Tuesday, October 11, 2011

အကျဉ်းသား ၆၀၀၀ ကျော်လွှတ်မည်၊ နိုင်ငံရေးသမား မည်မျှပါမည်ကို မသိရသေး (amnesty to 6300 prisoners)

AP သတင်းဌာန
အောက်တိုဘာ ၁၁၊ ၂၀၁၁
အကျဉ်းသားလွတ်မြောက်ရေးအတွက် ၂၀၁၁ စက်တင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့ ဆူးလေစေတီတွင် ဆုတောင်းနေသူများ (ဓာတ်ပုံ – မိုးမခ)

အကျဉ်းသား ၆၃၀၀ ထက်မကကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု အစိုးရက ယနေ့ ကြေညာလိုက်သည်။ ဤလုပ်ရပ်ကြောင့် နိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ ကောင်းမွန်လာပြီဟု အများ မြင်စေရုံသာမက အနောက်တိုင်းအစိုးရတို့နှင့်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေနိုင်သည်။

လွတ်ငြိမ်းချမ်းသာခွင့်ထဲတွင် တိုင်းပြည်၏ အရေအတွက် ၂၀၀၀ ၀န်းကျင်ရှိမည့် နိုင်ငံရေးအကျဉ်းသားတို့ ပါဝင်ဖွယ်ရှိသည်ဟု အများက ယူဆနေကြသည်။ သို့သော်လည်း နိုင်ငံပိုင် ရေဒီယို၊ ရုပ်သံတို့၏ထုတ်လွှင့်ချက်တွင် အကျဉ်းသားတို့၏အမည်များကို ဖော်ပြခြင်း မရှိပေ။
“လွတ်ငြိမ်းချမ်းသာခွင့်ကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒါ အင်မတန် ကောင်းတဲ့ သတင်းပဲ။ လွတ်လာမယ့်ထဲမှာ နိုင်ငံရေးအကျဉ်းသား အများအပြား ပါဝင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု NLD ပြောခွင့်ရ အရာရှိ ဦးဥာဏ်ဝင်းက ပြောသည်။
သမ္မတဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးစပြုလာပြီး ဆယ်စုနှစ်များစွာစစ်တပ်အုပ်ချုပ်ရေးကို အသွင်ပြောင်းလဲမည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဟု ကတိပြုထားသည်။
ကြေညာချက်တွင် မနက်ဖန်မှစတင်ပြီး လူသားချင်းစာနာသောအားဖြင့် အကျဉ်းသား ၆၃၅၉ ဦးကို လွှတ်ပေးမည်၊ ထိုအထဲတွင်
အသက်အရွယ် ကြီးရင့်သူ၊ မသန်စွမ်းသူ၊ ကျန်းမာရေး မကောင်းသူများအနက်မှ “စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသည့်” အကျဉ်းသားတို့ကို လွှတ်ပေးမည်ဟု ဆိုသည်။
နိုင်ငံရေးအကျဉ်းသားတို့၏ မိသားစုများက ထိုကြေညာချက်ကြောင့် စိတ်လှုပ်ရှားနေကြသည်။ သို့သော်လည်း ၎င်းတို့၏ မိသားစုဝင်များ ဤကြေညာချက်နှင့် အကြုံးမ၀င်မည်ကို စိုးရိမ်နေကြသည်။
ဦးသိန်းစိန်သည် မကြာသေးမီ အာဏာရလာစဉ်ကလည်း လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခဲ့ဖူးသည်။ ထိုစဉ်က နိုင်ငံရေးအကျဉ်းသား ဒါဇင် အနည်းငယ်သာ ပါဝင်သည်။
“ကျမတို့က သတင်းကောင်းကို စောင့်နေတာပါ။ ဒါပေမယ့်လည်း ကျမတို့ကို အခုချိန်ထိ ဘယ်အာဏာပိုင်ကမှ ဆက်သွယ်လာတာ မရှိသေးပါဘူး” ဟု မြစ်ကြီးနားထောင်တွင် ထောင်ဒဏ် ၃၅ နှစ်ကို ရင်ဆိုင်နေရသည့် ဒီမိုကရေစီအရေး လှုပ်ရှားသူ လူရွှင်တော်ဇာဂနာ၏ ခယ်မ မငြိမ်းက ပြောသည်။
မငြိမ်းက ယနေ့ မြစ်ကြီးနားထောင်သို့ ဖုန်းဆက်သော်လည်း ဖုန်းမ၀င်ဟု ဆိုသည်။

(AP သတင်းဌာန၏ သတင်းတပုဒ်ကို မိုးမခက ဆီလျော်စွာ ဘာသာပြန်သည်)

No comments:

Post a Comment