ပိုမိုပြင်းထန် လာသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ ကချင်ပြည်တွင် ဖြစ်ပွားနေသော ပြည်တွင်း စစ်မျက်နှာသို့ အားဖြည့်ရန် တက်လာသည့် အစီးရေ စုစုပေါင်း (၁၀) စီးပါဝင်သည့် မြန်မာအစိုးရ စစ်ယာဉ်တန်းအား နိုဝင်ဘာလ (၅)ရက်နေ့ နေ့လည် ၁၂း၀၀ နာရီအချိန်တွင် ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့အနီးတွင် ကေအိုင်အေမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ မြန်မာအစိုးရ စစ်ယာဉ်တန်းမှာ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကျောက်မဲအခြေစိုက် စကခ (၁) လက်အောက်ခံ ရမခ (၅၀၄)၊ ရမခ (၅၀၅) တပ်များ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲတွင် မြန်မာအစိုးရ စစ်ယာဉ်တန်းမှ မော်တော်ယာဉ်တစ်စီး ပေါက်ကွဲပျက်စီး သွားခဲ့သည်။ မြန်မာအစိုးရ စစ်သား (၁၅) ဦးကျဆုံးပြီး ဒဏ်ရာရရှိသည့် စစ်သား (၄) )ဦးမှာ နမ့်ခမ်းဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
ထို့အပြင် နိုဝင်ဘာလ (၅) ရက်နေ့ နံနက် (၉)နာရီအချိန်ခန့်တွင် မြစ်ကြီးနား-လိုင်ဇာ ကားလမ်းမကြီး ဘေးရှိ ရွှေညောင်ပင် ကျေးရွာနှင့် ဂါးရာယန် ကျေးရွာ ကြားတွင် မြန်မာအစိုးရ စစ်တပ်နှင့် ကေအိုင်အေ တပ်မဟာ (၅) လက်အောက်ခံ တပ်များ အပြင်းအထန် တိုက်ပွဲဖြစ်ပွား နေကြောင်း သိရသည်။
ယခုအချိန်တွင် မြန်မာအစိုးရ လွတ်တော်များမှ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေသည်ဟု ထုတ်ပြန်ထားသော်လည်း အခြားတစ်ဖက်တွင်မူ ကချင်ပြည်သို့ စစ်အင်အား အလုံးအရင်း ပို့ဆောင်ခြင်း၊ စစ်မျက်နှာတိုးချဲ့ခြင်းနှင့် စစ်ဘေးသင့်ဒေသ ရှိ ဒေသခံများအား ပေါ်တာဆွဲ၊ နှိပ်စက်၊ မုဒိမ်းကျင့် သတ်ဖြတ်မှုများအပြင် ရပ်ရွာများကို မီးရှို့ကာ လုယက်ဖျက်ဆီးမှုများကို လူသားဆန်စိတ်ကင်းမဲ့စွာဖြင့် ပိုမိုပြုလုပ်လာနေသည်။
ထို့အပြင် မကွေးမြို့ အခြေစိုက် တပ်မ (၈၈) လက်အောက်ခံ တပ်ရင်းများလည်း အင်အား အလုံးအရင်းဖြင့် ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ စစ်ကူရောက်ရှိလာကြောင်း မြစ်ကြီးနား အခြေစိုက် (KLN) သတင်းထောက်မှ သတင်းပေးပို့ထားသည်။ ဆက်လက်ပြီး ပဲခူးမြို့ အခြေစိုက် တပ်မ (၇၇)သည်လည်း ကချင်ပြည်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ် ရှေ့တန်း စစ်မျက်နှာအတွက် အသင့် ပြင်ဆင် ခိုင်းထားကြာင်း သိရသည်။
ကေအိုင်အို အနေဖြင့် ငြိမ်းချမ်းရေးအတွက်၊ နိုင်ငံရေး ပြသာနာများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စေ့စပ်ဆွေးနွေးရန် တံခါးဖွင့် ကြိုဆိုကြောင်း ထုတ်ပြန်ကြေငြာ ထားသော်လည်း မြန်မာအစိုးရမှာမူ ငြိမ်းချမ်းရေး လုပ်နေသယောင် ပြည်သူများအား လိမ်လည်ဝါဒဖြန့်ပြီး အခြားတစ်ဖက်တွင် စစ်အင်အား အလုံးအရင်း၊ လက်နက်ကြီးများ ဖြင့် ထိုးစစ်ဆင်နှိမ်နင်းနိုင်ရန် ကြိုးပမ်းနေကြောင်း ကေအိုင်အို သတင်းရပ်ကွက်မှ သိရသည်။

0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !