ဧည့် လမ်းညွှန်တွေ အလှည့်ကျလိုက်စေမယ့် စနစ်နဲ့သွားမယ်လို့ ဟိုတယ်-ခရီး ဝန်ကြီးဌာနက ခရီးသွားလုပ်ငန်းရှင်တွေကို အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။
အခုလ ၈ ရက် ရက်စွဲနဲ့ ဟိုတယ်ခရီးဌာနညွှန်ကြားရေးမှူးချုပ်က ခရီးသွားလုပ်ငန်းရှင်များအသင်းကို ပြင်ဆင်ထားကြဖို့ စာပို့ အကြောင်းကြားခဲ့တာ ဖြစ်ပြီး မိတ္တူကို မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်းကို ပေးပို့ခဲ့တယ်လို့ ဧည့်လမ်းညွှန်အသင်း ပြန်ကြားရေးက ကိုညီညီက ပြောပါတယ်။
ဘယ်နေ့ဘယ်ရက်မှာ အဲ့ဒီလို အလှည့်ကျစနစ် စတင်ကျင့်သုံးမယ်ဆိုတာ အကြောင်းကြားစာထဲ ဖော်ပြမထားဘူးလို့လည်း ဆိုပါတယ်။
ဧည့်လမ်းညွှန်တွေ အလှည့်ကျစနစ်နဲ့ လိုက်ရမယ်ဆိုတာ ခေတ်နဲ့ မဆီလျော်တဲ့အကြောင်း ကိုညီညီက ခုလို ရှင်းပြပါတယ်။
“တကယ်လက်တွေ့ ကျတော့ ကွန်မြူနစ်လိုလို၊ ဆိုရှယ်လစ်လိုလိုဖြစ်နေတယ်။ ဘာလို့လည်းဆိုတော့ ဧည့်လမ်းညွှန်တွေအကုန်လုံးကို နာမည်တွေစုထား၊ ပြီးတော့မှ ဆိုက်ကားဂိတ်မှာ အလှည့်ကျသလို ဆိုက်ကား နှစ်စီးလောက်လွှတ်လိုက်ပါဆိုရင် အဲဒီဂိတ်မှူးကနေ နှစ်စီးထွက်ကြဆိုတဲ့ ပုံစံမျိုး လုပ်တဲ့အခါကျတော့ လမ်းညွှန်တွေက တယောက်နဲ့တယောက် အတွေ့အကြုံသက်တမ်းက မတူဘူး။ တချို့က မနေ့တနေ့ကမှ လမ်းညွှန်လုပ်တဲ့သူရှိမယ်။ တချို့က အတွေ့အကြုံ အနှစ် ၂၀ ကျော်တဲ့ဆရာကြီးတွေ၊ ၃၀ ကျော်တဲ့ ဆရာကြီးတွေရှိမယ်။ သူတို့ကို တန်းတူထားပြီးတော့ နံပါတ်တစ်က ဘယ်သူ၊ နှစ်ကဘယ်သူ အဲလို စီနီယာနဲ့လွှတ်ရတဲ့အခါကျတော့ သိပ်အဆင်မပြေဘူး။
“နောက်ပြီး တော့ ဧည့်သည်ကစပိန်လူမျိုးရှိမယ်၊ ရုရှားလူမျိုးရှိမယ်။ အလှည့်ကျတဲ့သူက စပိန်လိုမတတ်၊ ရုရှားလိုမတတ် ဆိုတဲ့ဟာမျိုးကျတော့ လမ်းညွှန်သမားတွေက တယောက်နဲ့တယောက် ဘာသာစကား မတူဘူး။ အတွေ့အကြုံမတူဘူး။ အဲဒါကို တတန်းတစားတည်း အလှည့်ကျထွက်ပြီးတော့ လိုက်ရမယ်ဆိုပြီးတော့ တဖွဲ့ကနေ လုပ်ပြီးလွှတ်တာမျိုးကျတော့ လက်တွေ့မှာတော့ သိပ်ပြီးတော့ မဆီလျော်ဘူးဗျ။”
ဘယ်ခေတ် ဘယ်ကာလကမှ အခုလို အလှည့်ကျစနစ် မကျင့်သုံးဖူးဘူးလို့လည်း ပြောပါတယ်။
အရင်ကဧည့်လမ်းညွှန်တွေဟာ ခရီးသွားလုပ်ငန်းတွေမှာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ချိတ်ဆက်ထားပြီး လုပ်ကိုင်နေကြတာပါ။
အလုပ်လုပ်ကိုင် နေကြမို့ တဦးနဲ့တဦး ယုံကြည်မှုရှိပြီး လုပ်ရတာလည်း အဆင်ပြေကြကြောင်း၊ အခုအစီအစဉ်ဟာ အဆင်မပြေနိုင်တဲ့အကြောင်း စာတင်ထားတယ်လို့လည်း ကိုညီညီက ပြောပါတယ်။
“တရား ဝင်စာနဲ့ ကျနော်တို့ဘက်က အကြောင်းကြားထားပါတယ်။ ခရီးသွားဧည့်သည် အဝင်နည်းတဲ့အခါကျတော့ အဲဒီလိုအကောင်အထည်ဖော်ဖို့က တော်တော်ကိုအဆင်မပြေဘူး။ နောက် ဒီမိုကရေစီခေတ်ဖြစ်တဲ့အတွက် ကြိုက်ရောင်းကြိုက်ဝယ်ပေါ့။ အဲဒီတယောက်ကို ကြိုက်တယ်ဆိုရင် လွတ်လွတ်လပ်လပ် ငှားရမ်းခွင့်ရဖို့ပေါ့။ အဲလိုမျိုး ကျနော်တို့ စာတင်ထားတယ်။”
မြန်မာနိုင်ငံမှာ လိုင်စင်ရဧည့်လမ်းညွှန်ပေါင်း ၃၀၀၀ ကျော်ရှိတဲ့အထဲက ၆၀၀ ကျော်လောက်ပဲ ဧည့်လမ်းညွှန်အလုပ်ကို အမှန်တကယ် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
No comments:
Post a Comment