ကျောင်းနေအရွယ် ကလေးများ ကျောင်းသွားပြီး
စာသင်နေချိန်တွင် ချီနာကေတာဆီ တစ်ယောက် တိုက်ပွဲများကြားတွင် အသက်ရင်းပြီး
ဘဝအတွေ့အကြုံများစွာ ရယူခဲ့သည်။ ယခု ချီနာ့အသက် ၂၇ နှစ်ရှိပြီ။ ၁၉၈၀
ပြည့်နှစ်တွင် သူမသည် ယူဂန်ဒါ အမျိုးသား တော်လှန်ရေး တပ်မတော်ထဲဝင်ပြီး
စစ်မှုထမ်းခဲ့ရသည်။ ထိုစဉ်က သူမအသက်မှာ ၉ နှစ်သာ ရှိသေးသည်။
“ကျွန်မ တပ်ထဲရောက်တော့ လက်နက်ကိုင် ခိုင်းတယ်။ စစ်တိုက်ရတယ်။ မုန်းတီး ခိုင်းတယ်။ သတ်ခိုင်းတယ်။ နှိပ်စက် ညှဉ်းပန်း ခိုင်းတယ်။ ပြီးတော့ ကျွန်မကို သူတို့နဲ့ အိပ်ခိုင်းတယ်။ ကျွန်မတို့မှာက ရွေးချယ်ခွင့်မှ မရှိတာ။ ကျွန်မ အသက် ၁၄ နှစ်မှာ သားတစ်ယောက်မွေးတယ်။ အသက် ၁၅ နှစ်မှာ တပ်ထဲက အရာရှိ ဘယ်နှယောက် ကျွန်မနဲ့ အိပ်ခဲ့တယ်ဆိုတာ မှတ်တောင် မမှတ်မိတော့ဘူး” ဟု သူမက ဘီဘီစီ သတင်းဌာနသို့ ပြန်ပြောပြသည်။
ကမ္ဘာတစ်လွှား အသက် ၁၈ နှစ်အောက် ကလေးပေါင်း သန်းဝက်ခန့်သည် လက်နက်ကိုင် တပ်ဖွဲ့များ အတွင်းသို့ ဝင်ရောက်ပြီး စစ်တိုက်နေရကြောင်း သုတေသန ပြုချက်များအရ သိရသည်။ လက်နက်ကိုင် တပ်ဖွဲ့များဟု ဆိုရာတွင် တရားဝင် ဖွဲ့စည်းထားသည့် စစ်တပ်များ ဖြစ်နိုင်သလို၊ တရားမဝင် ဖွဲ့စည်းထားသည့် သူပုန်အဖွဲ့များလည်း ဖြစ်နိုင်သည်။ ကလေးတွေ လက်နက်ကိုင်တပ်ဖွဲ့ အတွင်းသို့ ဝင်ကြရသည့် အကြောင်းပြချက်တွေကလည်း အမျိုးမျိုး ရှိနိုင်သည်။
တိုင်းပြည်တစ်ပြည်တွင် နိုင်ငံသား အချင်းချင်း အယူအဆမတူ သဘောထားများ ကွဲလွဲသဖြင့် လက်နက်ကိုင် တိုက်ပွဲများ၊ ပဋိပက္ခများ ဖြစ်ပွားနိုင်သည်။ ထိုစဉ်ကာလတွင် ကလေးတွေ ကျောင်းနှင့် ဝေးကြရသည်။ သူတို့ မိဝေးဖဝေး၊ မိသားစုတွေနှင့် ခွဲခွာကြရသည်။ သူတို့တွင် နေစရာမရှိ။ သူတို့အိုးအိမ်တွေက စစ်ဒဏ်သင့်ပြီး ပျက်စီး ကြရသည်။ သူတို့အတွက် အသက်ရှင် ရပ်တည် နိုင်ရေးမှာ စစ်ထဲဝင်ရုံက လွဲပြီး အခြားရွေးချယ်စရာ မရှိသဖြင့် လက်နက်ကိုင် အဖွဲ့အစည်းများ အတွင်းသို့ ရောက်လာကြသည်။
