Wednesday, October 12, 2011

အစိုးရတပ်နှင့် တိုက်ပွဲ KIA ၂ ဦးကျ

အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်က၂ ဦးကျဆုံး၍ ၁၀ ဦးခန့် ဒဏ်ရာရရှိသွားသည်။

KIA တပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် အခြေစိုက် လှုပ်ရှားနေကြသည် (ဓာတ်ပုံ - KIA)
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် အတွင်းရှိ အစိုးရတပ်၏ ဂျန်မိုင် တပ်စခန်းမှ ခြေလျင်တပ်ရင်း(ခလရ) အမှတ် ၃၂၁ တပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ပွဲဒေသသည် KIA တပ်မဟာ ၃ ၏ ထိန်းချုပ် နယ်မြေ ဖြစ်သည်။
“ကျနော်တို့ဘက်က ၂ ယောက်ကျပြီးတော့ ထိခိုက် ဒဏ်ရာရတာကတော့ သိပ်ပြီးတော့ စိုးရိမ်စရာမရှိပါဘူး၊ ၁၀ ယောက်လောက် ရှိ တယ်”ဟု ကချင်လွတ်လပ်ရေး အဖွဲ့(KIO) တွဲဖက် အတွင်းရေးမှူး ဦလနန်က ဧရာဝတီသို့ ပြောသည်။
အစိုးရတပ်ဖွဲ့ဝင်များ၏ အကျအဆုံး စာရင်းကိုမူ မသိသေးရသေးပေ။ သို့သော် အစိုးရတပ်များက ဂျန်မိုင်တပ် စခန်းမှ ဆုတ်ခွာပေး လိုက်သည့်အတွက် ထိုစခန်းကို KIAက ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
အစိုးရ၏ ဂျန်မိုင် တပ်စခန်း သည် နယ်စပ်ဒေသများ အထိ စိုးမိုးနိုင်သည့် မဟာဗျူဟာ အကျဆုံး စခန်းတခု ဖြစ်ကြောင်း၊ ယင်း တိုက်ပွဲတွင် အစိုးရဘက်က စစ်သည်အင်အား ၃၀ ခန့်ကို KIA တပ်ဖွဲ့ဝင်များက အင်အား ၅၀ခန့်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
“သူတို့ဘက်က စခန်းအထိုင်ကနေပြီးတော့ ခံစစ်အနေနဲ့ တိုက်တယ်ဆိုတော့ အဲဒီမှာ ကျနော်တို့ဘက်က နည်းနည်းအထိနာသွားတယ်”ဟု ဦးလနန်က ဆိုသည်။
ဤအတောအတွင်း KIO ထိန်းချုပ် ဒေသများတွင် တိုက်ပွဲငယ်များ နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ KIA တပ်များသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်များတွင် အခြေစိုက်လှုပ်ရှားလျက် ရှိသည်။
၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIA သည် ၁၉၉၄ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဘက် အပစ်အခတ် ရပ် စဲခဲ့သည်။
အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ်သည့် ဒေသများတွင် စစ်ရေး ပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော် လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲ များ ပြန်လည် ဖြစ်ပွားခဲ့သည်။

No comments:

Post a Comment