ထိပ်ဆုံး သတင်း :

ဒီနေ့ တနင်္ဂနွေနေ့ပါ, မေလ 11, 2025

Home » » တိုင်းရင်းသားအဖွဲ့များနှင့် အစိုးရ ဆွေးနွေးပွဲများ ပြုလုပ်

တိုင်းရင်းသားအဖွဲ့များနှင့် အစိုးရ ဆွေးနွေးပွဲများ ပြုလုပ်

11/21/2011 11:56:00 PMတွင်ရေးသည်

ချင်းမိုင်(မဇ္စျိမ) ။       ။ နှစ်ဘက်အပစ်ခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရ ကိုယ်စားလှယ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးခုတို့ နိုဝင်ဘာ ၁၉  ရက်နေ့က သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြသည်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S ) ခေါ် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၊ ကရင်အမျိုးသား အစည်းအရုံးနှင့် ချင်းအမျိုးသား တပ်ဦးတို့သည် ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် ရထားပို့ဆောင်ရေး ဝန်ကြီးအောင်မင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ဝန်ကြီးဦးအောင်မင်းက အပစ်ခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ မိမိနယ်မြေမှ ကျော်လွန်၍ လက်နက် ကိုင်ဆောင် သွားလာခြင်း မပြုလုပ်ရေး၊ ဗဟိုအစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးရေး အတွက်တို့ကို တိုင်းရင်းသားအဖွဲ့များအား ရှင်းလင်း ပြောကြားခဲ့သည်။
knumetgoverment
ကရင်အမျိုးသား အစည်းအရုံး (KNU) ဘက်မှ ကိုယ်စားလှယ်များ (ဝဲဘက်) နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်နှင့် ကြားဝင် စေ့စပ်သူများ (ယာဘက်) တို့ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် နိုဝင်ဘာ ၁၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်။ KNU ဘက်မှ ဗဟိုကော်မတီဝင် ဒေးဗစ်ထော၊ ပဒို အားတိုးနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မူတူးတို့ တက်ရောက်ခဲ့ပြီး အစိုးရဘက်မှ ရထားပို့ဆောင်ရေး ဝန်ကြီးတက်ရောက်ခဲ့သည်။ Euro Burma Office မှ ဦးဟန်ယောင်ဝေ နှင့် Myanmar Egress မှ ဦးတင်မောင်သန်း၊ ဒေါက်တာကျော်ရင်လှိုင်တို့လည်း တက်ရောက်ခဲ့သည်။
“ကျနော်တို့ရဲ့ လိုလားချက် ကျနော်တို့ သဘောထားနဲ့ တူညီရင် လက်မှတ်ထိုးဖို့ ရှိပါတယ်။ ဒါပေမယ့် အသေးစိတ်
ဆွေးနွေးဖို့ ရှိပါသေးတယ်" ဟု SSA-S ပြောရေးဆိုခွင့်ရှိသူ  စိုင်းလောဝ်ဆိုင်းက မဇ္စျိမကို ပြောသည်။

ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် ကြားဝင် ဆောင်ရွက်ပေးသူများတွင် Euro Burma Office မှ ဦးဟန်ညောင်ဝေနှင့် ရန်ကုန်အခြေစိုက် Myanmar Egress အဖွဲ့မှ ဦးနေဝင်းမောင်၊ ဦးတင်မောင်သန်း၊ ဒေါက်တာ
ကျော်ရင်လှိုင်နှင့် ဦးဆန်နီ တို့လည်း ပါဝင်သည်။

ငြိမ်းချမ်းရေးအတွက် အဆင့်သုံးဆင့် သတ်မှတ်ထားပြီး ရှေးဦးစွာ အပစ်ခတ်ရပ်ရေး၊ သက်ဆိုင်ရာ ပြည်နယ် မြို့တော်များတွင် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရေး၊ သက်ဆိုင်ရာ ဒေသလိုက် ဖွံ့ဖြိုးရေး လုပ်ငန်းများကို အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းများ ရေးဆွဲရန်နှင့် နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ပြီး တိုင်းရင်းသား အားလုံး၏ သဘောတူညီချက်များ ရရှိပါက လွှတ်တော် ကိုယ်စားလှယ်များရှေ့တွင် သဘောတူညီချက် လက်မှတ်
ရေးထိုးကာ ပင်လုံညီလာခံကဲ့သို့ လုပ်ဆောင်ရေးတို့ ပါဝင်သည်ဟု နှစ်ဘက် သတင်းရပ်ကွက်များက ပြောသည်။

