အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ သမိုင်းဝင် ခရီးစဉ် ပြီးဆုံးခဲ့ပါပြီ။
ဒီခရီးစဉ်အပေါ် ဘယ်လိုမြင်သလဲ၊ ဘယ်လို သုံးသပ်သလဲ အကောင်းနဲ့ အဆိုးကို ဝေဖန်ပါဆိုရင်တော့ဒီခရီးစဉ်ဟာ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး လမ်းကြောင်းကို ပြန်ဖွင့်ပေးခဲ့ပြီး ၂ နိုင်ငံဆက်သွယ်ရမယ့် တံခါးတွေကို လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ နှစ်ဘက်စလုံး ဆွဲဖွင့်လိုက်ကြတာလို့ပဲ မြင်ပါတယ်။
ပထမ အချက်အနေနဲ့ ပြောရရင်တော့ အမေရိကန် – မြန်မာ ဆက်ဆံရေးမှာ ဆူးငြောင့်ခလုတ်လို့ အမြဲ စွပ်စွဲခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူနဲ့ ဟီလာရီ ကလင်တန်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပထမဆုံး ပြောခဲ့တာကတော့ နေပြည်တော်က သမ္မတ ဦးသိန်းစိန်နဲ့ ဟီလာရီတို့ရဲ့ တွေ့ဆုံပွဲကို သူ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ် ဆိုတာပါပဲ။
ဟီလာရီ မြန်မာပြည်ခရီးစဉ် လာဖို့ကို လိုလိုလားလား အတည်ပြုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ တံခါးတချပ်ကို ထပ်ဖွင့် ပြလိုက်တာလို့ ဆိုချင်ပါတယ်။
ဟီလာရီ ကလင်တန်ဘက်ကတော့ ဒီခရီးစဉ်ဟာ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးမှာရော၊ အမေရိကန်ရဲ့ အာရှ ပစိဖိတ်မှာ ချမှတ်ထားတဲ့ မဟာဗျူဟာအရကော၊ အမေရိကန်က မြန်မာနိုင်ငံအပေါ်မှာ ထားခဲ့တဲ့ အရေးယူပိတ်ဆို့မှုနဲ့ ဒီမိုကရေစီ အရေးကို တောက်လျှောက် ထောက်ခံအားပေးခဲ့တဲ့ ပေါ်လစီကိစ္စ တွေမှာပါ အပေါင်းလက္ခဏာ ဆောင်တယ်လို့ ပြောချင်ပါတယ်။
ဒါပေမယ့် ဒီခရီးစဉ်ရဲ့ နောက်ကွယ်မှာတော့ ဟီလာရီကို မြန်မာပြည်သွားဖို့ ချဉ်းကပ်ခဲ့ကြတဲ့ သူတွေလည်း အမေရိကားမှာ ရှိခဲ့ပါတယ်။ အမေရိကားမှာ အခြေချပြီး ကလင်တန်မိသားစုနဲ့ နီးစပ်သူ မြန်မာတွေလည်း ပါတယ်လို့ သိရပါတယ်။ ကလင်တန်ဟာ လာမယ့် သက်တမ်းမှာ နိုင်ငံခြားရေးဝန်ကြီး တာဝန် မထမ်းဆောင်တော့ဘူး ဆိုတဲ့ အသံတွေလည်း ပေါ်ထွက်နေတာ ဖြစ်တဲ့အတွက် ကလင်တန်ကို မြန်မာပြည်ခရီးစဉ်သွားဖို့ ပိုပြီး တိုက်တွန်းကြသူတွေက များခဲ့တယ်လို့ သိရပါတယ်။
မိန်းမသားတဦးဖြစ်တဲ့ ဟီလာရီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်အရေးကို ပုဂ္ဂိုလ်ရေးအရ စိတ်ဝင်တစား ရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ခင်ပွန်း ဘီလ်ကလင်တန် သမ္မတ သက်တမ်းအတွင်းမှာ မြန်မာနဲ့ အမေရိကန်အကြား ကူးလူးဆက်ဆံမှု တချို့ ရှိခဲ့သလို မြန်မာ့အရေးမှာ ဝင်ရောက်ဖြေရှင်းဖို့ ကြိုးစားခဲ့တဲ့ သမိုင်းဝင် ကိစ္စ တချို့လည်း ရှိခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်က ကွန်ဂရက် လွှတ်တော်အမတ် ဘီလ် ရစ်ချက်ဆန်ကို ရန်ကုန်စေလွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ရော၊ အစိုးရ ထိပ်ပိုင်းက ဗိုလ်ချုပ်တွေနဲ့ပါ တွေ့ဆုံခဲ့တဲ့ သာဓက ရှိခဲ့ဖူးပါတယ်။
