မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေရှိနေတာကြောင့် အဲဒီမှာမနေလိုတော့ဘဲ မြန်မာနိုင်ငံ ပြန်ချင်ကြသူတွေအတွက် MAI အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းက မနက်ဖြန် ဇွန်လ ၁၂ ရက်နေ့ကစတင်ပြီး လေယာဉ်လက်မှတ်ခ ၅ဝ ရာခိုင်နှုန်းအထိ လျှော့ချပြေးဆွဲပေးသွားမယ်လို့ MAI မှ တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
ခုလို လေယာဉ်လက်မှတ် လျှော့ ချပေးမဲ့ အစီစဉ်ဟာ ဇူလိုင်လ ၁၂ ရက်နေ့အထိ တစ်လတိတိ ဖြစ်ပြီး အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေ အတွက် အဓိက ရည်ရွယ်တယ်လို့ MAI ဒါရိုက်တာ တဦးဖြစ်တဲ့ ဦးညိုမြင့်က RFA ကို ပြောပါတယ်။
"မနက်ဖြန် ၁၂ ရက်နေ့က စပြီးတော့ ၁ လတိတိကို ကွာလာလမ်ပူကနေ ရန်ကုန်ကို ကျနော်တို့ MAI အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်းကနေပြီးတော့မှ ဈေးလျော့ပေးသွားပါမယ်ခင်ဗျ၊ ပြန်လာချင် ရဲ့သားနဲ့ ပြန်လာဖို့ အခက်အခဲရှိနေတဲ့ မြန်မာအလုပ်သမားတွေကို အဓိကရည်ရွယ်ပါတယ်၊ အဲဒီပုဂ္ဂိုလ်များကို ကျနော်တို့ တစ်လတိတိပါခင်ဗျာ၊ ဒီလ ၁၂ ရက်နေ့ကနေ ဇူလိုင်လ ၁၂ ရက်နေ့အထိကို ကျနော်တို့ ၅ဝ ရာခိုင်နှုန်း လျော့ပေါ့ရောင်းချပြီးတော့ မြန်မာနိုင်ငံကို ပြန်လည် သယ်ဆောင်ပေးမှာဖြစ်ပါတယ်"
ဒါ့အပြင် လိုအပ်ချက်အပေါ်မူတည်ပြီး MAI အနေနဲ့ အခမဲ့လေယာဉ် ပြေးဆွဲသွားဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။ MAI လေကြောင်းလိုင်းဟာ မလေးရှားနိုင်ငံကို တပတ်ကို ၃ ရက် ပြေးဆွဲပေးနေပြီး လေကြောင်းလိုင်းကို စီမံအုပ်ချုပ်တဲ့ ကမ္ဘောဇကုမ္ပဏီကလည်း မလေးရှားနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူ မြန်မာနိုင်ငံသားတွေ ဆေးကုသရေးနဲ့ တခြားအခက်အခဲတွေကို အကူအညီပေးဖို့အတွက် အမေရိကန် ဒေါ်လာ ငါးသောင်းကို ဇွန်လ ၁ဝ ရက်နေ့က Eleven Media ကနေတဆင့် ပေးအပ်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။
ဒီအတောအတွင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အကြမ်းဖက်အဖွဲ့အစည်းအဖွဲ့ဝင်တွေ ရောက်ရှိနေကြောင်း မြန်မာနိုင်ငံသားတွေအနေနဲ့ သတိနဲ့ နိုးနိုးကြားကြားနေထိုင်ကြဖို့ ရဲတပ်ဖွဲ့ဝင်တွေက ဒီကနေ့ လိုက်လံကြေညာနေတယ်လို့ သိရပါတယ်။
ကွာလာလမ်ပူမြို့နားက ရှားလမ်း ၁၄ ၊ ၁၅ ၊ ၁၆ ရပ်ကွက်မှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေကို တိုက်ခိုက်မဲ့ အကြမ်းဖက်သမားတွေရောက်နေကြောင်း မသင်္ကာတာတွေ့ရင် ရဲကို ချက်ချင်းအကြောင်းကြားဖို့ ပြောဆိုထားကြောင်း မလေးရှားအခြေစိုက် ၈၈ ကျောင်းသားများအဖွဲ့ အထွေထွေသပိတ်ကော်မတီဝင် ကိုအောင်ကြီးက ပြောပါတယ်။
"ရှားလမ်း ၁၄ ၊ ၁၅ ၊ ၁၆ အဲဒီဝန်းကျင်တဝိုက်မှာ လူသတ်တဲ့အကြမ်းဖက်အဖွဲ့အစည်းတွေ ရောက်နေပါတယ်လို့ မလေးရှားရဲတွေက သတင်းရရှိထားတယ်လို့ တရားဝင်ပြောပါတယ်၊ အဲနားကလူတွေကို သူတို့ဘယ်လိုမှာလဲဆိုတော့ မင်းတို့တွေအကုန်လုံး သတိဝီရိယနဲ့ နေကြပါ၊ ဒီနယ်မြေမှာ အကြမ်းဖက်အဖွဲ့အစည်းကလူတွေ ရောက်နေပါတယ်၊ မင်းတို့အိပ်လို့ရှိရင်သတိထားအိပ်၊ လက်နက်တွေဘာတွေဆောင်ထား၊ ဒီကောင်တွေလာလို့ရှိရင် မင်းတို့မိအောင်ဖမ်း၊ ရဲစခန်းကနေပြီးတော့ အဲမှာရှိတဲ့ မြန်မာလူငယ်အကုန်လုံးကို သူတို့ပြောထားပါတယ်၊ ရဲစခန်းကလည်း အဲလူငယ်အကုန်လုံးကို ရဲစခန်းနဲ့ ပတ်သက်တဲ့ ဖုန်းနံပါတ်တွေအကုန်လုံးကိုပေးထားပါတယ်၊ အရေးပေါ်ဖြစ်လို့ရှိရင်ဖုန်းခေါ်လို့ရအောင်ဆိုပြီးတော့"
ဒီအတောအတွင်းမှာပဲ မလေးရှားအာဏာပိုင်တွေက မြန်မာနိုင်ငံသားနှစ်ဦး နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦးကို ရာဇဝတ်မှုနဲ့ အလိုရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီ မြန်မာနိုင်ငံသား နှစ်ဦးဟာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်မှုမရှိဘဲ အရင်က မြန်မာနိုင်ငံသားအချင်းချင်း သတ်ဖြတ်မှုနဲ့ မလေးရှားရဲက အလိုရှိနေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
Cr=>>

No comments:
Post a Comment