Friday, October 21, 2011

ငွေလဲနှုန်း၊ IMF နှင့် မြန်မာ့စီးပွားရေး အရှုပ်ထုပ်

မြန်မာ့ငွေကြေး လဲလှယ်နှုန်းထား ပြင်ဆင်ရေး အကူအညီပေးဖို့ ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်ကိုယ်စားလှယ်တွေမြန်မာပြည်ကိုလာပြီး ဆွေးနွေးနေကြပြီလို့ သိရပါတယ်။
ပုဂ္ဂလိက ဘဏ်တခုအတွင်း ကျပ်ငွေများ ရေတွက်နေစဉ် (ဓာတ်ပုံ - REUTERS)
ရှေ့ဆက် ဘယ်လိုပြုပြင်ပြောင်းလဲ ကြမယ်ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် အခုလို လမ်းပွင့်လာအောင် အကြံပေးခဲ့တဲ့ စီးပွားရေး ပညာရှင် ဦးမြင့်အပါအဝင် အကြံပေးအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အပါအဝင် မြန်မာပြည်စီးပွားရေး စနစ်ကို ပြောင်းလဲလိုတဲ့ အစိုးရအဖွဲ့ဝင်တွေကို အသိအမှတ်ပြု လေးစားရမှာလည်း ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်က တိုင်းပြည်စီးပွားရေးဟာ ဘက်ပေါင်းစုံ စိန်ခေါ်ချက်တွေအောက်မှာ ဝန်ပိနေတယ်လို့ ထုတ်ဖော်ပြောဆို လိုက်တဲ့အခါ လူအများစိတ်ထဲ ဖြတ်ခနဲ ဝင်လာတာကတော့ အတက်အကျကြမ်းနေတဲ့ မြန်မာ့ငွေလဲနှုန်းထား ကိစ္စပါပဲ။
ဒီနှစ်အစောပိုင်းကတည်းက မြန်မာကျပ်ငွေတန်ဖိုး တရကြမ်းခုန်တက်ခဲ့တာကြောင့် တိုင်းပြည်ပို့ကုန်ကဏ္ဍ ချည့်နဲ့လာခဲ့ ရတဲ့အပြင် စစ်အုပ်ချုပ်မှုအောက်မှာ ဆယ်စုနှစ်များစွာ အလဲလဲပြိုကွဲခဲ့တဲ့ မြန်မာ့စီးပွားရေးကို တဖန်ပြန် ထူထောင်မယ့် အားထုတ်ချက်တိုင်း ကိုလည်း ခြိမ်းခြောက်လာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၀ က အမေရိကန်တဒေါ်လာကို ကျပ်ငွေ တထောင်ကျော် ဈေးပေါက်ခဲ့ပေမယ့် ဒီနှစ်အတွင်း ၇၀၀ ရာကျော် အောက် ဗြုန်းဆို ရောက်သွားတဲ့အခါ သမ္မတက ရှားရှားပါးပါး မိန့်ခွန်းပြောပါတယ်။ တိုင်းပြည်သုံး ကျပ်ငွေ မြင့်တက် လာတာကြောင့် တိုင်းပြည်စီးပွားရေးကို အထိနာစေတယ်လို့ သမ္မတ ဦးသိန်းစိန်က စီးပွားရေး ပညာရှင်တွေ၊ စီးပွားရေး ခေါင်းဆောင်တွေနဲ့ လူမှုဖူလုံရေး အထောက်အကူပေး သမားတွေကို ဖိတ်ပြီး ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲဖို့ကို ပြောခဲ့တာပါ။
ဒါ့အပြင် ပို့ကုန်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကို ကူညီတဲ့အနေနဲ့ အစိုးရက ပို့ကုန် ၇ မျိုးအပေါ် အခွန်ကောက်ခံမှုကို လျှော့ချပေးခဲ့ပါတယ်။ ဆန်၊ ပဲမျိုးစုံ၊ နှမ်း၊ ရော်ဘာ၊ ပြောင်း၊ ရေထွက်ပစ္စည်းနဲ့ တောထွက်ပစ္စည်းတွေကို ၇ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့သလို အဲဒီပစ္စည်းတွေအပေါ် ကုန်သွယ်ခွန်ကောက်ခံတာကိုလည်း သြဂုတ်လ ၁၅ ရက်နေ့ကနေ ၂၀၁၂ ဖေဖော်ဝါရီအထိ ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကျပ်ငွေတန်ဖိုး အတက်အကျ ကြမ်းတာကြောင့် ပို့ကုန်ကဏ္ဍ မတည်မငြိမ်ဖြစ်နေရဆဲပါ။
ကျပ်ငွေတန်ဖိုး ရုတ်တရက်ခုန်တက်သွားရတဲ့ အကြောင်းများစွာ ရှိနိုင်ပါတယ်။ ကမ္ဘာတဝန်း စီးပွားရေး မတည်ငြိမ်တာကြောင့် ဒေါ်လာဈေး ကျဆင်းသွားတဲ့အပြင် ရေနံနဲ့ ဓာတ်ငွေ့ဈေးနှုန်းတွေ မြင့်တက်သွားတာ၊ ကျောက်စိမ်းနဲ့ တွင်းထွက် သယံဇာတတွေ ရောင်းကောင်းခဲ့တာ၊ စီးပွားရေးသမားတွေက အရပ်သားအစိုးရ မပြောင်းလဲခင် နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကလက် လွှဲတဲ့အခါမှာ မြေကွက်တွေနဲ့ နိုင်ငံပိုင်အဆောက်အအုံတွေကို အလုအယက်ဝယ်ခဲ့ တာတွေကြောင့် အစိုးရလက်ထဲ နိုင်ငံခြားအရန်ငွေတွေ တိုးပွားလာလို့ လို့ ယူဆနိုင်ပါတယ်။
အဲဒီအခါ ပို့ကုန်က ပြန်ဝင်လာတဲ့ ငွေတန်ဖိုးဟာ ထုတ်ကုန်စရိတ်ကို ပြန်ကာမိအောင် အလုံအလောက် မရနိုင်တော့လို့ စီးပွားရေးလုပ်ငန်းတွေ ပိတ်လိုက်ရနိုင်တဲ့ အရှုံးပေါ်မယ့် အဆင့်အထိ ငွေလဲနှုန်းက ရောက်သွားရင် တိုင်းပြည်ဆူပူမယ့် အန္တရာယ်ရှိမယ်လို့ ကျွမ်းကျင်သူတွေက စိုးရိမ်လာကြပါတယ်။
ပြည်တွင်းထုတ်ကုန်တွေ၊ ဈေးပေါပေါနဲ့ တင်သွင်းလာတဲ့ ကုန်တွေကို ဈေးကွက်ထဲမှာ မယှဉ်နိုင်တော့ရင် အမျိုးသား လုပ်ငန်းရှင်တွေ အလဲထိုးခံထိမယ့် အခြေအနေကိုလည်း ထောက်ပြပါတယ်။
ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျိုးဆက်တွေဟာ စိုးရိမ်စရာကောင်းတယ်လို့ ဆရာဦးမြင့်က သူ့စာတမ်း ထဲမှာ တင်ပြခဲ့ပါတယ်။ ဆရာ့အကြံပြုချက်ကို နေပြည်တော်က အလေးဂရု ပြုခဲ့တာက ကောင်းသော အစပျိုးချက်ပါ။ တရားဝင် ငွေလဲနှုန်း တဒေါ်လာ ၆ ကျပ်ကို ပြောင်းလဲဖို့ ပြင်ဆင်နေကြောင်းနဲ့ အမေရိကန်အစားထိုး FEC ကိုပါ ဖျက်သိမ်းမယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။
တိုင်းပြည်စီးပွားရေး ကမောက်ကမ ဖြစ်လောက်အောင် နှစ်ပေါင်းရှည်ကြာ လက်တွေ့လည်းမကျ၊ ပြည့်စုံမှုလည်းမရှိတဲ့ စီးပွားရေးစနစ်နဲ့ လမ်းခွဲရမှာ မဖြစ်မနေလုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားပါ။ ဒါပေမယ့် စနစ်တကျ မလုပ်ရင် ဂျွမ်းထိုးမှောက်ခုံ ဖြစ်မှာမို့ ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။
