Thursday, December 01, 2011

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလန်တင်ဟာ ဒီကနေ့ နေလယ်ပိုင်းမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က​ ကိုယ်စားလှယ်တွေနဲ့​ ​တွေ့ဆုံခဲ့ပါတယ်။

အ​မေ​ရိ​ကန်​ ​နိုင်ငံ​ခြား​​ရေးဝန်​ကြီး​​နှင့်​​ ​လွှတ်​တော်​ကိုယ်စားလှယ်များ​ တွေ့​​ဆုံ​စဉ်
ပြည်သူ့လွှတ်တော် ​ ​ရေးရာကော်မတီ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးများ၊ တိုင်းရင်းသူ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် အမေရိကန်အစိုးရကနေ နာမည်နဲ့တကွ ဖိတ်ကြားခံရတဲ့ လွှတ်တော်​ ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဦးသိန်းညွှန့်၊ ဦးဆိုင်ဆောင်ဇီ၊ ဒေါက်တာသန်းဝင်း၊ ဦးပန်းမောင်ဉာဏ်၊ ဦးစောသိန်းအောင်၊ ဦးသာစိန်၊ ဦးလှမြင့်ဦးတို့​ ပါဝင်ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးသူရရွှေမန်းက နိုင်ငံတကာ စံနှုန်းတွေကို လေးစားလိုက်နာပါမယ်လို့ ဟီလာရီကလင်တန်ကို ကတိပေးခဲ့တယ်လို့ ဦးသိန်းညွှန်က ပြောပါတယ်။
“ဒီဘက်က လွှတ်တော်ဥက္ကဋ္ဌကြီးက နိုင်ငံသားများရဲ့ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး၊ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံသားအားလုံးပါဝင်ပြီး နိုင်ငံရေးလုပ်ဆောင်နိုင်ရေး။ အဲဒီလို လုပ်ဆောင်နိုင်ရန် အတွက်လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးအတွက်လည်းကောင်း၊ အကျဉ်းသားများ ပြစ်ဒဏ်သက်သာခွင့်နှင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုရေး၊ အိမ်နီးချင်း နိုင်ငံများ၊ ကမ္ဘာနိုင်ငံများ၊ ကုလသမဂ္ဂနှင့် ချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်မှု ပြုနိုင်ရေးအတွက် မိမိတို့ နိုင်ငံခြားရေးမူဝါဒ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ အပြည့်အဝ လိုက်နာမယ်လို့ ကတိပေးလိုက်တယ်။”
ဟီလာရီကလင်တန်က မြန်မာနိုင်ငံကို ပညာရေး ကျန်းမာရေးအတွက် ကမ္ဘာဘဏ်၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ စတဲ့ နိုင်ငံတကာက အကူအညီတွေရရှိဖို့ကိုလည်း ဆောင်ရွက်ပေးမယ်လို့ မြန်မာဘက်ကို ကတိပြန်ပေးပါတယ်။
အလားတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ နေပြည်တော်မှာ ဒီနေ့မွန်းလွဲပိုင်း တွေ့ဆုံခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်အောင်လုပ်ပေးဖို့၊ သန့်ရှင်းမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ဖော်ဆောင်ပေးဖို့ စတဲ့ အချက်တွေအပါအ၀င် အချက်လေးချက်ချပြခဲ့တယ်လို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါက်တာအေးမောင်က ပြောပါတယ်။
တိုင်းရင်းသားဒေသတွေမှာဖြစ်ပွားနေတဲ့ နယ်စပ်တိုက်ပွဲတွေဆီကို လေ့လာရေးအဖွဲ့တွေ စေလွှတ်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ပေးဖို့စတဲ့ ကိစ္စရပ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်အုပ်ချုပ်ရေး နိုင်ငံတွေအဖြစ်ကနေ ဒီမိုကရေစီနိုင်ငံတွေအဖြစ် အောင်မြင်စွာကူးပြောင်းခဲ့တဲ့ နိုင်ငံတွေကို မစ္စကလင်တန်က ဥပမာပေးပြောဆိုသွားပုံကိုလည်း ဒေါက်တာအေးမောင်က ခုလို ပြောပါတယ်။
“နိုင်ငံတကာနယ်ပယ်ထဲ ဝင်ဆန့်ဖို့အတွက် အရေးကြီးတယ် ဆိုတဲ့အကြောင်းကို ပြောဆိုပါတယ်။ အဲဒီလို ညွှန်းတဲ့အခါမှာ တောင်အမေရိကတိုက်ရဲ့ စစ်တပ်အုပ်စိုးတဲ့ နိုင်ငံကနေ ဒီမိုကရေစီစနစ်ကို ပြောင်းပြီးကာမှ စီးပွားရေး ဖွံ့ဖြိုးစ ပြုလာကြတဲ့ ဘရာဇီးလို၊ အာဂျင်တီနားလို၊ ချီလီလို နိုင်ငံတွေကို ညွှန်းပါတယ်။ နောက် အရှေ့တောင်အာရှ အင်ဒိုနီးရှား နိုင်ငံတို့ကို ညွှန်းပါတယ်။ စစ်တပ်ရဲ့ ပါဝင်မှုကို အခြေခံကစပြီး လျှော့ချခြင်းအားဖြင့် နောက် တဖြည်းဖြည်းနဲ့ ဒီမိုကရေစီနိုင်ငံဘက်ကို ပြောင်းလဲလာကြတာပေါ့နော်။ နိုင်ငံတကာရဲ့ သံသယကို မဖြစ်စေဖို့ အကြံပြုတာကို တွေ့ရပါတယ်။
ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်ကလည်း ပြန်လည်ဆွေးနွေးခဲ့တယ်လို့ ဒေါက်တာအေးမောင်က ဆိုပါတယ်။
“ဦးခင်အောင်မြင့်ကလည်း ပြန်ပြီးဆွေးနွေးတာပေါ့နော်။ ကျနော်တို့ လွှတ်တော်တွေမှာလည်းပဲ ပါဝါသုံးရပ်ကို ခွဲခြားဆောင်ရွက်နေပါတယ်။ မစ္စကလင်တန် ဆွေးနွေးတင်ပြခဲ့တဲ့ အချက် ၄ ချက်ကိုလည်းပဲ မှတ်သားထားပါ့မယ်ပေါ့။ မြန်မာနိုင်ငံနဲ့ အမေရိကန် ဒီမိုကရေစီအတွက် ကူညီဆောင်ရွက်ရန် ကိစ္စတွေကိုလည်း သူက ဖော်ညွှန်းသွားခဲ့တာ တွေ့ရပါတယ်။”
အပြန်အလှန်ဆွေးနွေးခဲ့တာနဲ့ပတ်သက်ပြီး ဒေါက်တာအေးမောင်က “ခြုံကြည့်ရရင်တော့ ဒီဆွေးနွေးပွဲလေး၊ ဒီတွေ့ဆုံပွဲလေးက အင်မတန်မှ ဂုဏ်ကျက်သရေ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ထွက်သစ်စ ဒီမိုကရေစီလမ်းကြောင်းကို နောက်ပြန်မလှည့်ဘဲနဲ့ ရှေ့ဆက်သွားဖို့ အတွက် တွန်းအားတွေ ဖြစ်တယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်နဲ့ တွေ့ဆုံဆွေးနွေးပွဲကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃၃ ဦး တက်ရောက်ခဲ့ပြီး မိနစ် ၅၀ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ 
post by DVB 

No comments:

Post a Comment