ရှမ်းအဖွဲ့မှ စိုင်းလောဝ်ဆိုင်းကလည်း “ပင်လုံ ညီလာခံကြီးလိုမျိုး နောက်ထပ် အမျိုးသား ညီလာခံ ကျင်းပပေးမယ် ဆိုတဲ့ အကြောင်း ပြောကြားသွားပါတယ်။”ဟု မဇ္စျိမကို ပြောသည်။

SSA အဖွဲ့က အပစ်အခတ် ရပ်ရေး၊ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနှင့် အဖြေရှာရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ အစိုးရ
နှင့် ပူးပေါင်း ဆောင်ရွက်သွားရေးနှင့် မူးယစ်ဆေးဝါး ပြဿနာများကို ပူးပေါင်းတိုက်ဖျက်သွားရေး စသည့် အချက် များ တင်ပြထားသည်ဟု ဆိုသည်။

သဘောတူညီချက်များတွင် ရှမ်းပြည်နယ် အရှေ့တောင်ပိုင်း တောင်ကြီး၊ မိုင်းတုံနှင့် ခိုလမ် စသည့် မြို့နယ်သုံးခု တွင် SSA-S ဆက်ဆံရေးရုံး ဖွင့်ရန်လည်း သဘောတူထားသည်။ သတင်းရပ်ကွက်တခုက ရှမ်းတောင်ပိုင်း
နောက်ထပ် အစည်းအဝေးကို တောင်ကြီးတွင် ပြုလုပ်ရန် သဘောတူညီချက် ရထားသည်ဟု သိရသည်။

အလားတူပင် KNU မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ တရားရေးဌာနမှူး ပဒိုဒေးဗစ်ထောနှင့် သစ်တောဌာန တာဝန်ခံ ပဒိုစောအားတိုးတို့က ဝန်ကြီး ဦးအောင်မင်းတို့နှင့် စနေနေ့တွင် ဒုတိယတကြိမ် တွေ့ဆုံခဲ့သည်။

“အပစ်အခတ် ရပ်ရေးကိစ္စ၊ အပစ်အခတ် ရပ်ရေးကိစ္စ ဆွေးနွေးပြီးလို့ ရှိရင် နှစ်ဘက် ဆက်ဆံရေး ကိုယ်စားလှယ်ရုံး ထားရှိဖို့၊ အပစ်အခတ် ရပ်စဲပြီးသွားရင် လက်နက်မပါဘဲ နှစ်ဘက်လုံးကနေ လက်နက်မပါဘဲ  လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုရေးကိစ္စ၊ နိုင်ငံရေးနဲ့ ပတ်သက်နဲ့ ကိစ္စတွေ ဆွေးနွေးမယ်ဆိုရင် တိုင်းရင်းသား လူမျိုးစု အားလုံး စုစုစည်းစည်း ပါဝင်တဲ့အဖွဲ့နဲ့ ပြည်ထောင်စု အစိုးရရယ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့ရယ် ပါဝင် ဆွေးနွေးပွဲ လုပ်ဖို့ ပါဝင်တယ်။”ဟု  ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့မှ ကိုယ်စားလှယ် တဦးဖြစ်သူ ပဒိုအာတိုးက ပြောသည်။
knumetgoverment2
ကရင်အမျိုးသား အစည်းအရုံး (KNU) ဘက်မှ ကိုယ်စားလှယ်များ (ဝဲဘက်) နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်နှင့် ကြားဝင် စေ့စပ်သူများ (ယာဘက်) တို့ ထိုင်း-မြန်မာနယ်စပ် တနေရာတွင်ညဆွေးနွေးနေစဥ

