Friday, September 30, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်မှတ်ပုံတင်ဖို့ စဉ်းစား

ပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေနဲ့အညီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပါတီတရားဝင် မှတ်ပုံတင်ဖို့ ကိစ္စကို စဉ်းစားနေပြီလို့ သိရပါတယ်။
(Photo: AFP)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်ခွင့်အတွက် တရားရုံးသို့ တင်ပြ လျှောက်ထားသည့် အမှုနှင့် ပတ်သက်၍ ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးဉာဏ်ဝင်းတို့ နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့၊ ဗဟိုတရားရုံးချုပ်သို့ ရောက်ရှိလာပုံ ဖြစ်ပါသည်။ (Photo: AFP)
ပါတီအနေနဲ့တရားဝင် ဆုံးဖြတ်ချက် မချရသေးပေမဲ့၊ အန်အယ်လ်ဒီရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေထဲမှာ အဓိက အချက်တစ်ခု အနေနဲ့ ထည့်သွင်းထားတယ်လို့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။ " ပြန်လည်မှတ်ပုံတင်ဖို့ ဆိုတာ စဉ်းစားတဲ့အထဲတော့ ပါတာပေါ့။ လုံးဝ မှတ်ပုံတင်မယ်လို့ ဆုံးဖြတ်ထားတာ မရှိဘူး၊ အခြေအနေ တစ်ရပ်ရပ်က မှတ်ပုံတင်ဖို့ အကြောင်းကို တိုင်းပြည်နဲ့လူမျိုးအတွက် လက်တွေ့ကျကျ ဆောင်ရွက်နိုင်မယ့် အခြေအနေ တစ်ရပ် ပေါ်ပေါက်လာရင် ကျနော်တို့စဉ်းစားမှာပါ " လို့ ဦးဥာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ကလည်း မိမိတို့ အနေနဲ့ ဒီမိုကရေစီပါတီ တစ်ရပ် ဖြစ်တာနဲ့ အညီ တရားဝင် မှတ်ပုံတင်တာကို လိုလားကြောင်း၊ ဒါပေမဲ့ ၂၀၀၈ အခြေခံ ဥပဒေက ကန့်လန့်ခံနေတဲ့ အတွက် ဒီအပေါ် အစိုးရဘက်က ဘယ်လို အလျော့အပေါ့၊ အပြောင်းအလဲ အပြင်အဆင် လုပ်ပေးနိုင်မလဲ ဆိုတဲ့ အပေါ် တည်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြောဆိုရာမှာ - " သို့သော် ထူးဆန်းတာက အရင်တုန်းက အစိုးရက၊ စာပေစိစစ်ရေးက ခွင့်ပြုထားတဲ့ စကားလုံး အသုံးအနှုန်းက တရားဝင် နိုင်ငံရေးပါတီ အဖြစ်မှ ဖျက်သိမ်းထားသော NLD လို့ သုံးရတယ်ဗျ၊ အခု ရက်ပိုင်းအတွင်း ဘာပြောင်းလာလဲဆိုတော့ တရားဝင် မှတ်ပုံတင်ခြင်း မပြုရသေးသော NLD လို့ သုံးတယ်ဗျ" လို့ ပြောပါတယ်။ ဒီကနေ့မှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်သမား ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

No comments:

Post a Comment