အမေရိကန် လွှတ်တော်အမတ်ကို ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က တွေ့ခဲ့ပြီး နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ကော၊ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေထဲက ဦးဝင်းတင်နဲ့ပါ တွေ့ခွင့် ပေးခဲ့ပါတယ်။
ဘီလ် ရစ်ချက်ဆန်ရဲ့ ၁၉၉၄ ခုနှစ်ဖေဖော်ဝါရီမှာ သွားခဲ့တဲ့ မြန်မာပြည်ခရီးစဉ်ဟာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေးခေါ်ချက် တွေကို ကမ္ဘာက ပထမဆုံး သိခွင့်ရလိုက်တဲ့ ခရီးစဉ်ဆိုရင် မမှားပါဘူး။
အဲဒီကာလတွေဟာ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး ပြန်ကောင်းဖို့ ကြိုးစားနေတဲ့ ကာလတွေပါ။ မြန်မာဘက်က အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် တော်တော်များများကို ရန်ကုန်ပေးဝင်ခဲ့ပါတယ်။ အမေရိကန် အထက်လွှတ်တော်က နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ John Kerry လည်း တဦး အပါအဝင် ဖြစ်ပါတယ်။
မြန်မာဘက်ကလည်း အမေရိကားကို ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့တာ ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ လယ်ယာနဲ့ သစ်တော ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ချစ်ဆွေလည်း အပါအဝင် ဖြစ်ပါတယ်။
ဒါပေမယ့် ဆက်ဆံရေးက တိုးတက်ကောင်းမွန်မှု မရှိခဲ့ပါဘူး။ ၁၉၉၅ မှာတော့ နဝတ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပါတယ်။ အဲဒီအချိန်တုန်းက UN မှာ အမေရိကန် သံအမတ်တာဝန်ကို ထမ်းဆောင်နေတဲ့၊ နောက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသူ မက်ဒလင်း အောလ် ဘရိုက်က ပီကင်းက အမျိုးသမီးညီလာခံ အပြီး ရန်ကုန်ကို ဝင်ခဲ့ပါတယ်။ သူ ဗိုလ်ချုပ်ခင်ညွန့်နဲ့ တွေ့တယ်၊ ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း တွေ့ခဲ့ပါတယ်။
ဗိုလ်ချုပ်ခင်ညွန့်နဲ့ တွေ့ဆုံပွဲမှာတော့ နှစ်ဘက် အဆင်မပြေဖြစ်ခဲ့ကြတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲ ကတော့ ထုံးစံအတိုင်း ၂ ဘက် နွေးနွေးထွေးထွေးနဲ့ ပြီးဆုံးခဲ့တဲ့ တွေ့ဆုံပွဲဖြစ်ပါတယ်။ ၁၉၉၇ မှာတော့ အမေရိကန်က ပိတ်ဆို့ အရေးယူမှု ဥပဒေကို စတင်ပြီး ပြဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ ဘီလ်ကလင်တန်ရဲ့ လက်ထက်မှာပါ။
သဘောကတော့ အဲဒီအချိန်ကတည်းက သမ္မတ ကတော် ဟီလာရီ ကလင်တန်က မြန်မာပြည်အပေါ်မှာ Institutional memory ရှိနေခဲ့တယ်လို့ ဆိုရင် မမှားနိုင်ပါဘူး။
အခုခရီးစဉ်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ထုတ်ပြောခဲ့တာ တခုကတော့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ Policy review ကိစ္စပါပဲ။ သူ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ဖြစ်ချင်းမှာပဲ မြန်မာပြည်နဲ့ ပတ်သက်လို့ review လုပ်ဖို့ သူ့အရာရှိတွေကို ပြောခဲ့ပါတယ်တဲ့။
