Tuesday, October 11, 2011

မြန်မာ တိုင်းရင်းသားများ မလေးရှား မြန်မာသံရုံးတွင် ဆန္ဒပြ

malaysia-oct11
ကွာလာလမ်ပူ မြန်မာအစိုးရသံရုံး အနီး မြန်မာပြည်မှ တိုင်းရင်းများက စုပေါင်း ဆန္ဒပြတောင်းဆိုနေပုံ။
မလေးရှားနိုင်ငံတွင်ရောက်ရှိနေသော မြန်မာပြည်မှတိုင်းရင်းသားများက ကွာလာလမ်ပူ မြန်မာအစိုးရသံရုံးအနီး တွင် အောက်တိုဘာ ၁၁၊ ယနေ့ မလေးရှားစံတော်ချိန် ၁၁ နာရီမှာ ဆန္ဒပြပွဲပြုလုပ်ခဲ့သည်။
မြန်မာအစိုးရ ဆန့်ကျင်ဆန္ဒပြပွဲကို အာဏာပိုင်များ (၅) မိနစ်သာ ပြုလုပ်ရန် ခွင့်ပြုထားသော်လည်း (၁၀) မိနစ် ထိ ပြုလုပ်ခဲ့ကြောင်း ဆန္ဒပြသူများပြောသည်။

ဆန္ဒပြသူများက မြန်မာပြည်တွင်း ထူးစစ်ကိုချက်ခြင်းရပ်ရန်၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း ချက်ခြင်းရပ်ရန်၊ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများကိုလွတ်ပေးရန်၊ ဧရာဝတီ မြစ်ဆုံရေကာတာ ပြုလုပ်ခြင်းကို အပြီးအပိုင်ရပ်ပေးရန် စသည့် အချက်(၄) ချက်ကို တောင်းဆိုခဲ့သည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦး ကချင်အမျိုးသား အင်ခွမ်လဆိုင်း ကပြောသည်။

ဦး လဆိုင်း ဆက်ပြီး “မြန်မာဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား ဖြင့်အော်ပြီး ပြန်ခါနီးမှာ ကချင်ဘာသာစကားဖြင့်လည်း အော်ပါတယ်။ အော်ဖို့အချိန်ပေးတာက ၅ မိနစ်ပ၊ဲ ဒါပေမဲ့ ၁၀ မိနစ်ရောက်သွားပါတယ်။” ဟု ဆက်ဆိုသည်။

ဆန္ဒပြသူများက ၎င်းတို့၏ တောင်းဆိုချက်များကို စာဖြင့်လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်၊ အာဆီယန် (Association of Southeast Asian Nations, ASEAN)ဥက္ကဌနှင့် မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန် တို့်ကို ပေးပို့ခဲ့ကြောင်း ဆန္ဒပြသူများ ပြောသည်။

“မစ္စတာ ဘန်ကီမွန် ကိုတောင်းဆိုတာက မြန်မာပြည်တွင် စစ်ရေးအမြန်ရပ်ပေးဖို့နှင့် UN မှ ကြီးကြပ်ပြီး မြန်မာအစိုးရနှင့် UNFC (ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ်) ကြား တွေ့ဆုံပြီုး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အမြန်လုပ်ပေးဖို့ တောင်းဆိုခြင်းဖြစ်သည်။” ဟု ဦးလဆိုင်းကပြောသည်။

ယခု ဆန္ဒပြပွဲအား မလေးရှားရောက် မြန်မာ တိုင်းရင်းသား ဒုက္ခသည်များ (Myanmar Ethnic Refugees) နှင့် မလေးရှားမှ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) (၄) ဖွဲ့တို့ ပူးပေါင်း ပြုလုပ်ခြင်းဖြစ်သည်။

ဆန္ဒပြပွဲသို့ မလေးရှားအခြေစိုက် ရှမ်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်နှင့် ရခိုင် အမျိုးသားများ ပါဝင်ဖွဲ့စည်းသော Coalition of Burma Ethnics, Malaysia (COBEM) မှ လူအင်အား စုစုပေါင်း ၅၀၀ ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment