ဘန် ကောက်တမြို့လုံး ရပ်ကွက်ဇုန်ကြီး ၅၀ ကို ရေလွှမ်းသွားပါက  ရေဘေးဒုက္ခသည်တွေ ယာယီခိုလှုံဖို့ တခြားခရိုင် ၉ ခုမှာ  ဒုက္ခသည်စခန်းတွေ ပြင်ဆင်ထားတယ်လို့ ထိုင်းအစိုးရ မနေ့က  သတင်းထုတ်ပြန်ထားပါတယ်။ 
 
ကန်ကျနဘူရီ၊  ဖက်ခ်ျဘူရီ၊ ချာချင်စောင်၊ စမွတ်ပရာကန်၊ စမွတ်စာခွန်၊ စရာဘူရီ၊  နခေါင်နာယွတ်နဲ့ နခေါင်စီထမရာ့စတဲ့ ခရိုင်တွေက ကျောင်း၊  စစ်တပ်ဝင်းနဲ့ ကျယ်ဝန်းတဲ့ အစိုးရပိုင် အဆောက်အဦတွေမှာ  ပြင်ဆင်ထားတာပါ။
 ခုလို ကြေညာတာဟာ ဘန်ကောက်တမြို့လုံးကို မုချရေလွှမ်းလိမ့်မယ်လို့  မဆိုလိုပေမယ့် တကယ်လို့ ရေလွှမ်းမိုးသွားခဲ့ရင် အစိုးရက  ကယ်ဆယ်ရေး အစီအစဉ် အသင့်ရှိနေကြောင်းကို လူအများသိရှိစေဖို့  ဖြစ်တယ်လို့ ထိုင်းအစိုးရ ရေလွှမ်းမိုးမှု ပြန်ကြားရေးစင်တာက  ပြောပါတယ်။
ခုလက်ရှိ  ဘန်ကောက်မြို့အတွင်းက ရေဘေးစခန်းတွေမှာ လူတွေ ပြည့်ကျပ်နေပြီး  တချို့စခန်းတွေလည်း ရေမြုပ်လို့ ထပ်မံရွှေ့ပြောင်းနေကြရပါပြီ။  ဒွန်မောင်းလေဆိပ် ရေဘေးစခန်းက ဒုက္ခသည်တွေကိုတော့  ခွန်ဘူရီခရိုင်ကို ရွှေ့သွားပြီ ဖြစ်ပါတယ်။
အောက်တိုဘာလ  ၂၅ ရက်နေ့ညက ရေလွှမ်းမိုးမှုကနေ ကာကွယ်ပေးဖို့ ဝန်ကြီးချုပ်  ယင်လတ်ညွှန်ကြားခဲ့တဲ့ ဘုရင်ကြီး ဆေးဝါးကုသမှု ခံယူနေကျ စီရီရာ့  ဆေးရုံက လူနာတွေကို ပြောင်းရွှေ့သွားရပြီ ဖြစ်ပါတယ်။
ရေလွှမ်းမိုး မှု ပြန်ကြားရေးစင်တာရဲ့ ၂၈ ရက်မနက်ပိုင်း ကြေညာချက်အရ ဒေါင်းမွန်၊  ရန်းစစ်၊ လတ်စီ၊ စဖန်းမိုင် အပြင် ဘန်ကောက်မြို့ရဲ့ အချက်အခြာ  လမ်းမကြီးတသွယ်ဖြစ်တဲ့ ဖဟိုယိုထင် လမ်းမကြီးလည်း လုံးဝသွားလာလို့  မရတော့ဘူးလို့သိရပါတယ်။
ရေကြီးနေတဲ့  ရန်းစစ် ရပ်ကွက်ကနေ ပြောင်းရွှေ့လာတဲ့ မြန်မာ အမျိုးသမီးတဦးက  “ရေကြီးနေတုန်းပဲ။ ကျမ မြို့ထဲမှာပဲ ပြောင်းနေတာ။ သွားရ လာရ  အဆင်မပြေဘူး” လို့ ပြောပါတယ်။
စားနပ်ရိက္ခာ  လိုက်ရှာဝယ်ခြမ်းနေတဲ့ ဘန်ကောက်မြို့နေ ကိုဇော်မင်းက ရေမြင့်ပြ  ဒီဂျစ်တယ် ဇယားကို ရပ်ကြည့်ရင်း ရေတက်နေပုံကို ပြောပါတယ်။
“အခုလက်ရှိက  မော်ချစ်ကနေ တောက်လျှောက် မြို့ကိုကျော်ပြီး တက်လာတယ်။ ဘန်ကောက်က  အခု အကုန်လုံးဘေးက ပတ်လာတယ်လေ။ အလယ်မှာ တကွက်ပဲကျန်တယ်။ အဲဒီတကွက်ကလည်း  တရက်နှစ်ရက်အတွင်း သွားပြီ ထင်တယ်။” 
No comments:
Post a Comment