အချို့သော ကလေးများကလည်း မိသားစုများ သေကျေ ပျက်စီးကြရသဖြင့် လက်စားချေလိုသည့် သဘောဖြင့် တပ်ထဲသို့ ရောက်လာကြသည်။ အချို့ကလေးများမှာလည်း အတင်းအဓမ္မ ခေါ်ဆောင်ကာ စစ်ထဲဝင်ခိုင်းခြင်းကြောင့် ရောက်လာရသည် များလည်း ရှိသည်။ ကလေးများကို တပ်ထဲ ဆွဲသွင်းပြီးနောက် စစ်ဆင်ရေး ကိစ္စများတွင် အသုံးပြုခဲ့ကြသည်။ ကလေးများကို စစ်သားကြီးများက လိင်ကျွန်အဖြစ် ခိုင်းစေဆက်ဆံခြင်းများလည်း ရှိသည်။ ထို့ပြင် ရက်စက်စွာ မိုင်းရှင်း ခိုင်းခြင်း၊ စပိုင် လုပ်ခိုင်းခြင်း၊ သတင်းပို့ ဆက်သားအဖြစ် ခိုင်းစေခြင်း၊ ပေါ်တာ ထမ်းခိုင်းခြင်း၊ ကျေးကျွန်အဖြစ် ခိုင်းစေခြင်းစသည့် ကိစ္စမျိုးစုံတို့လည်း ရှိနေသည်။
လက်ရှိအချိန်တွင် ကလေးစစ်သားပေါင်း သုံးသိန်းခန့်သည် တိုက်ခိုက်ရေး စစ်သားများအဖြစ် တာဝန်ထမ်းဆောင် နေကြရကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) အဖွဲ့ကဆိုသည်။
လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာ အတွင်း ကလေးပေါင်းများစွာ စစ်မှုထမ်း ခဲ့ကြရသည်။ အထူးသဖြင့် အာဖရိက အနောက်ပိုင်းတွင် ဖြစ်သည်။ ၁၉၈၉ မှ ၁၉၉၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် လိုက်ဘေးရီးယား သူပုန်များနှင့် တိုက်ပွဲတွင် ကလေးစစ်သားပေါင်း ၂၁,၀၀၀ ခန့် ပါဝင် ဆင်နွှဲခဲ့ကြသည်။ အိမ်နီးချင်း နိုင်ငံဖြစ်သည့် ဆီရီရာလီယွန်တွင် နှစ်ပေါင်း ၁၁ နှစ်ကြာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကို ၁၉၉၉ ခုနှစ်ကျမှ ဖြေရှင်းနိုင်ခဲ့သည်။ နိုင်ငံသားများစွာ ထိတ်လန့်ဖွယ်ရာ နှိပ်စက် ညှဉ်းပမ်းခြင်းများကို ခံစားကြရသည်။ ကိုယ်လက်အင်္ဂါများ ဆုံးရှုံးကြရသည်။ မုဒိမ်းကျင့်ခြင်း၊ အရှင်လတ်လတ် ခေါင်းဖြတ်ခြင်း၊ မီးရှို့ သတ်ခြင်းများမှာ မထူးဆန်းသည့် ကိစ္စလို ဖြစ်နေသည်။ ဆီရီရာလီယွန်တွင် ကလေး စစ်သားပေါင်း ၇၀၀၀ ခန့် ပြည်တွင်း အဖျက်အဆီးများ၌ ပါဝင်ခဲ့ကြသည်။
သူတို့အထဲမှ အားနက်စ်ဖိုဒေးမန်နာ ဆိုသူအကြောင်း ပြောပြချင်ပါသည်။ ၁၉၉၁ ခုနှစ်တွင် သူ့အသက် ရှစ်နှစ်သာ ရှိသေးသည်။ သူ့မွေးရပ်မြေ ကိုင်လာယန်မှ သူ့ကိုသူပုန်များက ခေါ်လာခြင်းဖြစ်သည်။ “ကျွန်တော့်ကို သူငယ်ချင်းတွေနဲ့ ကစားကွင်းထဲမှာ ကစားနေတုန်း သူတို့က ဖမ်းလာကြတာ”ဟု သူကဆိုသည်။ သူ့သူငယ်ချင်း နှစ်ယောက်က သေသွားသည်။ သူ့ကို ရွာပြန်ပြီး အစိုးရတပ်ကို ထောက်လှမ်းခိုင်းစဉ် သူထွက်ပြေးခဲ့သည်။ ဖမ်းမိသွားပြီးနောက် အရိုက်ခံရသည်။ “ကျွန်တော့်ကို သူတို့က ပုရွက်ဆိတ်တွေ ကိုက်တဲ့ သစ်ပင်ကြီးတစ်ပင်မှာ ချည်ထားတယ်။ ဇောက်ထိုး ချည်ထားပြီး ပုရွက်ဆိတ်ကလည်း ကိုက်တော့ အတော်လေး နေရခက်တယ်။ ကျွန်တော့်ကို အဲဒီအတိုင်း နှစ်နာရီလောက် ပစ်ထားတာ”ဟု သူက ပြောပြသည်။
