထားသည်။
၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၃၇ ပါတီမှ ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားထားပြီး ပါတီ တခုလျှင် ကိုယ်စားလှယ် ၃ ဦးနှုန်း တက်ရောက်ရမည်ဟု သိရသည်။
နေပြည်တော် လွှတ်တော်အစည်းအဝေးနှင့် တိုက်ဆိုင်နေသဖြင့် အလုပ်ရုံဆွေးနွေးပွဲသို့ တချို့နိုင်ငံရေးပါတီများမှ လွှတ်တော်တက်ရောက်မည့် သူများကသာ တက်ရောက်သွားမည်ဖြစ်သည်ဟု ဆိုသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) က ပါတီခေါင်းဆောင် ၃ ဦးဖြစ်သည့် ဦးသုဝေ၊ ဒေါ်ချိုချိုကျော်ငြိမ်းနှင့် ဒေါ်နေခြည်ဗဆွေတို့ ၃ ဦး တက်ရောက်မည်ဟု သိရသည်။
"ကျနော်တို့ အခု ၃ ယောက် နေပြည်တော်ကို သွားနေကြပါတယ်။ ပါတီတွေအားလုံးကို ဖိတ်ထားတယ်သိရပါတယ်" ဟု ဦးသုဝေ က ပြောသည်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !