ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း မိုင်ဂျာယန်ဒေသနဲ့အနီးတဝိုက်မှာ နိုဝင်ဘာ ၂၀ ရက်နေ့က အဝါရောင် မိုးရွာသွန်းမှုဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ကျန်းမာရေးအတွက် စိုးရိမ်နေကြပါတယ်။
အဝါ ရောင်မိုးဟာ ကချင်လွတ်လပ်ရေးတပ်မတော် တမ်မဟာ ၃ ဌာနချုပ်ဖြစ်တဲ့ မိုင်ဂျာယန် ဒေသတဝိုက် ရွာသွန်းတာဖြစ်ပြီး အဲဒီဒေသမှာ နေထိုင်သူတွေက ကျန်းမာရေးအတွက် စိုးရိမ်နေကြတာပါ။
နိုဝင်ဘာ ၂၀ ရက်က စရွာတဲ့ အဝါရောင်မိုးရေဟာ သစ်ပင်ရွက် ပေါ်မှာကျတဲ့အခါ ခြောက်သွေ့သွားတဲ့ပုံစံဖြစ်နေတယ်လို့ မိုင်ဂျာယန် ရွာသားတဦးက ပြောပါတယ်။
“အဝါ ရောင်မိုးက သူက ကျလာတာ ဟင်းသီးဟင်းရွက်တွေအပေါ်မှာ အဝါရောင်တွေ ကျန်ခဲ့တယ်။ ဥပမာ မုန်ညင်းရွက် ဆိုလို့ရှိရင် အဲဒီ ရေစက်ကျတဲ့ နေရာမှာ အဝါရောင် နည်းနည်း အဝါဖြစ်သွားတယ်။ အပင်က သေသွားသလောက်အထိတော့ မဟုတ်ဘူး။ ဒါပေမယ့် သူကျတဲ့ ဘေးပတ်ဝန်းကျင်မှာ အဝါရောင်အကွက်တွေ ဖြစ်သွားတာ။ မစားရဲသလို ဖြစ်နေတာပေါ့နော်။ အစ်မတို့ကိုယ်တိုင်က အစပေါ့။ အခုက ရေတွင်းရေပဲ သုံးနေကြတာ။”
အဝါ ရောင်မိုးဟာ မိုင်ဂျာယန်ဒေသမှာ သာမက အနီးအနားက ရွာတွေမှာလည်း သွန်းခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် အခုချိန်ထိတော့ အဲဒီဒေသတဝိုက်က ရွာသူရွာသားတွေ ကျန်းမာရေးနဲ့ပတ်သက်ပြီး ထူးခြားခြားထိခိုက်တဲ့ သတင်းတွေတော့ မရရှိသေးပါဘူး။
သာမာန်မဟုတ်တဲ့ မိုးရွာသွန်းမှုတွေကြောင့် ကေအိုင်အိုကတော့ ဒေသခံ ပြည်သူတွေကို အသီးအရွက်တွေ မစားကြဖို့နဲ့ ချောင်းရေတွေ မသောက်ဖို့ သတိပေးထားပါတယ်။
ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းက “သတိထားဖို့ကတော့ ကိုယ့်ရဲ့တောင်ကုန်းမှာ စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်ကို မစားကြဖို့ပေါ့နော်၊ အဲဒါ အဓိကပါ။ နောက်တခုကတော့ ဒီရွာတွေမှာ သုံးတဲ့ရေတွေက ချောင်းရေတွေက ပိုက်နဲ့ သွယ်တန်းပြီးတော့ ယူတဲ့ဟာတွေ ရှိတယ်။ ရေယူတဲ့ မြစ်ရဲ့ ချောင်းဖျားဘက်မှာလည်း အဲဒီလိုဟာမျိုး အဖတ်တွေ သွားပြီးတော့ စစ်ဆေးတဲ့အခါ တွေ့ရတဲ့အတွက်ကြောင့် အဲဒီက ရေကို မသုံးကြဖို့တော့ လောလောဆယ်တော့ အဲဒီလောက်အထိပဲ သတိပေးထားတယ်။ ဘယ်လို ကာကွယ်ရမယ် ဆိုတဲ့အပိုင်းက ကျနော်တို့ဘက်မှာ အဲဒီလောက်အထိတော့ လက်လှမ်းမမီသေးဘူးခင်ဗျ။”
လက်ရှိအစိုး ရနဲ့ ကချင်တပ်တွေအကြား ဖြစ်နေတဲ့ တိုက်ပွဲအတွင်း အစိုးရတပ်တွေဘက် ဓာတုလက်နက် သုံးတယ်လို့ ကေအိုင်အိုက စွပ်စွဲထားပြီး အဝါရောင်မိုးဟာ ဓါတုလက်နက်နဲ့ ပတ်သက်ဆက်နွယ်မှာကို စိုးရိမ်တာကြောင့် ဒေသခံတွေကို သတိပေးတာဖြစ်တယ်လို့ ကေအိုင်အိုက ပြောပါတယ်။
ဒီသတိ ပေးချက်တွေကြောင့် ဒေသခံတွေအနေနဲ့က သောက်သုံးရေအတွက် တွင်းရေနဲ့ အခြောက်အခြမ်းတွေဖြစ်တဲ့ ပဲတွေ၊ ငါးခြောက်တွေကိုသား စားသုံးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြနယ်ထဲမှာ ပြီးခဲ့တဲ့ရက်တွေက မိုးမရွာသွန်းကြောင်း၊ မိုး လေဝသ တိုင်းထွာရေးစခန်းတွေ မရှိတဲ့နေရာမှာ ရွာတာဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ အဝါရောင်မိုးနဲ့ပတ်သက်ပြီး မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားရေးမှူး ဦးချစ်ကျော်ကိုက ပြောပါတယ်။
အဝါရောင်မိုးရွာသွန်းမှုဟာ တခါတရံဖြစ်ပေါ်တတ်ပြီး သဘောဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တယ်လို့ အခုလို ရှင်းပြပါတယ်။
“မိုးကတော့ အမျိုးမျိုးရွာတတ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်ပါတယ်။ တခါတလေကျတော့လည်း မိုးထဲမှာ အမှိုက်တွေဘာတွေ ခဲလေးတွေကအစ ပါလာတတ်ပါတယ်။ အဲဒီလိုမျိုး ဖြစ်တာကတော့ အနောက်ဘက် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ အဲဒီနေရာတွေမှာ စီမံကိန်းလုပ်ငန်းတွေ လုပ်တဲ့အခါမှာ ဖုန်တွေက လေထဲပါတယ်။ အဲဒီ ကချင်က မြင့်တော့ လေအေးတွေက အပေါ်ကနေ အောက်ကို ဆင်းလာတဲ့အခါကျတော့ သူက လေးအေးနဲ့ အတူ အောက်ကို အမှန်တော့ မိုးတော့မဟုတ်ဘူးပေါ့ဗျာ နှင်းပေါ့။ နှင်းလိုဟာမျိုး ကျတဲ့အခါကျတော့ အဲဒီမှာ ဖုန်မှုန့်တွေ ပါတာပေါ့။ ပါတဲ့အခါကျတော့ ခြောက်သွားလို့ရှိရင် ဖုန်မှုန့်လေးတွေပေါ့ နှုန်းလေးတွေဟာမျိုးတွေ အဲဒါလေးတွေ ဖြစ်ကျန်တာ ဖြစ်မှာပါ။ မိုးရွာတာကတော့ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှုနဲ့ ဆိုင်ပါတယ်။”
post by DVB
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !