Saturday, June 15, 2013

နေတတ်ရင် သီချင်းကလေးနဲ့

လူတစ်ကိုယ် စရိုက်တစ်မျိုးလို့ ဆိုသလိုပဲဗျ။ ဂျက်ကွမ်းခြံကုန်းရဲ့ မိတ်ဆွေကြီး သပွတ်အူကျေးရွာက
ရွှေပွတ်စိုးမြင့် ဆိုတဲ့ လူကြီးဟာ ဘယ့်နှယ်စရိုက်မှန်း မသိပါဘူးဗျာ။ ဘာပဲဖြစ်နေဖြစ်နေ သီချင်းကလေး တညည်းညည်းနဲ့ ရယ်ပါ။ နေပူလည်း သီချင်းညည်း၊ မိုးရွာလည်း သီချင်းညည်း၊ လသာလည်း သီချင်းညည်း၊ လမိုက်လည်း သီချင်းညည်းနဲ့မို့ ဘယ့်နှယ်သော စရိုက်လက္ခဏာမှန်းကို နားလည်လို့ မရနိုင်တော့ပါဘူး။ တချို့တချို့တွေကို တွေ့ဖူးကြပါတယ်။ နှာခေါင်း ခဏခဏနှိုက်တာ၊ ခေါင်းကို ခဏခဏကုတ်တာ၊ လက် ခဏခဏချိုးတာ၊ နှုတ်ခမ်းခဏခဏသပ်တာ စသည်စသည်ပေါ့။ ခုဟာက သီချင်းညည်းလေသတဲ့။ ရေချိုး လည်းသီချင်း တညည်းညည်း၊ ထင်းခွဲလည်း သီချင်းတညည်းညည်း၊ အဝတ်လျှော်လည်း သီချင်း တညည်းညည်း။

အော်…ညည်းသူကြီးလို့ပဲ ဆိုလိုက်ပါလေတော့။

(နှစ်)

တနေ့ လက်ဖက်ရည်ဆိုင်ထဲမှာ ရွှေပွတ် စိုးမြင့်အပါအဝင် အပေါင်းအသင်း ရောင်းရင်းတစ်စု လက်ဖက်ရည်
သောက်နေကြတုန်း တစ်ယောက်က ဂျာနယ်တစ်စောင်ကို လှန်ပြီးသတင်းတစ်ပုဒ်ကို ဟောင်ဖွာဟောင်ဖွာ ဖတ်နေသဗျ။ ''ကမ္ဘာ့ကင်ဆာအဖြစ်ဆုံးနိုင်ငံ ၁ဝ နိုင်ငံမှာ ကျုပ်တို့မြန်မာနိုင်ငံဟာ နံပါတ်နှစ်လို့ ဆိုပါလားဗျ''

တစ်ဝိုင်းလုံး တိတ်ကျသွားတာပေါ့။ ဒါ ပျော်စရာသတင်းမှ မဟုတ်တာ။ ရွှေပွတ်စိုးမြင့်ကတော့ အေးဆေးပါပဲ။
မြန်မာ့အသံက မကြာခဏ လွှင့်ထုတ်ခဲ့ဖူးတဲ့ သီချင်းကလေးကို ညည်းလို့။

''ကမ္ဘာပေါ်မှာ အလှဆုံးတိုင်းပြည်၊ ကမ္ဘာပေါ်မှာ နေချင်စရာအကောင်းဆုံး တို့တိုင်းပြည်'' တဲ့။ အော် နေတတ်
တော့လည်း စိတ်အေးချမ်းပုံရပါရဲ့။

တစ်ခါတုန်းကကျတော့လည်း ထုံးစံတိုင်း လက်ဖက်ရည်ဆိုင်ကလေး တစ်ဆိုင်ထဲမှာပဲဗျ။ မိုးဦးလေဦး ကျစရက်တွေမို့
ထင်ပါရဲ့ မုန်တိုင်းသတင်းလေးဘာလေး ပြောနေကြတဲ့ အချိန်ပေါ့။ အဲသမှာ တစ်ယောက်က
ကောက်ကာငင်ကာဆိုသလို ဂျာနယ်ထဲက သတင်းတစ်ပုဒ်ကို ဟောင်ဖွာဟောင်ဖွာနဲ့ ဖတ်ပြန်ပါလေရော။