လက်ရှိအစိုးရ ယန္တယားမှာ တာဝန်ယူနေတဲ့ ဗျူရိုကရက်တွေဟာ ပြုပြင်ပြောင်းလဲရေးမှာ ခေတ်မီကျွမ်းကျင်သူတွေ မဟုတ်ကြ တာကြောင့် နိုင်ငံတကာငွေကြေး အဖွဲ့တွေဆီ ချဉ်းကပ်အကူအညီ တောင်းရတာ ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ နိုင်ငံပိုင် နိုင်ငံခြားအရန်ငွေ၊ နိုင်ငံအတွင်း လည်ပတ်နေတဲ့ ငွေကြေးပမာဏ၊ စီးပွားရေးမှာ နိုင်ငံတော်က ထည့်သွင်းထားတဲ့ ရင်းနှီးမြှုပ်နှံငွေ ပမာဏ၊ အမျိုးသား ကုန်ထုတ်လုပ်မှု တန်ဖိုး စတဲ့ နိုင်ငံတော်အဆင့် စီးပွားရေးနဲ့ ငွေကြေး ဆိုင်ရာ အချက်အလက်တွေကို နေပြည်တော် တာဝန်ရှိသူတွေက စာရင်းမှန် တင်ပြရမှာပါ။ အိမ်ထောင်စု အသုံးစရိတ်၊ နိုင်ငံတော်အသုံးစရိတ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြားကုန်သွယ်မှု ကိန်းဂဏန်းတွေ အပါအဝင် စီးပွားရေး ကဏ္ဍအလိုက် တိုးတက်မှုနှုန်း အချက်အလက်တွေကိုပါ ထည့်သွင်းတွက်ချက် ရပါလိမ့်မယ်။ ဒါဟာ ကနဦးအဆင့်သာ ရှိပါသေးတယ်။
ငွေထုတ်ချေးနိုင်တဲ့ အထိကိုတော့ မမျှော်မှန်းနိုင်သေးပါဘူး။ မြန်မာအစိုးရက နိုင်ငံပေါင်းစုံမှာရှိတဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေကို ပေးရမယ့် အကြွေးတွေ လျှော်ပစ်တယ် ဆိုရင်တောင် နိုင်ငံရေးအရ အမေရိကန်က IMF မှာ ဗီတို အာဏာကိုင်ပြီး ကန့်ကွက်နိုင်တဲ့ အခြေအနေကို ကျော်လွှားရဦးမှာ ဖြစ်ပါတယ်။ ဒါက ပြည်တွင်း နိုင်ငံရေး တိုးတက်မှု ဘယ်လောက်ရှိသလဲ ဆိုတာနဲ့ ပတ်သက်ပါတယ်။
ဒါပေမယ့် ငွေလုံးငွေရင်း ထုတ်မချေးလည်း ပြဿနာ မဟုတ်ဘူးလို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားအရန်ငွေ အမြောက်အမြားရှိတယ်၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာနဲ့ တခြားသယံဇာတ ရောင်းရငွေတွေက မနည်းဘူးလို့ ဆိုပါတယ်။ သတ်မှတ်ထားတဲ့ ငွေလဲနှုန်းကို ပယ်ဖျက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ငွေကြေး ဖောင်းပွမှုကို ကာကွယ်နိုင်ဖို့ အဲဒီငွေကို အသုံးပြုလို့ရတယ်လို့ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ သြစတေးလျ နိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်လ်က ဆိုပါတယ်။