ဒါကြောင့်လည်း သမ္မတ အိုဘားမားရဲ့ လက်ထက်မှာ Principled engagement ကို ၂၀၀၉ ကတည်းက စပြီး ကျင့်သုံးခဲ့တာ ဖြစ်သလို၊ မြန်မာပြည်ကို အမေရိကန်က လွှတ်ခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့ပေါင်းဟာ ၂၀ ကျော်တယ်လို့ သိရပါတယ်။
မြန်မာပြည်အရေးမှာ မစ္စ ကလင်တန် အနေနဲ့ အဓိက အာရုံထားတာကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာမှု၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ မြောက်ကိုရီးယား နိုင်ငံနဲ့ စစ်ရေးဆက်ဆံမှု ကိစ္စတွေပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်က CoI လို့ခေါ်တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းရေးကို ထောက်ခံထားတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ကလင်တန်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ ထူးခြားတာတချို့ကို ကျနော် သတိပြုမိတာကတော့ CoI ကို နာမည်တပ်ပြီး ပြောမသွားဘဲ တရားမျှတမှုတွေ ရှိဖို့အတွက် သင့်လျော်တဲ့တာဝန်ယူမှုကို သူ့အနေနဲ့ ထည့်သွင်း စဉ်းစား သွားမယ်လို့ ပြောသွားတာပါပဲ။ သူက မြန်မာ့လူ့အခွင့်အရေး ကော်မရှင် ဖွဲ့ခဲ့တာတွေ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေကို ထည့်သွင်းပြောဆိုခဲ့သလို တိုင်းရင်းသားနယ်တွေမှာ စစ်တပ်က ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အမျိုးသမီး တွေကို အကြမ်းဖက်စော်ကားမှုတွေကိုလည်း ထည့်သွင်းပြောဆိုသွားတာ တွေ့ရပါတယ်။
အကျဉ်းသားလွှတ်ရေးနဲ့ တိုင်းရင်းသားနယ်တွေမှာ တပ်မတော်က ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုတော့ အဓိကထား ဆုပ်ကိုင်ပြီး ပြောသွားတာ တွေ့ရပါတယ်။
နောက် ထူးခြားတာက မြောက်ကိုရီးယားနဲ့ နျူကလီးယားကိစ္စပဲ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့တဲ့အခါမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဒီကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် ဘက်က ကတိကဝတ်ပြုတာကတော့ ကုလသမဂ္ဂ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာပါမယ်၊ ပြီးတော့ IAEA နဲ့ ပူးပေါင်းဆောင်ရွက် မှုတွေ လုပ်ဆောင်မယ် ဆိုတာပဲ ဖြစ်ပါတယ်။
ကလင်တန်နဲ့ ပါသွားတဲ့ ထိပ်တန်း နိုင်ငံခြားရေး အရာရှိတဦးကတော့ နျူကလီးယားအစား အမေရိကန် ပိုပြီး စိုးရိမ်တာက Missile ဒုံးကျည်နဲ့ ပတ်သက်တဲ့ နည်းပညာ တင်ပို့မှုတွေက ပိုပါတယ်လို့ လေသံကို လျှော့ပြီး ပြောသွားခဲ့တာတွေ့ရပါတယ်။ ဒါဆိုရင် နျူကလီးယား ကိစ္စဟာ အမေရိကန်နဲ့ မြန်မာအကြားမှာ အဖုအထစ်မဟုတ်တော့ဘူးလို့ ဆိုရင် ရနိုင်ပါတယ်။ အမေရိကန် အရာရှိကြီးရဲ့အဆိုအရ မြန်မာ – မြောက်ကိုရီးယား ကိစ္စနဲ့ ပတ်သက်ပြီး ဆက်နွှယ်မှုတွေကို သူတို့ အနီးကပ် လေ့လာပြီးပါပြီလို့ ပြောသွားပါတယ်။
သဘောကတော့ အမေရိကန်က ဒီကိစ္စနဲ့ ပတ်သက်လို့ သူ့မှာ လုံလောက်တဲ့ သတင်းအချက်အလက်တွေ စုဆောင်းရရှိ ပြီး သရုပ်ခွဲလေ့လာပြီးပြီလို့ ဆိုနိုင်ပါတယ်။
