နော်ဝေနိုင်ငံ အခြေစိုက် ‘ဒီဗွီဘီ’ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဌာနရဲ့ ပြည်တွင်းသတင်း လုပ်ငန်းမှာ ငွေကြေး အလွဲသုံးစားမှု ရှိကောင်းရှိနိုင်တယ် ဆိုပြီး ဒီဗွီဘီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
၂ဝ၁ဝ ခုနှစ်အတွင်း ဒီဗွီဘီ ပြည်တွင်း အသုံးစရိတ်တွေမှာ အမေရိကန်ဒေါ်လာ ၃ သိန်း၊ မြန်မာကျပ်ငွေနဲ့ ဆိုရင် သိန်း ၃ ထောင်ခန့် အလွဲသုံးစားမှု ရှိနိုင်တဲ့အချက်ကို အုပ်ချုပ်ရေးဘုတ်အဖွဲ့က သိရှိပြီး စတင်စစ်ဆေးနေပြီလို့ ဆိုပါတယ်။
ငွေကြေး အလွဲသုံးစားမှုမှာ ပါဝင်ပတ်သက်မှု မရှိပေမယ့် အမှုဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင် နဲ့ ဒုတိယ အမှုဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့ နှစ်ဦးစလုံးဟာ ဒီကိစ္စအပေါ် တာဝန်ခံတဲ့ အနေနဲ့ တာဝန်ကနေ နှုတ်ထွက်ပေးလိုက်ကြတယ်လို့ သိရပါတယ်။
ပြည်တွင်း သတင်းမီဒီယာလုပ်ငန်းဟာ ဒီဗွီဘီရဲ့ အဓိက လုပ်ငန်းဖြစ်ပြီး ဒီလို ငွေကြေး အလွဲသုံးစားမှုကြောင့် ပြည်တွင်းအလုပ်တွေအပေါ် အနည်းအကျဉ်း ထိခိုက်မှုတွေ ရှိတယ်လို့ အုပ်ချုပ်ရေးဘုတ်အဖွဲ့ အကြီးအကဲ Mr. Harald Bockman က ပြောပါတယ်။ ဒါပေမယ့် အများထင်သလောက်တော့ မဆိုးလှကြောင်း၊ ဒီဗီဘီက ထုတ်လွှင့်နေတဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေရဲ့ ၈ဝ ရာခိုင်နှုန်းလောက်ကို ပြည်တွင်းကပဲ တာဝန်ယူထားတာဖြစ်ကြောင်း အာအက်ဖ်အေကို ပြောပါတယ်။
ဒီကိစ္စဟာ ပြည်တွင်းမှာ တာဝန်ယူနေကြတဲ့ ဒီဗွီဘီ သတင်းထောက်တွေနဲ့ သက်ဆိုင်မှု မရှိဘူးလို့ သိရပြီး လက်ရှိ အခြေအနေမှာတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့က ဒီဗီဘီရုံးကို ယာယီ ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။

No comments:
Post a Comment