Tuesday, August 16, 2011

အစိုးရပြောကြားချက် KIO ငြင်းဆို

မကြာသေးမီ ရက်ပိုင်းအတွင်း ပြုလုပ်သည့် အစိုးရ သတင်းစာ ရှင်းလင်းပွဲအတွင်း ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)နှင့် ပတ်သက်ပြီး ပြောဆိုမှုများသည် အခြေအမြစ် မရှိသည့် စွပ်စွဲချက်များ ဖြစ်သည်ဟု KIO က တနင်္လာနေ့တွင် ပြောလိုက်သည်။

KIO_news_-_edited
မကြာသေးမီက ကချင်ပြည်နယ် လဂျားယန်ဒေသတွင် တွေ့ရသည့် KIA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)

KIO သည် ငြိမ်းချမ်းရေးယူထားသည့် လက်နက်ကိုင် အဖွဲ့များ လိုက်နာရမည့် မူ ၈ ချက်ကို ချိုးဖောက်ခဲ့သည်ဟု  သောကြာနေ့က အစိုးရသစ် လက်ထက် ပထမဆုံးအကြိမ် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲက ဆိုသည်။

"အပစ်အခတ် ရပ်စဲရေး လုပ်တုန်းက နှစ်ဦး နှစ်ဘက် သဘောတူထားတဲ့ အချက် ၈ ချက်လို့ ပြောထားတယ်၊ အဲဒီ အချက်တွေ ကျနော်တို့ဘက်မှာ မရှိဘူး၊ သူတို့က ဘယ်အဖွဲ့တွေနဲ့ လုပ်ထားတဲ့ ကတိတွေလည်းတော့ မသိဘူး" ဟု KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။

ဆက်ကြေး ကောက်ခြင်း မပြုရ၊  ဥပဒေနှင့် မညီသော လုပ်ငန်းများ မပြုလုပ်ရ၊ သတ်မှတ်ထားသော နယ်မြေ အတွင်း၌သာ လှုပ်ရှားပြီး နယ်မြေ ကျူးလွန်မှု မပြုရ စသည့် အချက်များ မပါဝင်ကြောင်း ၎င်းက ဆိုသည်။

စာချုပ်ထဲ၌ တဖက် တပ်စခန်း အနီး လက်နက် ကိုင်ဆောင် ဖြတ်သန်းသွားလာမည်ဆိုပါက  ကြိုတင် အကြောင်းကြားရန်၊ ထွက်ပြေး တိမ်းရှောင်သွားသည့် ရာဇ၀တ်သားများရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဖြေရှင်းရန် စသည့် အချက်များလည်း ပါဝင်ကြောင်း ဦးလနန်က ရှင်းပြသည်။

စာချုပ်ထဲတွင် နယ်မြေ ဖွံ့ဖြိုးမှုရေးနှင့် ကိုယ်ပိုင် အုပ်ချုပ်ရေး အတွက် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ရန် ပါရှိသည်ဟု သိရသည်။

KIO ၏ စစ်တပ် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) သည် ၁၉၆၁ ခုနှစ်မှ စ၍ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေးအတွက် အစိုးရ နှင့် တိုက်ပွဲများ ဖြစ်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အပစ်ခတ်ရပ်စဲရေး စာချုပ်ကို သဘောတူခဲ့သည်။

ပြီးခဲ့သည့် ဇွန်လအတွင်း နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွာခဲ့ပြီး ၎င်း သဘောတူစာချုပ် ပျက်သွားခဲ့သည်။

"ဇွန်လ ၉ ရက်နေ့က စဖြစ်တာကလည်း KIA စပြီးတော့ ပစ်တာလို့ ပြောတယ်၊ ဒါကတော့ လုံးဝ အခြေအမြစ် မရှိတဲ့ ကိစ္စ တွေပါ" ဟု ဦးလနန်က ဆက်ပြောသည်။

ထို တိုက်ပွဲများကြောင့် နေရပ်ကို စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်မှာ ပြီးခဲ့သည့် လကုန်ပိုင်းအထိ နှစ်သောင်းခန့် ရှိနေကြောင်း ဒုက္ခသည်များကို KIO အပါအ၀င် ဒေသခံ ဘုရားကျောင်းတချို့နှင့် အဖွဲ့အစည်းတချို့တို့က ကူညီနေသော်လည်း လုံလောက်မှုမရှိကြောင်း သိရသည်။

"KIO/KIA အဖွဲ့ အနေနဲ့ ရိုးသားပြီး မသိနားမလည်သည့် ဒေသခံ ပြည်သူများကို အတင်းအကျပ် ခြိမ်းခြောက်ခေါ်ဆောင်၊ စစ်ပြေး ဒုက္ခသည်အဖြစ် ဖန်တီးကာ နိုင်ငံတကာကို မီဒီယာ နည်းဖြင့် လုပ်ကြံ ၀ါဒဖြန့်လျက် ငွေကြေး၊ ရိက္ခာတောင်းခံဖို့ ကြိုးစားခဲ့သည်" ဟု အစိုးရ သတင်းစာရှင်းလင်းပွဲက ဆိုသည်။

ယင်း စွပ်စွဲချက်နှင့် ပတ်သက်၍ ဦးလနန်က "ဒီမှာ ရောက်လာတဲ့ ဒုက္ခသည်တွေ အားလုံးဟာ မြန်မာ အစိုးရအုပ်ချုပ်ထားတဲ့ ကျေးရွာက ဒုက္ခသည်တွေပါပဲ၊ တိုက်ပွဲဖြစ်လာတာနဲ့ သူတို့ စစ်ကြောင်းတွေကနေပြီးတော့ ကျေးရွာတွေကို ၀င်ပြီးတော့ကို ဟို အမျိုးမျိုး အတင်း အဓမ္မ ခြိမ်းခြောက်တာမျိုးပေါ့၊ ဒါမျိုး ဖြစ်လာတဲ့အခါမှာ လူထုတွေက ဒီကို ပြေးလာကြတာပါ" ဟု  ပြောသည်။     

ယခုနှစ်ဆန်းပိုင်းက KIA သည် တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖွဲ့စည်းထားသည်။

အစိုးရနှင့် တွေ့ဆုံမည်ဆိုပါက မဟာမိတ်ပြုထားသော UNFC မှ တဆင့် နိုင်ငံရေး ဆွေးနွေးမှုများကို ပြုလုပ်သွားမည် ဟု ဦးလနန်က ပြောသည်။

No comments:

Post a Comment