ထိပ်ဆုံး သတင်း :
Home » » မြစ်ဆုံအရေး NDF ပြောပြီ

မြစ်ဆုံအရေး NDF ပြောပြီ

9/28/2011 05:32:00 PMတွင်ရေးသည်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ စဉ်းစားဆုံးဖြတ်ရာတွင် လွှတ်တော်တွင်သာမက ပြည်သူတရပ်လုံး ပါဝင်နိုင်သည့် ဆန္ဒခံယူသော နည်းလမ်းဖြင့် ဆောင်ရွက်သင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF ပါတီ) က  အစိုးရကို အင်္ဂါနေ့တွင် တိုက်တွန်းလိုက်သည်။

NDF_talks_about_current_issue
ယမန်နှစ်က ဆွေးနွေးပွဲတခုတွင် စကားပြောနေသော NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ (ဓာတ်ပုံ - AP)

စက်တင်ဘာလ ၂၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ထိုစီမံကိန်းသည် တမျိုးသားလုံးနှင့်သက်ဆိုင်သဖြင့် လွှတ်တော်၏ အဆုံးအဖြတ်နှင့် လုံလောက်မည်မဟုတ်ဟု NDF ၏ ကြေညာချက်က ဆိုသည်။

“မြစ်ဆုံစီမံကိန်းကိစ္စကို ပြည်သူ တရပ်လုံးရဲ့ ဆန္ဒ တိုက်ရိုက်ခံယူသောနည်းနဲ့ ဆန္ဒခံယူပွဲ ပြုလုပ်သင့်တယ်၊ အဲဒီလို မလုပ်နိုင်သေးဘူး ဆိုရင်  စီမံကိန်းကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားသင့်တယ်” ဟု NDF ပါတီ၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ဧရာဝတီသတင်းဌာနကို ပြောသည်။

စီမံကိန်းအားရပ်တန့်ရန် ပညာရှင်များ၊ ပြည်သူများ၊  ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းအသီးသီး၏ ကန့်ကွက်မှု ကျယ်ပြန့် လာပြီးနောက် လွှတ်တော်၏ အဆုံးအဖြတ်ခံယူရန် ဆုံးဖြတ်ခဲ့သော ကိစ္စအပေါ် NDF ပါတီက အလွန်အမင်း စိုးရိမ်နေသည်ဟု ဦးခင်မောင်ဆွေက ပြောသည်။

“ပြည်သူ့ဆန္ဒမပါဘဲ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးတော့ ဆက်လုပ်ပါဆိုရင် တားဆီးမရတော့ပါဘူး၊ ဒါကြောင့် ပြည်သူ့တွေရဲ့ဆန္ဒကို တိုက်ရိုက်ခံယူဖို့ NDF ကကြေညာချက်ထုတ် တောင်းဆိုရတာပါ” ဟု ဦးခင်မောင်ဆွေက ရှင်းပြသည်။

အာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ် အများစုက လွှတ်တော်တွင် လွှမ်းမိုးနေသည့်အပြင် ထိုပါတီခေါင်းဆောင် အများစုသည်လည်း အစိုးရအဖွဲ့ဝင်များ ဖြစ်နေခြင်းကြောင့်  မဲခွဲဆုံးဖြတ်လိုက်ပါက ပြည်သူ့ဆန္ဒမပါသော အနေအထားမျိုး ဖြစ်နိုင်သဖြင့် ဒီမိုကရေစီ နည်းကျကျ ပြည်သူ့ ဆန္ဒခံယူရန် လိုအပ်သည်ဟု ၎င်းက ဆက်ပြောသည်။

NDF သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်သွားသူများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့သည့် ပါတီကြီးဖြစ်သည်။

တခြားသော နိုင်ငံရေးအင်အားစုများ၏ မြစ်ဆုံဆည်အရေး ဝေဖန်မှုများထွက်ပေါ်ပြီး ကာလအတန်ကြာတွင် NDF ၏ ကြေညာချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

NDF ကြေညာချက်တွင် မြစ်ဆုံအရေးသည် တမျိုးသားလုံးနှင့်သက်ဆိုင်ပြီး  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်လည်း အရေးကြီး၍  တဖွဲ့တသင်း၏ လွှမ်းမိုးမှုဖြင့် ဆုံးဖြတ်သင့်အရာမဟုတ်ဟု ရေးသားထားသည်။

ကချင်ပြည်နယ်ရှိ မေခနှင့် မလိခမြစ် ပေါင်းဆုံရာ နေရာ၌ တည်ဆောက်နေသော ဧရာဝတီ မြစ်ဆုံစီမံကိန်းမှ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၆၀၀၀ အထိ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အများစုကို တရုတ်နိုင်ငံသို့ ပို့လွှတ်မည်ဖြစ်သည်။

စီမံကိန်းအား ရပ်တန့်ပေးရန် ကျယ်လောင်စွာ တောင်းဆိုကန့်ကွက်နေကြသည့်တိုင် စီမံကိန်းကို ဦးဆောင်စီမံနေသည့် အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီး ဦးဇော်မင်းက စီမံကိန်း ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ဆိုခဲ့သေးသည်။

အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းကလည်း မြစ်ဆုံစီမံကိန်းအား နိုင်ငံတော်အကျိုးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဟု လွှတ်တော် ကိုယ်စားလှယ် တချို့၏ မေးခွန်းများကို တုန့်ပြန်ဖြေဆိုခဲ့သည်။

ယင်းကဲ့သို့ ပြည်သူနှင့် အစိုးရခေါင်းဆောင်များ သဘောထားကွဲလွဲနေမှုတို့ကြောင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ အမှတ်(၁) နှင့် အမှတ် (၂) စက်မှု ၀န်ကြီး ဖြစ်သူ ဦးစိုးသိန်းက ထိုကိစ္စကြောင့် စည်းလုံးညီညွတ်မှုအား ချည့်နဲ့ မသွားစေသင့်ကြောင်း ယခုလ ၁၇ ရက်နေ့က ပြုလုပ်သည့် မြစ်ဆုံနှင့် ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောဆိုသွားခဲ့သည်။

လက်ရှိအစိုးရသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော အစိုးရဖြစ်၍ ပြည်သူတို့၏ သဘောထားဆန္ဒကို အလေးထားနားထောင်မည် ဟုလည်း ဦးစိုးသိန်းက ပြောဆိုခဲ့သည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"