“တိုင်းရင်းသား တစုနဲ့တစုက အခြေအနေချင်း မတူဘူး။ နယ်မြေဒေသချင်း တည်ဆောက်ပုံ မတူဘူး။ ကျနော်တို့
ကေအန်ယူ စစ်ရေးကိစ္စမှာ ဖြစ်တဲ့ အပစ်အခတ် ရပ်ရေးမှာ ကျနော်တို့ အချိန်ယူပြီးတော့ ဆွေးနွေးဖို့ လိုမယ်လို့
မြင်တယ်။ ဒီဆွေးနွေးမှုကို သိပ်ပွင့်လင်းတာပေါ့”ဟု ပဒိုအားတိုးက ပြောသော်လည်း ယုံကြည်မှု တည်ဆောက်မှုနှင့် ပတ်သက်၍  “အစိုးရအပေါ် ဘာဘဲဖြစ်ဖြစ် အကောင်အထည်ပေါ်လာမှပဲ၊ ယုံကြည်နိုင်လောက်တဲ့ အခြေအနေကျ မှ (ယုံကြည်ရပြီဆိုတာ) ပြောရမှာပေါ့နော်။” ဟု ဆိုသည်။

တနေ့တည်းမှာပင် CNF ဥက္ကဋ္ဌ ဦးဇိန်ရွှန် (U Zing Cung) နှင့် တွဲဘက် အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးတို့ ဝန်ကြီး ဦးအောင်မင်းနှင့် အဖွဲ့တို့ ပြီးခဲ့သည့် နှစ် နာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးအပြီး ပမာဏ အပစ်အခတ် ရပ်ရေးကို မူအားဖြင့် သဘောတူထားသည်။

“သမ္မတက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး လုပ်ချင်လို့ ဖိတ်စာပေးခဲ့တယ်ပေါ့။ အဲဒါကို လူကိုယ်တိုင် လာပေးတာပါ။ ပြီးတော့ ကျနော်တို့ အရင်တုန်းက အပစ်အခတ် ရပ်စဲတာက နိုင်ငံရေး ပြဿနာကို ဘာမှမဆွေးနွေးခဲ့လို့ မအောင်မြင်ဘူးပေါ့၊ အဲဒါကြောင့် ဒီတခေါက်တော့ ကျနော်တို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ဖြစ်မယ်ဆိုတာလည်း သူက ပြောပြတယ်။”ဟု ဦးရွှေခါးက မဇ္စျိမကို ပြောသည်။

ဆက်လက် ဆွေးနွေးရန် လာမည့်နှစ် ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း ဟားခါးမြို့၌ ထပ်မံ ဆွေးနွေးသွားရန် သဘောတူထားပြီး ချင်းပြည်နယ်တွင် ဖွံ့ဖြိုးမှုနှင့် ပတ်သက်၍ စီးပွားရေးဇုံ ဖွင့်လစ်ရေး စဉ်းစားရန်  ဦးအောင်မင်းက အကြံပြုသည်ဟု ဆိုသည်။
knumetgoverment1
ကရင်အမျိုးသား အစည်းအရုံး (KNU) ဘက်မှ ကိုယ်စားလှယ်များ (ဝဲဘက်) နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်နှင့် ကြားဝင် စေ့စပ်သူများ (ယာဘက်) တို့ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ဆွေးနွေးပွဲအပြီး တွေ့ရစဉ်

KNPP မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီတူးနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထဲဘူးတို့ နှစ်ဦးနှင့် ဝန်ကြီး ဦးအောင်မင်းတို့အဖွဲ့ ပဏာမ တွေ့ဆုံခဲ့ကြပုံကို ပါတီ၏ အတွင်းရေးမှူး ခူဦးရယ်က ပြောလိုက်ပြီး “ကျနော်တို့ ထူးထူးထွေထွေ တင်ပြထားတာ မရှိဘူး။ ကျနော်တို့ တွေ့သင့်တယ်ဆိုတဲ့ သဘောထားပေါ်မှာပဲ သွားတွေ့ လိုက်တာပါ။”ဟု သူက မဇ္စျိမကို ပြောသည်။