ကလေးများ ယခုကဲ့သို့ နှိပ်စက်ခံရ ခြင်းမှာ ထိုနိုင်ငံများတွင် သိပ်မထူးဆန်းသည့် ကိစ္စဖြစ်သည်။ ကလေးစစ်သားပေါင်း များစွာသည် ရိုက်နှက်ခြင်း၊ နှိပ်စက် ညှဉ်းပမ်းခံရခြင်း၊ အသတ်ခံရခြင်းများမှာ ရိုးနေသည့် ကိစ္စရပ်များ ဖြစ်သည်။ အချို့ ကလေးများသည် မူးယစ်ဆေးဝါးများ စွဲနေကြသည်။ သူတို့ကို မကြောက်ရွံ့ရန်၊ တိုက်ရဲခိုက်ရဲ သတ်ရဲဖြတ်ရဲရန် ရဲဆေးတင်သည့် အနေဖြင့် မူးယစ်ဆေးဝါးများ သုံးစွဲ ခိုင်းထားသည်။ “ဆေးကို ကျွန်တော်သုံးချင်လို့ သုံးတာတော့ မဟုတ်ဘူး။ စိတ်ဓာတ် မြှင့်တင်ရေးဆိုပြီး လာသုံးခိုင်းတာ။ တိုက်ပွဲ မထွက်ခင်မှာ ကျွန်တော်တို့ မူးယစ်ဆေးတွေ သုံးကြရတယ်” ဟု ဆီရာရာလီယွန်ရှိ iEARN (International Education and Resource Network) သို့ရောက်လာသည့် ယခင်ကလေး စစ်သားဟောင်း တစ်ယောက်က ပြန်ပြောပြသည်။ သူတို့ ပြောသည့် စိတ်ဓာတ် မြှင့်တင်ရေး ဆိုသည်မှာ ကိုကင်း၊ ဆေးခြောက်နှင့် အရက်များ သောက်သုံးရခြင်းကို ဆိုလိုသည်။ အခြား ကလေးစစ်သားဟောင်း တစ်ယောက်ကလည်း “ကျွန်တော့်ကို မူးယစ်ဆေး ထိုးပေးတယ်။ ပြီးတော့ Ak-47 သေနတ် လက်ထဲ ထည့်ပေးပြီး တိုက်ပွဲ ထွက်ရတယ်။ ရှေ့တန်းမှာ လူတွေ သတ်ရတယ်။ မုဒိမ်းလည်း ကျင့်ရတယ်။ မဟုတ်တာ မှန်သမျှ အကုန်လုပ်ရတယ်”ဟုဆိုသည်။
စစ်ပွဲများတွင် ကလေးများကို အသုံးပြုခြင်းသည် ယုတ်မာသည့် စိတ်ကြောင့်လည်း ဖြစ်သည်။ ကလေးများသည် လူကြီးများလောက် မစားနိုင်သည့်အပြင် လူကြီးများထက် အမိန့် နာခံတတ်သောကြောင့်လည်း ပါသည်။ ကလေးများသည် လေ့ကျင့်ပေးရလည်း လွယ်ကူသည့်အပြင် တိုက်ပွဲများကြားတွင် မည်မျှသေသေ အရေးစိုက်စရာ တစ်ခုအနေဖြင့် သဘောမထားခြင်း ကြောင့်လည်း အသုံးချခံ နေရခြင်း ဖြစ်သည်။
“ကလေးတွေမှာ ရှိနေတဲ့ အားနည်းချက်ကို အသုံးချတာပါ။ သူတို့က ပြောရင် နားထောင်တယ်။ ခိုင်းရင်လုပ်တယ်။ သိပ်ပြီးတော့ တွေးနေမှာလည်း မဟုတ်ဘူး။ တွေဝေနေမှာလည်း မဟုတ်ဘူး။ လေ့ကျင့်ပေးရတာ လွယ်ပြီး ခိုင်းတဲ့အတိုင်း အတိအကျ လုပ်တတ်လို့ သူတို့ကို သဘောကျတာတွေ လည်းပါတယ်”ဟု နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့က ဆာရာဂရင်းန်က ဆိုသည်။ “သူတို့ကို စာရင်းလည်း သွင်းစရာ မလိုဘူး။ ပိုက်ဆံ ပေးစရာလည်း မလိုဘူး။ အမိန့်နဲ့သာခိုင်း အားလုံးရတယ်” ဟုလည်းသူက ဆိုသည်။