''၂ဝ၁၂ ခုက ပြုစုထားတဲ့စာရင်းဗျ'' ကမ္ဘာ့ရာသီဥတု ဆိုးဝါးမှုဒဏ်အခံရဆုံး ၁ဝ နိုင်ငံကိုရွေးထားတာ မြန်မာက ဒုတိယ ဆိုပါလားဗျ''

ထုံးစံအတိုင်းပေါ့။ ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး ရွှေပွတ်စိုးမြင့်ပါပဲ။ ညည်းပြန်ပေါ့ မြန်မာ့အသံက သီချင်းကလေး။

''ကမ္ဘာပေါ်မှာ အလှဆုံးတိုင်းပြည် ... ကမ္ဘာပေါ်မှာ နေချင်စရာအကောင်းဆုံး တို့တိုင်းပြည်''

အော် ... တော်တော့ကို စိတ်အေးချမ်းသာရှိလိုက်တာလို့ ပြောအပြီး ထုံးစံအတိုင်း ရေနွေးကြမ်းဝိုင်းကလေးမှာ စကားစမြည် ပြောနေကြတုန်း တစ်ယောက်က ဂျာနယ်တစ်စောင်ကို လှန်ဖတ်ရင်းက မနေနိုင်မထိုင်နိုင်
ဖောက်သည်ချပြန်သဗျ။

''ဟောဗျာ အာစီယံ ၁ဝ နိုင်ငံမှာ ဝင်ငွေအကောင်းဆုံး နံပါတ်တစ်က ဘရူနိုင်း ဆိုပါလားဗျာ ... နိုင်ငံသား တစ်ယောက်ချင်းစီရဲ့ တစ်နှစ်ဝင်ငွေက အမေရိကန်ဒေါ်လာ ၅ဝ,၇၉ဝ တဲ့။ စင်ကာပူက ၄၉၇၅၄ တဲ့။ မလေးရှားက ၁၃,၃၈၅ တဲ့ ဟောဗျာ မြန်မာက နောက်ဆုံး ၁ဝ၄ဝ ဒေါ်လာတဲ့ ''ကွာလိုက်တာဗျာ'' ဆိုပြီ။
ရွှေပွတ်စိုးမြင့် ဆိုပြီ။ သီချင်းရူး ရွှေပွတ်စိုးမြင့် ဆိုပြီ။

''ကမ္ဘာပေါ်မှာ အလှဆုံးတိုင်းပြည် ... ကမ္ဘာပေါ်မှာ နေချင်စရာ အကောင်းဆုံး တို့တိုင်းပြည်'' တော်တော် စိတ်အေးတဲ့ လူပါဗျာ။ ပြုံးပြုံး ပြုံးပြုံးနဲ့။

တစ်နေ့တော့ ရန်ကုန်ကနေ ပြန်လာသူတစ်ယောက်က ဦးဆောင်ပြီး ရန်ကုန် မော်တော်ကားတွေ စည်းမဲ့ ကမ်းမဲ့ မောင်းနှင်ကြတဲ့အကြောင်း စကား စလာရာကနေ ယာဉ်အန္တရာယ်ဘက်ကို စကားရောက်သွား
ပြန်ပါလေရော။

