Thursday, November 03, 2011

SF Burmese to Save Irrawaddy Activity – ဆန်ဖရန်ဘေးဧရိယာက ဧရာဝတီချစ်သူများ

ဆန်ဖရန်ဘေးဧရိယာက ဧရာဝတီချစ်သူများကလည်း လှုပ်ရှားမှုများ ပြုလုပ်မည့်အကြောင်း
မိုးမခအထောက်တော် ၀၀၂၊ ၂၀၁၁၊ နိုဝင်ဘာ ၃၊ ၂၀၁၁
“Save Irrawaddy SF – Campaign Committee” အမည်ဖြင့် ဆန်ဖရန်စစ္စကို ဘေးဧရိယာကမြန်မာပြည်သားမိသားစုများရဲ့ မြန်မာပြည်၏ဧရာဝတီမြစ် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ကြရေး နှိုးဆော်ချက်တရပ် ထုတ်ပြန်မယ်လို့ သိရပါတယ်။
ဘေးဧရိယာမှာ နေထိုင်ကြတဲ့ မြန်မာပြည်အရေး စိတ်ဝင်စားသူ၊ တက်ကြွလှုပ်ရှားသူ မြန်မာကွန်မြူနီတီ၊ အဖွဲ့အစည်း၊ တိုင်းရင်းသား၊ ဘာသာစုံနှင့် မီဒီယာအဖွဲ့တို့ အပါအ၀င် စုပေါင်း ဆောင်ရွက်ကြမယ့် လှုပ်ရှားမှုကနေ ထုတ်ပြန်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ အောက်ဖော်ပြပါ အချက်များ ပါဝင်တယ်လို့ ဆိုပါတယ်။
“တရုတ်အစိုးရတို့ ပူးပေါင်းပြီး နယူးယောက်မြို့တော်ပမာဏခန့် ကြီးမားသည့် ဆည်ကြီးကို ဧရာဝတီမြစ်တွင် စီမံကိန်းချတည်ဆောက်ရန် စတင်ခဲ့ပါတယ်။ ထိုစီမံကိန်းကြောင့် မြန်မာပြည်၏ မြောက်မှ တောင်သို့ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးသာမက မြန်မာပြည် သဘာ၀၀န်းကျင်နှင့် လူမှုဘ၀များ ထိခိုက်ပျက်စီးလာကြောင်း၊ ပိုမိုဆိုးဝါးလာကြောင်း အများပြည်သူနှင့် ကမ္ဘာတလွှားရှိ သဘာဝန်းကျင် ချစ်မြတ်နိုးသူများက ပြောဆို ကန့်ကွက်မှုများ လုပ်လျက်ရှိပါတယ်။
စက်တင်ဘာ ၃၀ နေ့မှာ မြန်မာအစိုးရရဲ့ ခေါင်းဆောင် သမ္မတ ဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ပေမယ့် ထိုစီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ်အစိုးရ၊ တရုတ်ကုမ္ဗဏီအပါအ၀င် မြန်မာအစိုးရအဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များရဲ့ ဆက်လက် စွက်ဖက်မှုများထံက ကာကွယ်ဖို့၊ ဧရာဝတီမြစ်နဲ့ သဘာဝပတ်ဝန်းကျင်ကို ဆက်လက် စောင့်ရှောက်ထိန်းသိမ်းဖို့ အရေးတကြီး လိုအပ်လျက်ရှိပါတယ်။ စိုးရိမ်ကြောင့်ကြစရာ အခြေအနေများ ဆက်လက်ဖြစ်ပွားနေပါတယ်။
သို့ဖြစ်ပါ၍ ကျနော်တို့ ဧရာဝတီနှင့် မြန်မာပြည်ချစ်မြတ်နိုးသူများအနေဖြင့် ဧရာဝတီမြစ်ကြီးကို ကာကွယ်ရေး ဆောင်ရွက်နေတဲ့ မြန်မာပြည်သူတွေရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာပြည်တွင်းက  
စေတနာ့ဝန်ထမ်း ပညာရှင်များ၊ စေတနာရှင် လုပ်အားပေးများ၊ အစုအဖွဲ့များ၊ အနုပညာရှုင်များရဲ့ ဆောင်ရွက်ချက်များကို ကူညီပံပိုး ထောက်ခံ အားပေးတဲ့ လှုပ်ရှားမှုများ၊ မိမိတို့ ဒေသအလိုက် လှုံဆော် စည်းရုံးမှုများ တတ်စွမ်းသမျှ လက်တွဲ လုပ်ကိုင်ကြမယ် ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။
မြန်မာပြည်တွင်းရှိ မြန်မာပြည်သူများနဲ့ အိမ်နီးချင်းပထ၀ီဒေသများအတွင်း ငြိမ်းချမ်းရေးနဲ့ သဘာ၀၀န်းကျင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး လိုအပ်တဲ့ အခြေအနေများကိုလည်း ထုတ်ဖော်တင်ပြသွားမှာ ဖြစ်ပါတယ်။