ငွေလဲနှုန်းထားကို ဈေးကွက်ပြဌာန်းချက်အတိုင်း နှုန်းရှင် လုပ်လိုက်ရင် ဗျူရိုကရေစီလျော့ကျသွားမယ်၊ ဈေးကွက် လွတ်လပ်ခွင့် ပိုရသွားမယ်၊ ၆ ကျပ်နှုန်းနဲ့ ဗန်းပြပြီး ခြစားနေတာတွေကိုလည်း ကာကွယ်သွားနိုင်မယ်လို့ သူက ဆိုပါတယ်။
တကယ်လည်း ဈေးကွက်ပြဌာန်းချက် နှုန်းထားအတိုင်း စီးပွားရေးလုပ်ငန်းတွေက အလုပ်ဖြစ်နေကြတာ နှစ်ပေါင်းကြာနေပြီဖြစ်လို့ အဲဒီအတိုင်း တရားဝင်ပြောင်းလိုက်ရင် ထိခိုက်မှု သိပ်ရှိမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ဒါပေမယ့် တိုင်းပြည်စီးပွားရေး ပြဿနာကို ဖြေရှင်းရာမှာ ငွေလဲနှုန်းစနစ် တခုတည်း အပြောင်းအလဲလုပ်ဖို့ လိုပြီး ကျန်တဲ့ အခြေခံအပြောင်းအလဲတွေ လုပ်ဖို့ မလိုဘူးလို့ ယူဆရင် မှားလိမ့်မယ်၊ မြန်မာ့စီးပွားရေး ပြဿနာတွေထဲက အဆိုးရွားဆုံးတွေ ဖြစ်တဲ့ မြေယာပိုင်ဆိုင်ခွင့် ရရှိရေး၊ သင့်တင့်လျောက်ပတ်တဲ့ စီးပွားရေး မူဝါဒ ချမှတ်ကျင့်သုံးရေး၊ ချစားနေတဲ့ နိုင်ငံတော် ယန္တယား စတဲ့ အမြစ်တွယ်နေတဲ့ ပြဿနာတွေကိုလည်း တပြိုင်နက်တည်း ဖြေရှင်းရလိမ့်မယ်လို့ ရှောင်တာနယ်လ်က ဆိုပါသေးတယ်။
မြန်မာပြည်စီးပွားရေး စနစ်ဟာ ရန်ကုန် စီးပွားရေးတက္ကသိုလ် ပါမောက္ခဟောင်း ဒေါက်တာတင်စိုး ၂၀၀၈ ခုနှစ်က ရေးခဲ့တဲ့ စာတမ်းထဲမှာတော့ စစ်တပ်အာဏာ သိမ်းယူပြီးခဲ့တဲ့ ၁၉၆၀ အစောပိုင်းကာလ များက စလို့ ရှေ့နောက် မညီညွတ်တဲ့၊ မတည်ငြိမ်တဲ့၊ စိုက်လိုက်မတ်တပ် မဖြစ်တဲ့၊ လုပ်ချင်တဲ့ အခါမှ ထလုပ်တတ်တဲ့၊ တရားသေ ဆုပ်ကိုင်ထားတဲ့၊ လုပ်ငန်း နယ်ပယ်မှာ အမြင်ကျဉ်းမြောင်းတဲ့၊ ပွင့်လင်းမြင်သာမှု မရှိတဲ့၊ ခန့်မှန်းတွက်ချက်လို့ မရတဲ့၊ မသေချာ မရေရာတဲ့၊ အရည်အသွေးထက် အရေအတွက်ကိုပဲ ဦးစားပေးတဲ့၊ အစီအစဉ်မကျတဲ့၊ ထိရောက်မှုမရှိတဲ့ အကောင်အထည် ဖော်မှုတွေနဲ့ အကြံပေးမှုတွေကို အလွဲသုံးစား လုပ်တတ်တဲ့ စီးပွားရေးစနစ်သာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အချုပ်ဆိုချင်တာတော့ ပြုပြင်ပြောင်းလဲရေး လုပ်မယ်လို့ ဆုံးဖြတ်ထားပြီဆိုရင် ရာစုနှစ် တဝက်ကျော်လောက် အရိုးစွဲနေတဲ့ အကျင့်ဆိုးတွေကို အရင်ဆုံးပယ်ဖျက်ပစ်မှ ရမှာပါ။ ကျပ်ငွေလဲလှယ်နှုန်းထား ပြုပြင်ရေးအတွက် နိုင်ငံတကာ ပညာရှင်တွေ ဖိတ်ပြီး ဆွေးနွေးတိုင်ပင်တာဟာ အကောင်းဘက်ကို ဦးလှည့်လိုက်ရုံလေးပဲ ရှိပါသေးတယ်။ ဆက်လက် လုပ်ဆောင်စရာတွေ အများကြီး ကျန်နေပါသေးတယ်လို့ ဆိုချင်ပါတယ်။

No comments:

Post a Comment