''အာစီယံ ၁ဝ နိုင်ငံမှာ ယာဉ်အန္တရာယ်ကြောင့် လူသေတာ မြန်မာက ထိပ်ဆုံးဆိုပါလားဗျာ ဘရူနိုင်းက ယာဉ်တစ်သိန်းမှာ လူ သေတာ ၁၉ ဒသမ၈ တဲ့'' အနည်းဆုံးနိုင်ငံတဲ့ အမလေး ''မြန်မာက ၃၃၄၂ ဒသမ ၉ နဲ့ ထိပ်ဆုံးတဲ့'' အော် ''ရွှေပွတ်စိုးမြင့် ရေနွေးကြမ်းလေး တစ်ခွက်တောင်မှ မော့လိုက်သေး။ ဆေးပေါ့လိပ် ကလေးတောင်မှ ကောက်ဖွာလိုက်သေး။ သီချင်းကတော့ ထုံးစံအတိုင်း ညည်းမြဲပေါ့။

''ကမ္ဘာပေါ်မှာ အလှဆုံးတိုင်းပြည်'' ကမ္ဘာပေါ်မှာ နေချင်စရာအကောင်းဆုံး တို့တိုင်းပြည်'' ဟူလို။

တစ်ခါတုန်းကကျတော့ နွေရာသီကြီးဗျ။ ရိတ်လို့သိမ်းလို့ပြီးတဲ့ ရာသီဆိုတော့ ရွာမှာအလုပ်လည်း တော်တော် အားတဲ့ ပါးတဲ့ အချိန်ပေါ့။ အဲသမှာ လသာသာအောက်စကားဝိုင်းဖွဲ့ဖြစ်ကြတော့ အကြွေးကိစ္စ ဘာကိစ္စတွေ ဘက်ကို ရောက်သွားကြပြန်ရော။

''ဟာဗျာ လူမှန်ရင် ဘယ်မှာ အကြွေးကင်းပါ့မလဲဗျ ... နိုင်ငံတွေမှာလည်း အကြွေးရှိတာပါပဲ။ ကျုပ်တို့ ဘဏ္ဍာရေးနဲ့
အခွန် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ကတောင်မှ ပြည်သူ့လွှတ်တော်မှာ ၁၉၈၈ မတိုင်မီက
ဒေါ်လာ သန်းပေါင်း ၈၄ဝဝ ကျော်၊ ၁၉၈၈ လွန်တော့ ၂၆ဝဝ ကျော်၊ စုစုပေါင်းအကြွေး ဒေါ်လာ သန်းပေါင်း ၁၁ဝ၁၃ ဒသမ ၂၉၈ ရှိတယ်လို့ ပြောသွားတယ်လေ ...အဲ ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း ကတော့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာပဲ ပြည်ပကြွေးမြီ ဒေါ်လာ သန်းပေါင်း ၁၅ဝ၈၉ ဒသမ ၄၃၄ ရှိတယ်လို့ ထပ်ပြောပြန်ရော ... ပြောရရင်ဗျာ အကြွေးဆိုတာ တင်တတ်တဲ့အရာလို့'' လို့ ဆိုလိုတာပါ။

အနို့ကလို ထိုသို့ တစ်ယောက်သောသူက ရှည်လျားထွေပြား ပေများစွာနဲ့ သူဖတ်ထားတာလေးတွေလည်း
ပြောလို့ပြီးရော ရွှေပွတ်စိုးမြင့် သီချင်းညည်းပြန်တာပဲ။

''ကမ္ဘာပေါ်မှာ အလှဆုံးတိုင်းပြည် ... ကမ္ဘာပေါ်မှာ နေချင်စရာ အကောင်းဆုံး တို့တိုင်းပြည်'' တဲ့။

ကြာတော့ ဂျက်ကွမ်းခြံကုန်း ရွှေပွတ်စိုးမြင့်ကို အမြင်ကတ်လာသဗျ။ တစ်နှစ်ကို ကလေးခြောက်သိန်းလောက်
ကျောင်းထွက် ရတယ်ဆိုတော့လည်း သီချင်းညည်း၊ မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့တွေ များလာတယ်။
ပြောတော့လည်း သီချင်းညည်းနဲ့။ ညည်း တော့လည်း အဲသည့် မြန်မာ့အသံ သီချင်းပဲ။ ရွဲ့များရွဲ့နေသလား
တောင် မသိမသိပါဘူးဗျာ။
Cr=>>

No comments:

Post a Comment