နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတော့မယ်လို့ သတင်းတွေ ရန်ကုန်မှာ ပျံ့နှံ့နေပါတယ်။
ရန်ကုန်မှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ၁၁ နာရီလောက် အမိန့်ထုတ်ပြန်မယ်ဆိုပြီး သတင်းတွေထွက်နေတယ်လို့ ဒီမိုကရေစီကွန်ရက်က ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသား ကိုဖြိုးမင်းသိမ်းက ပြောပါတယ်။
သတင်း စာထဲမှာလည်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကနေပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် နိုင်ငံတော်သမ္မတကို ပေးစာတွေ ပေးတယ်ဆိုပြီး သတင်းတွေ အကြီးအကျယ်ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒီနေ့လူ ၈၀၀ လောက်လွှတ်မယ်ဆိုပြီး အင်းစိန်ထောင်ရှေ့မှာ တော်တော်များများ သွားရောက် စောင့်ကြည့်နေတယ်လို့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
“ကျနော်တို့ လည်း ဒီအခြေအနေကို အနီးကပ်လေ့လာနေတယ်။ နောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့ စာရင်းတွေ အားလုံးကို အစိုးရဘက်က သတ်မှတ်ထားသည်ဖြစ်စေ၊ မသတ်မှတ်ထားသည်ဖြစ်စေ ကျနော်တို့ဘက်က နိုင်ငံရေးအမှုနဲ့ ထောင်ကျသွားတဲ့သူတွေပေါ့ ဘယ်လိုပုဒ်မမျိုးပဲ အတပ်ခံရတယ်ပေါ့။ အဲ့ဒီစာရင်းတွေကို ဒီနေ့ထုတ်ပြန်ဖို့ ကြိုးစားနေပါတယ်။”
ထောင်အလိုက် နိုင်ငံရေးအကျဉ်းသားတွေရဲ့ စာရင်းတွေကို ကောက်ယူနေပြီး စာရင်းထဲ မပါသူတွေအနေနဲ့ လာရောက် ပြောကြားနိုင်တယ်လို့ ဆိုပါတယ်။
“ထောင်အလိုက် စာရင်းတွေကို မကြာခင်ထုတ်ပြန်မှာပါ။ တကယ်လို့မပါဝင်ခဲ့ဘူး ဆိုရင်လည်း အဲ့ဒီ့ထောင်နဲ့စာရင်းတွေကို ထောင်တွေမှာရှိတဲ့သူတွေရဲ့ မိသားစုတွေက စာရင်းကိုတိုက်ကြည့်ပြီး သူတို့မိသားစုတွေမပါဘူးဆိုရင် ကျနော်တို့ကို ပြောဖို့ အကြောင်းကြားထားပါတယ်။ အဲ့အတွက် ဆက်သွယ်ရမယ့် ဖုန်းနံပတ်တွေ ဆက်သွယ်ရမယ့် လူတွေလည်း ထုတ်ပြန်ထားတယ်။ အဖွဲ့ချုပ်ရုံးမှာလည်း ထုတ်ပြန်ဖို့ ကျနော်တို့ပြောထားပါတယ်။”
ယနေ့ အကျဉ်းသား ၆၃၅၉ ဦး ကိုလွှတ်ပေးမည်ဟု အမ်အာတီဗီဖိုး ရုပ်သံမှ နေ့ခင်း ၁ နာရီတွင် ကြေညာသွားခဲ့သည်။ နိုင်ငံရေး အကျဉ်းသားမည်မျှ ပါဝင်သည်ကိုမူ မသိရှိရသေးပါ။ယနေ့ နေ့ခင်း ၁ နာရီ ကြေညာချက်အရ “နိုင်ငံတော် အစိုးရသည် ပြစ်ဒဏ်ကျခံနေရသော အသက်အရွယ် ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများနှင့် ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသည့် အကျဉ်းသားအားလုံးအနက်မှ ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသည့် အကျဉ်းသား ၆၃၅၉ ဦးအား အောက်တိုဘာလ ၁၂ ရက် နေ့မှ ပြစ်ဒဏ်မှ အသီးသီး လွတ်ငြိမ်းခွင့်ပြုလိုက်သည်” ။ အဓိပ္ပါယ်မှာ မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့မှ စလွှတ်ပေးမည့် သဘောဖြစ်သည်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !