လာမယ့် ၂၀၁၂ ခု ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်သော အနုပညာရုပ်ရှင်ပွဲတော်လို့ အမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင်ပြိုင်ပွဲတခု ကျင်းပဖို့ စီစဉ်နေကြပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒါရိုက်တာ မင်ထင်ကိုကိုကြီး၊ ရုပ်ရှင်သရုပ်ဆောင် ကျော်သူနဲ့ လူရွှင်တော် ဇာဂနာတို့က ဒီပွဲကို စီစဉ်နေတာပါ။
လူရွှင်တော်ဇာဂနာက “ကျနော်တို့လုပ်မယ့် ရုပ်ရှင်ပွဲတော်မှာ မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်လမ်း ရုပ်ရှင်ပေါ့နော်။ ဇာတ်လမ်းကလည်း အတိုပဲ ၁၅ မိနစ် နာရီဝက်ပေါ့နော်။ အဲဒီလိုပဲ မှတ်တမ်းကလည်း ၁၅ မိနစ် နာရီဝက်ပေါ့။ အဲဒါလေးတွေ ပွဲတော်လုပ်မှာ ဆုလည်းပေးမှာ အန်တီကိုယ်တိုင်း ချီးမြှင့်တဲ့ ဆုပေါ့။ လုပ်မယ့် ရက်ကတော့ ဇန်နဝါရီ ၁ ရက်နေ့ကနေပြီးတော့ ၄ ရက်နေ့အထိ လုပ်မှာ။ ၄ ရက်နေ့ညမှာ ဆုပေးမှာပေါ့။ နာမည်ကတော့ ဘယ်လိုပေးထားလဲဆိုတော့ The art of freedom film festival လို့ပေးထားတယ်။ လွတ်လပ်သော အနုပညာရုပ်ရှင်ပွဲတော် အဲဒီလိုမျိုး နာမည်ပေးရမှာပေါ့နော်။”
ဒီပြိုင်ပွဲမှာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ပညာရှင်အဆင့်ကော၊ ဝါသနာရှင်အဆင့် အနုပညာရှင်တွေကို ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမှာလို့လည်း လူရွှင်တော် ဇာဂနာက ပြောပါတယ်။
“အဓိကအချက်ကတော့ အနုပညာဆိုတာ လွတ်လပ်မှုရှိမှ ဖန်တီးလို့ရမယ် ဆိုတဲ့ဟာ နံပါတ်တစ်အချက်အနေနဲ့ ကျနော်တို့ ထားချင်တာပေါ့လေ။ နံပါတ် နှစ်အချက်အနေနဲ့ကတော့ ရုပ်ရှင်ဖန်တီးတဲ့လူတွေက သူ့ရဲ့အနုပညာနဲ့ပေါ့ ဒီဇာတ်ကားမှာ ပါဝင်ဖန်တီးမယ့်လူတွေက လွတ်လပ်မှုဆိုတာကို သူ့ ရုပ်ရှင်ဇာတ်ကားမှာ အဓိပ္ပာယ်တခုခုနဲ့ ဖွင့်ဆိုပေးရမယ်။ သူကြိုက်သလိုဖွင့်ပေါ့။ လွတ်လပ်မှုကို သူဘယ်လိုမြင်သလဲပေါ့။ သို့သော် ကျနော်တို့နိုင်ငံရဲ့ လွတ်လပ်ရေး သမိုင်းနဲ့ ပတ်သက်ပြီးတော့ ဒီထဲမှာ သမိုင်းကြောင်း အကြောင်းကို ပြချင်တယ် ဆိုရင်လည်း ဖော်ပြပါ။ သမိုင်းကြောင်းကို မဖော်ပြချင်ရင်လည်း ရပါတယ်။ တချို့ကလည်း လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့ လွတ်လပ်ရေးနေ့အကြောင်းတို့ ဘာတို့ ရိုက်ချင်ရင်လည်း ရတယ် ခွင့်ပြုတယ်။ အဓိကကတော့ ကျနော်တို့က လွတ်လပ်မှု ရှိဖို့ဆိုတဲ့ဟာကိုသာ အဓိက ဦးတည်တာ ဖြစ်တဲ့အတွက် သမိုင်းကြောင်း အကြောင်း မပါလည်းရတယ်ဆိုတာကို ကြိုပြောထားတာ။ တချို့က နားမလည်မှာ စိုးလို့ပါ။”
ဒီပွဲမှာ ပြိုင်ပွဲဝင်မယ့်ကားနဲ့ ပြိုင်ပွဲမဝင်မယ့်ကားဆိုပြီး ၂ မျိုးခွဲထားကာ ပြိုင်ပွဲဝင်ကားတွေထဲက ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ် ဆုချီးမြှင့်မှာဖြစ်ပြီး ပြိုင်ပွဲမဝင်မယ့် ကားတွေကိုတော့ ဂုဏ်ပြုမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲမဝင်မယ့်ကားတွေထဲ လူရွှင်တော် ဇာဂနာ ရိုက်ကူးမယ့် လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး သီရိသုဓမ္မ ဒေါ်ခင်ကြည်အကြောင်း မှတ်တမ်းရုပ်ရှင်လည်း ပါဝင်မှာပါ။
ရုပ်ရှင်ပွဲတော်ဖွင့်ပွဲကို ဒီဇင်ဘာ ၃၁ ရက်နေ့မှာ စတင်မှာဖြစ်ပြီး လူအများ ကြည့်ရှူနိုင်မယ့်နေရာကို စီစဉ်နေကြပါတယ်။ ဆုပေးပွဲကိုတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ကျင်းပဖို့ ယာယီသတ်မှတ်ထားပါတယ်။
No comments:
Post a Comment