ရုပ်ရှင် လောကသားတွေနဲ့ ရင်းရင်းနှီးနှီးရှိဖို့ ရည်ရွယ်ပြီး မြန်မာ့ရုပ်ရှင်လောကသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာ ၃ ရက်နေ့ တွေ့ဆုံကြမှာဖြစ်ပါတယ်။
ရုပ်ရှင်၊ ဂီတနယ်ပယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်ဆံရေး ဝေးနေတာကြောင့် အခုလိုတွေ့ဖို့လုပ်တာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအောင်နိုင်ရေး သီချင်းဆိုဖို့၊ ရုပ်ရှင်ရိုက်ဖို့ စတဲ့ကိစ္စတွေ ဆွေးနွေးဖို့မဟုတ်ဘူးလို့ သရုပ်ဆောင် ဒါရိုက်တာ ကိုဇာဂနာက ပြောပါတယ်။
ဂီတအဖွဲ့နဲ့ မတွေ့ခင်ကတည်းက ရုပ်ရှင်အဖွဲ့နဲ့ အရင်တွေ့ဖို့ရှိတယ်လို့ ပြောပါတယ်။
“အမှန်ကတော့ ရုပ်ရှင်လောကက လူတွေနဲ့ အရင်တွေ့ဖို့ပါ။ ဒါပေမယ့် ရုပ်ရှင်လောကက လူတွေက များသောအားဖြင့် နေ့ခင်းနေ့လယ် မအားတာ များတယ်လေ။ ရုပ်ရှင်ရိုက်နေကြတာများတော့ အချိန်ညှိရတာ ကြာသွားလို့ ဂီတနဲ့အရင် တွေ့ဖြစ်သွားတာပါ။ ရုပ်ရှင်သမားတွေနဲ့ ရင်းရင်းနှီးနှီးဖြစ်ချင်တာက နံပါတ်တစ်။ နှစ်က ဂီတလောက၊ ရုပ်ရှင်လောကနဲ့ အန်တီက ဝေးကို ဝေးနေတာ။ နောက်တော့ ကျနော်လည်း ပြန်ရောက်လာပြီး ဖြစ်တဲ့အခါကျတော့ ရုပ်ရှင်လောကက လူတွေနဲ့ရော၊ ဂီတလောက၊ တတ်နိုင်ရင် ဇာတ်သဘင်လောကပေါ့လေ။ အဲဒီလူတွေရော အကုန်လုံး အနုပညာလောကက လူတွေနဲ့ အန်တီနဲ့ နီးနီးရှိစေချင်တယ်။ တခါ အဲဒီလူတွေကလည်း ကျနော့် သူငယ်ချင်းတွေ ဖြစ်နေတော့ တောင်းဆိုကြတယ်လေ။ သူတို့ကလည်း အန်တီနဲ့ တွေ့ပါရစေဆိုတော့ အလကားသပ်သပ်နဲ့ တယောက်တပေါက်ဆီ လျှောက်တွေ့နေမယ့်အစားတော့ စုစုစည်းစည်း ချစ်ချစ်ခင်ခင်လေး တွေ့လိုက်တာ ပိုပြီးသင့်တော်မယ်လို့ ယူဆပြီး စီစဉ်လိုက်တာပါ။”
တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံကြမှာဖြစ်ပြီး၊ ရုပ်ရှင်မင်းသား မင်းသမီး၊ ဒါရိုက်တာတွေ ဇာတ်ပို့ဇာတ်ရံ၊ ကင်မရာမင်း၊ ဇာတ်ညွှန်းရေးဆရာ၊ အသံဖမ်းသူများစတဲ့ ရုပ်ရှင်လောက အလွှာစုံက ပါဝင်တက်ရောက်နိုင်အောင် ဖိတ်ကြားထားတယ်လို့ဆိုပါတယ်။
ဒီလ ၂၅ ရက်နေ့ကလည်း ဂီတလောကသား ၅၀ ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့ကြပါသေးတယ်။ တွေ့ဆုံကြတုန်းက အန်အယ်လ်ဒီပါတီ အောင်နိုင်ရေး သီချင်းကိစ္စလုပ်ဖို့ ဆွေးနွေးခဲ့ကြတာမဟုတ်ဘူးလို့လည်း ကိုဇာဂနာက ပြောပါတယ်။
“အန်အယ်လ်ဒီ အောင်နိုင်ရေးအတွက်ဆိုတဲ့ အစီအစဉ် မဟုတ်ပါဘူးခင်ဗျ။ အမျိုးသားရေးနဲ့ပတ်သက်တဲ့ သီချင်းတွေ။ ဒီသီချင်းတွေက မပျောက်မပျက် ရှိသင့်ရှိထိုက်တယ်လို့ ယူဆတဲ့ သီချင်းတွေ လုပ်တာပါခင်ဗျ။ အဲဒါ နံပတ်တစ်ပေါ့နော်။ နောက်တခုက ထွန်းအိန္ဒြာဗိုလ်တို့ ဘာတို့ဆိုလို့ရှိရင်လည်းပဲ သူတို့ရဲ့ အစီအစဉ်တွေနဲ့ အဲဒါတွေကို Live Show ရိုက်မလို့ပါဗျ။ Show ဆိုတာလည်း သီချင်းတွေ ရွေးထားပြီးပြီ။ အဲဒီသီချင်းတွေထဲမှာ တခါ ဒါရိုက်တာ ဝိုင်းကနေပြီးတော့ ဦးဆောင်ပြီးတော့ ဗွီစီဒီ ကာရာအိုကေ သဘောမျိုး အဲဒါလေးကို Live Show လုပ်ဖို့ အစုံပါပါတယ် သီချင်းတွေက။ သို့သော် အန်အယ်လ်ဒီရွေးကောက်ပွဲ မဲဆွယ်တဲ့ သီချင်း မဟုတ်ပါဘူးခင်ဗျ။”
လွတ်လပ်ရေး တိုက်ပွဲ ဝင်ခဲ့ကြတဲ့အချိန်က ပြောင်မြောက်တဲ့ တေးသီချင်းတချို့ကို ခေတ်ပေါ်အဆိုတော်တွေက ပြန်ဆိုကြမယ့် အစီအစဉ်ဖြစ်ပြီး စတင်အသံသွင်းနေကြပြီလို့ သိရပါတယ်။
post by DVB
No comments:
Post a Comment