ဆွေးနွေးမှုများမှာ အစပင်ရှိသော်လည်း အလားအလာကောင်းသည်ဟု ယုံကြည်ကြောင်း Myanmar Egress တည်ထောင်သူ တဦးဖြစ်သော ဒေါက်တာကျော်ရင်လှိုင်က ပြောသည်။

“အရင်အစိုးရတွေတုံးက အပစ်ခတ် ရပ်စဲရေးတွေ လုပ်တာမှာ ပြည်သူအတွက် မပါဘဲ အပေါ်ကပဲ လုပ်တာ၊
အောက်ခြေက မပါလာဘူး။ ပြည်သူတွေကို အကျိုးမပြုတဲ့ အတွက် အပစ်ခတ် ရပ်စဲရေးက မအောင်မြင်ခဲ့ဘူးလို့ ထင်တယ်။ အခုတခါတော့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အခြေခံပြီးတော့ အဖြေရတဲ့အထိ ကြိုးစားမယ်လို့
ဝန်ကြီး ဦးအောင်မင်းကကော၊ သမ္မတကြီး ဦးသိန်းစိန်ကောက ခိုင်မာမှု ရှိတယ်။” ဟု သူက ပြောသည်။

“ အန်တီ (ဒေါ်အောင်ဆန်းစုကြည်)နဲ့ သမ္မတတို့တွေ့တော့ အန်တီက သူ့ဘဝမှာ အလိုချင်ဆုံးအရာ တခုက နိုင်ငံရဲ့ ငြိမ်းချမ်းရေးလို့ ပြောတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သမ္မတကြီး လုပ်ဆောင်သွားရင်  သူအမြဲတမ်း ရပ်တည်ပြီး
ထောက်ခံမယ် ပြောတယ်။” ဟု သူက ထပ်ပြောသည်။

တဖွဲ့ချင်းစီနှင့် တွေ့ဆုံပြီး နောက်နေ့တွင် KIO အဖွဲ့ ကိုယ်စားလှယ်များ အပါအဝင် တိုင်းရင်းသားအဖွဲ့ ငါးဖွဲ့က ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့်  ဦးအောင်မင်းတို့နှင့် နံနက် ၁၀ နာရီ မှစ၍နှစ်နာရီခန့်ကြာ ထပ်မံတွေ့ဆုံခဲ့သေးသည်။

မည်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည့် အသေးစိတ်ကို ပြောဆိုခြင်း မရှိသော်လည်း အစိုးရ ကိုယ်စားလှယ်အဖြစ် ငြိမ်းချမ်းရေး ဆွေးနွေးရေး ဦးဆောင်နေသော ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့ အစား ပြည်ထောင်စုအဆင့် ဝန်ကြီးများနှင့် ပြောင်းလဲ ခန့်အပ်ပေးရန် ဦးအောင်မင်းသို့ စာတစောင် ပေးပို့ ထားသည်ဟု ဆိုသည်။ ဦးအောင်သောင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး (၁)ဖြစ်ပြီး ဦးသိန်းဇော်မှာ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌ ဖြစ်သည်။

တွေ့ဆုံမှုတွင် KIO မှ အတွင်းရေးမှူး ဒေါက်တာလဂျာနှင့် ဗဟိုကော်မတီအဖွဲ့ဝင် ဦးလဖိုင်လတို့ ပါဝင်သည်ဟု ဆိုသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်နေကြသော တိုင်းရင်းသား အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖော်ဆောင်နိုင်ရန် နေပြည်တော်က ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့တဖွဲ့နှင့် ဦးအောင်မင်း တဖွဲ့ခွဲကာ ကြိုးစားနေခဲ့သည်။

KIO နှင့် အစိုးရတို့ နောက်ဆုံး ဆွေးနွေးသည်မှာ သြဂုတ်လ နှစ်ရက်နေ့ကဖြစ်ပြီး သဘောတူညီချက် မရဘဲ တိုက်ပွဲ များ ဆက်လက် ဖြစ်ပွားနေခဲ့သည်။
@ by http://www.mizzimaburmese.com/news/inside-burma/8658-2011-11-21-14-25-56.html
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"