တင်ပြတဲ့နေရာမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ သဘာဝန်းကျင်နဲ့ ဒေသခံ လူအခွင့်အရေးဆိုင်ရာ လိုအပ်တဲ့ အခြေအနေအသီးသိးကိုလည်း ပညာရှင်များ၊ လက်တွေ့ လှုပ်ရှားနေသူများနဲ့ လက်တွဲပြီး ထုတ်ပြန်သွားမယ်၊ တင်ပြသွားရန် ကြိုးစားသွားမယ် ဖြစ်ပါတယ်။
ကျနော်တို့နည်းတူ မြန်မာပြည်နဲ့ ဧရာဝတီချစ်သူ၊ ငြိမ်းချမ်းရေးနဲ့ သဘာ၀၀န်းကျင်ချစ်သူများကလည်း တယောက်တလက် ကိုယ်ထူကိုယ်ထ ချိတ်ဆက် လက်တွဲဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံလိုက်ပါတယ်။ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။”
Save Irrawaddy SF Campaign Committee လုပ်အားပေး နဲ့ စေတနာရှင်များကိုယ်စား ဆက်သွယ်မေးမြန်းလိုရင်၊ ၀ိုင်းဝန်းလက်တွဲ ကူညီအားပေးလိုရင် အောက်ဖော်ပြပါ လုပ်အားပေးများကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။ လုပ်အားပေး စေတနာရှင်တွေကတော့  ကိုကျော်သူရ (lovemyn@gmail.com), မခင်သီရိနန္ဒာစိုး (khinthirinandarsoe@gmail.com),  ကိုညီညီသန်း ( nyi1269than@gmail.com),  ကိုမိုးကျော် (moethu7@gmail.com) နဲ့  ကိုကျော်ဝင်း (babymoekyaw@yahoo.com) တို့ ဖြစ်ကြပါတယ်။
 အခုလိုမျိုး လှုပ်ရှားမှုတွေ စုစည်းနိုင်ဖို့  အကြိုလှုပ်ရှားမှုအဖြစ်  အောက်တိုဘာ ၉ ၊ ၂၀၁၁ ရက်နေ့မှာ ဧရာဝတီချစ်သူများစကားဝိုင်းကို  မေတ္တာနန္ဒကျောင်းတိုက်မှာ ကျင်းပခဲ့ကြတယ်။ အဲသည်မှာ  စိတ်ဝင်စားကြတဲ့ ဆန်ဖရန်ဘေးဧရိယာမြန်မာကွန်မြူနီတီနှင့် ဧည့်သည်တော် ဆရာမောင်စွမ်းရည်၊ ဆရာ ချိုတူးဇော်၊ ကျောင်းထိုင်ဆရာတော် ဒေါက်တာဓမ္မပီယ၊ ဒွိပိဋကဆရာတော် ဦးနေမိန္ဒာဘိဝံသ တို့က အတွေ့အကြုံ၊ အတွေးအမြင်တွေ ဆွေးနွေး ပြောဆိုဖြစ်ခဲ့ကြတယ်။ အဲသည်ကတဆင့် အခုလို ကွန်မြူနီတီလှုပ်ရှားမှုအဖြစ် ဆက်လက် စုစည်းလာမိကြတယ်လို့ ဆိုပါတယ်။
နောက်လာမည့် အစီအစဉ်ကတော့ -
 နိုဝင်ဘာ ၁၉ ၊ ၂၀၁၁ စနေနေ့၊ ဧရာဝတီချစ်သူများ ဟောပြောပွဲကို အများပြည်သူအား ဖိတ်ခေါ်ကျင်းပကြမှာ ဖြစ်ပါတယ်။
ဖရီးမောင့် Centerville Community Center မှာ လူဦးရေ ၁၀၀ ခန့်တက်ရောက်နိုင်အောင် စီစဉ်လျက်ရှိတယ် ဆိုပါတယ်။ 
စိတ်ဝင်စားတဲ့ ဆန်ဖရန်ဘေးဧရိယာမြန်မာကွန်မြူနီတီနှင့် ဧည့်သည်တော်များအဖြစ် ၀ါရှင်တန်ဒီစီက မြန်မာအရေးလှုပ်ရှားသူ ကိုအောင်ဒင်၊ ဘာကလေးတက္ကသိုလ်မှာ ပါရဂူဘွဲ့ဆည်းပူးနေသူ သတင်းစာဆရာ ကိုမင်းဇင်၊ ကချင်တိုင်းရင်းသားကွန်မြူနီတီလှုပ်ရှားသူ လူငယ်ကိုယ်စားလှယ်၊ ဧရာဝတီအရေး စိတ်ဝင်စားသူ ပညာရှင်များ၊ ကွန်မြူနီတီ ခေါင်းဆောင်များနဲ့ စုံလင်စွာ ကျင်းပလိမ့်မယ်လို့ သိရပါတယ်။
ဝင်ကြေး အခမဲ့ဖြစ်ပါတယ်။ အားပေးကူညီလိုသူ လုပ်အားပေးများ၊ စေတနာရှင်များ၊ အလှူရှင်များကို ကြိုဆိုပါကြောင်း စီစဉ်သူလုပ်အားပေးလူငယ်တွေက ပြောပြပါတယ်။
(http://saveirrawaddysf.blogspot.com/ ) မှာ လှုပ်ရှားမှုများ ဆောင်ရွက်နေမှုများကို အသိပေးသွားမယ်လို့ ဆိုပါတယ်။ မိုးမခမီဒီယာဝက်ဆိုက်ကနေပြီးတော့လည်း သတင်းပို့ပေးနေမှာ ဖြစ်ပါတယ်။

No comments:

Post a Comment