မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် တို့ သောကြာနေ့ နေ့လည် ပိုင်း က ရန်ကုန် စိမ်းလဲ့ ကန်သာ ရိပ်သာ မှာ တွေ့ဆုံ ခဲ့ ပြီး သူတို့ ဆွေးနွေး နေကြတဲ့ အကြောင်းအရာ ခေါင်းစဉ် ၃ ခု ကို ဆွေးနွေးပွဲ အပြီး ထုတ်ဖော် ပြောကြား ခဲ့ ပါတယ်။
အဲဒီ ဆွေးနွေးမှု ခေါင်းစဉ် ၃ ခု ကတော့ နိုင်ငံတော် သမ္မတ အနေနဲ့ လွတ်ငြိမ်းချမ်းသာ ခွင့် ပေးရေး ကိစ္စ၊ ဧရာဝတီ မြစ်ကြောင်း ထိန်းသိမ်းဆောင်ရွက်ရေး ကိစ္စ၊ ဥပဒေ ပြင်ပ တွင် လက်နက် ကိုင်ဆောင် ဆန့်ကျင် နေသူများ ကို ဥပဒေ အတွင်း ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး ကိစ္စ တွေ ဖြစ်တဲ့ အကြောင်း ဝန်ကြီး ဦးအောင်ကြည် က သတင်းထောက် တွေ ကိုပြော ပါတယ်။
အခုလို ဆွေးနွေးပွဲ ကို ဆက်လက် လုပ်ဆောင်သွားမယ် လို့ ဝန်ကြီး က ပြောကြားခဲ့ပြီး နောက်ဆွေးနွေးပွဲ ကို ဘယ်တော့လုပ်မလဲ ဆိုတာ ကတော့ ပြောကြား သွားခြင်း မရှိ ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ကလည်း နိုင်ငံ အတွက် ပြည်သူ တွေ အတွက် အကျိုးရှိ မယ့် အတိုင်း အတာ အထိ ပါဝင် ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း သတင်းထောက်တွေ ကို ဖြေကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း နေအိမ် အကျယ်ချုပ် ကျခံ နေရာ ကနေ လွတ်မြောက်လာပြီး နောက်ပိုင်း ဝန်ကြီး ဦးအောင်ကြည် နဲ့ တွေ့ဆုံဆွေးနွေး မှု ဟာ ၃ ကြိမ် မြောက်ရှိလာပါပြီ။
ပြီးခဲ့တဲ့ အခေါက် သူတို့ တွေ့ဆုံ ပွဲ မှာ နိုင်ငံ တည်ငြိမ်ရေး နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ အကြား ပူးပေါင်း ဆောင်ရွက် ကြဖို့ သဘောတူ ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။
အဲဒီ ဆွေးနွေးပွဲ နောက်ပိုင်း သြဂုတ်လ အတွင်း မှာ လည်း ဒေါ်အောင်ဆန်း စုကြည် ဟာ မြန်မာ သမ္မတ ဦးသိန်းစိန် နဲ့ လည်း တွေ့ဆုံနိုင် ခဲ့ ပါတယ်။
ဒီဖြစ်ရပ် တွေ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံ မှာ အပြောင်းအလဲ တွေ ဖြစ်လာနိုင်တဲ့ လက္ခဏာ တွေ ကို တွေ့နေရတယ် လို့ ထုတ်ဖော် ပြောဆိုခဲ့ ပါတယ်။
No comments:
Post a Comment