ဒီလိုဆိုရင် မြန်မာ – အမေရိကန် ဆက်ဆံရေးက အတော်ကို ခရီးရောက်မယ့် အနေအထားမှာ ရှိနေပြီလားလို့ မေးရင်လည်း စောင့်ကြည့်ရဦးမှာပါ လို့ပဲ ပြောချင်ပါတယ်။ ကလင်တန်က ပိတ်ဆို့မှုတွေ ရုပ်ဖို့ အများကြီးစောပါသေးတယ်လို့ ပြောသွား ခဲ့ပါတယ်။ သဘောကတော့ အခုဖြစ်ပေါ်နေတဲ့ တိုးတက်ပြောင်းလဲမှုဟာ ရေရှည်တည်တံ့မယ့် ဖြစ်ပေါ်ပြောင်းလဲမှု ဟုတ် မဟုတ် ဆိုတာကို အမေရိကန်က ဆက်ပြီး စောင့်ကြည့်လေ့လာဦးမယ် ဆိုတာပါပဲ။
အကျဉ်းသားတွေ လွှတ်ရေးနဲ့ တိုင်းရင်းသား ပဋိပက္ခတွေက အဓိက Issue တွေအဖြစ် ကျန်နေဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံတွေက ဘယ်အတိုင်းအတာအထိ ခရီးရောက်မလဲ၊ ရွေးကောက်ပွဲရဲ့ အနေအထားက ဘယ်လိုလဲ ဆိုတာလည်း အမေရိကန်က စောင့်ကြည့်မှာ အသေအချာပါပဲ။
မြန်မာဟာ တကယ်ပဲ ပြုပြင်ပြောင်းလဲရေးမှာ ရှေ့ကို ဆက်တိုးမှာလား၊ ဒီနေရာမှာပဲ တန့်နေမှာလား၊ ဒါမှမဟုတ် နောက်ကို ပြန်ဆုတ်မှာလား ဆိုတဲ့ မေးခွန်းတွေလည်း မေးစရာရှိပါတယ်။
ကလင်တန်ရဲ့ ခရီးစဉ်မှာ မြန်မာအစိုးရရဲ့ ခေါင်းဆောင်တွေကို ယဉ်ယဉ်ကျေးကျေးနဲ့ သံတမန်ရေးရာအရ ဆက်ဆံခဲ့သလို
ထောက်ပံ့ရေး အကူအညီတွေ ပေးဖို့ကိုလည်း ကလင်တန်က လမ်းဖွင့်ပေးခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ကြီးက မြန်မာကို လာပြီး အကဲဖြတ်လေ့လာ ကူညီပေးဖို့ ကိစ္စတွေကိုလည်း လမ်းဖွင့်ပေးခဲ့ပါတယ်။ မြန်မာရဲ့ လတ်တလော နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေကို ဆက်ပြီး သတိနဲ့ကြိုဆိုတဲ့ သူ့ရဲ့ ပေါ်လစီကို ထိန်းထိန်းသိမ်းသိမ်း ပြောသွား တာပါ။
ရန်ကုန်မှာတော့ ကလင်တန်ဟာ သူတွေ့ချင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခဲ့ပြီး သမိုင်းဝင်မယ့် ဓာတ်ပုံတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းဌာနတွေက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံတယ် ဆိုတာကို ကလင်တန်က ထပ်မံအတည်ပြု ပြောကြား ခဲ့တဲ့အပြင် သတင်းစာရှင်းလင်းပွဲ အပြီး အမျိုးသမီးနှစ်ဦး ရယ်ရယ်မောမောနဲ့ နှုတ်ဆက်တဲ့ ပုံတွေဟာ ဘာမှ ရေးပြစရာ မလိုဘဲနဲ့ အနက်အဓိပ္ပာယ်ကို တန်းခနဲ ပြောနိုင်တဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။
တကယ်တော့ ကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင်က ဖုန်းပြောခဲ့ရပေမယ့် လူချင်းအခုမှ စတွေ့ခဲ့ကြတာပါ။ အရင်ကတည်းက သိခဲ့တဲ့ မိတ်ဆွေဟောင်းတွေလို နွေးနွေးထွေးထွေး စကားပြောခဲ့ပြီး မြန်မာပြည် အရေးကိုလည်း တက္ကသိုလ်ရိပ်သာလမ်း နေအိမ်က အလုပ်ခန်းမှာ အချိန်အတော်ကြာကြာ ဆွေးနွေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မစ္စ ကလင်တန်အနေနဲ့ နောက်သက်တမ်းမှာ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဆက်လက် တာဝန်မယူတော့ဘူး ဆိုရင်တောင် သူ့ရဲ့ မြန်မာပြည် ခရီးစဉ်ကတော့ ထူးခြားတဲ့ သမိုင်းဝင်ခရီးစဉ်တခု ဖြစ်ခဲ့ပြီလို့ ဆိုချင်ပါတယ်။
post by irrawaddy

No comments:
Post a Comment