မိန်းကလေးစစ်သားများ ဘဝက ပိုပြီးဆိုးသည်။ လိင်ဖျော်ဖြေသည့် ကိစ္စများအတွက် အသုံးတော်ခံရသလို တိုက်ပွဲများတွင်လည်း ဝင်တိုက်ရသေးသည်။“ကျွန်မနဲ့ ဘယ်နှယောက် အိပ်ပြီးပြီလဲဆိုတာ မမှတ်မိတော့ဘူး”ဟု ဖာဘေနီက ပြောသည်။ ဘူရန်ဒီရှိ သူမ မိသားစုထံမှ အဓမ္မ ခေါ်ဆောင်ခြင်း ခံရချိန်တွင် အသက် ၁၃ နှစ်ခန့်သာ ရှိသေးသည်။
“လူတစ်ယောက်ပြီး တစ်ယောက် ပြောင်းသွားတယ်။ ကျွန်မ ငြင်းလို့မရဘူး။ ထွက်ပြေးရင်လည်း အသတ်ခံရမယ်ဆိုပြီး ပြောထားတယ်” ဟု ဖာဘေနီက ဆိုသည်။ အန်ဂိုလာ၊ ဆီရာရာလီယွန်နှင့် ယူဂန်ဒါတို့ တွင် သူပုန်ခေါင်းဆောင်များသည် မိန်းကလေးငယ်များကို ဖမ်းဆီးလာပြီး အဓမ္မကျင့်ခြင်း၊ လိင်ကျွန်အဖြစ် စေခိုင်းခြင်းတို့မှာ မထူးဆန်းသည့် ကိစ္စတစ်ခုဖြစ်သည်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ အဆိုအရ ယူဂန်ဒါ မြောက်ပိုင်းတွင် မိန်းကလေးများကို သူပုန်ခေါင်းဆောင်များနှင့် ရလာသည့် ကလေးများအား ကျောတွင် ပိုးထားစေပြီး အစိုးရတပ်ကို ဆက်လက် တိုက်ခိုက်ခိုင်းသည်ဟု သိရသည်။
သူပုန်တပ်များတွင် အသုံးပြုနေသည့် AK-47 နှင့် M-16 သေနတ်များသည် တစ်လက်လျှင် ၁၅ ဒေါ်လာနှင့် ရနေသဖြင့် လူတိုင်း ကိုင်နိုင်သည့် အနေအထားတွင် ရှိသည်။ အသက် ရှစ်နှစ်သားလောက်ကို ပစ်ခတ်တတ်ရန် သင်ပေးနိုင်သည်။ ထိုသေနတ်များဖြင့် ကလေးစစ်သားများကို ဆီရီရာလီယွန်ရှိ RUF (Revolutionary United Front) တပ်တွင် အထူးသင်တန်းများ ပေးနေသည်။ RUF စစ်သားလေး တစ်ယောက်သည် သင်တန်းဆင်းပြီးလျှင် ရွာတစ်ရွာကို ဝင်တိုက်ရမည်။ ယောက်ျားတွေကို သေလုမြောပါး ဖြစ်အောင် ရိုက်တတ်ရမည်။ မိန်း ကလေးတွေကို မုဒိမ်းကျင့်ရမည်။ ကလေးတွေကို ပြန်ပေးဆွဲလာနိုင်ရမည်။ ခေါ်လာသော ကလေးများကို သူတို့က သင်တန်း ပြန်ပေးပြီးနောက် နှစ်လသုံးလ ကြာလျှင် သူတို့လို ဇာတ်ပြန်သွင်းမည်။ ထွက်ပြေးရန် ကြိုးပမ်းသူကို ကိုယ်လက်အင်္ဂါ ချို့ယွင်းသည်အထိ ရိုက်နှက် နှိပ်စက်သည်။ အချို့ကို သတ်ပစ်သည်။
ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အတိုက်အခံ အုပ်စုအတွင်းသို့ ရောက်လာသည့် အသက် ၁၅ နှစ်အရွယ် စစ်သားလေး တစ်ဦးက “သူတို့က ကျွန်တော့်ကို လူသား စားခိုင်းတယ်။ လူသတ်ခိုင်းတာတွေလည်း ရှိတယ်။ တစ်ခါတလေ မိန်းကလေးတွေ ခေါ်လာပြီး မုဒိမ်းကျင့်ခိုင်းတယ်။ မလုပ်ရင်လည်း ကျွန်တော်တို့ကို ရိုက်တယ်” ဟု ပြောပြသည်။
ကလေးစစ်သားအဖြစ် လုပ်ခဲ့ရသူများကို ပြုပြင်ရေး စခန်းများသို့ပို့ပြီး ပြန်လည် ပြုစု ပျိုးထောင်ရသည်မှာ မလွယ်သည့် ကိစ္စဖြစ်သည်။ iEARN စခန်းသို့ ရောက်လာသည့် စစ်သားလေးတစ်ယောက်က “ခုဆိုရင် မိသားစုနဲ့လည်း မနေတတ်တော့ဘူး။ သေနတ်သံတွေကို ကြားရင် ပျော်တယ်။ တောထဲမှာပဲ နေချင်တယ်။ သေနတ်သံ ကြားရင် စိတ်ထဲကအလိုလို တက်ကြွလာတယ်။ ခုတော့ တစ်ယောက်တည်း ပျင်းတယ်” ဟုဆိုသည်။ ကလေးစစ်သား ဘဝဖြင့် နေခဲ့ရသူများကို ပညာသင်ကြားပေးမည်ဟု ဆိုလျှင် ငြင်းဆန်တတ်ကြသည်။ သူတို့ကို လူ့ဘောင် အဖွဲ့အစည်း အတွင်းသို့ ပြန်လည် သွင်းရသည်မှာ မလွယ်ကူသည့် ကိစ္စဖြစ်သည်။ ထိုကလေး များသည် နောက်ပိုင်းတွင် တောထဲသို့ ပြန်မသွားတော့လျှင်လည်း ရာဇဝတ်မှုများ ကျူးလွန်ပြီး လူဆိုး သူခိုးများဘဝဖြင့် နေထိုင်တတ်ကြသည်။
ကလေးများ ကြမ္မာဆိုးမှ လွတ်မြောက်ရန်အတွက် မိုဇမ်းဘစ်၊ အင်ဂိုလာ၊ ဆီရာရာ လီယွန်နှင့် ဆိုမာလီးယားနိုင်ငံတို့တွင် လက်နက်ကိုင်တပ်ဖွဲ့များကို ဖျက်သိမ်းခြင်း၊ စစ်ပြန်ကလေးများကို ပြန်လည် ထူထောင်ပေးခြင်းစသည့် လုပ်ငန်းများကို အကောင်အထည် ဖော်လျက်ရှိသည်။ သို့သော် ထိုလုပ်ငန်းများကို လက်တွေ့ အကောင်အထည် ဖော်ရာတွင် ခက်ခဲမှုများစွာနှင့် ရင်ဆိုင်နေရပြီး ရေရှည် ဆောင်ရွက် အကောင်အထည် ဖော်နိုင်မှ ရပေလိမ့်မည်။ ကလေးများကို လက်နက်ကိုင် တပ်ဖွဲ့များက စည်းရုံးသိမ်းသွင်း ခေါ်ဆောင်သွားမှုကို တစ်ဖက်က ဖြတ်နိုင်မှသာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။
ကလေးစစ်သား စုဆောင်းခြင်းကို တရားမဝင် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) နှင့် ကုလသမဂ္ဂ ညီလာခံက ထုတ်ပြန်ထားသည့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများအရ တိကျစွာ ဆောင်ရွက်ရန် လိုပါသည်။ ဥပဒေအရ အသက် ၁၈ နှစ်အောက် ကလေးများကို စစ်မှုထမ်းခိုင်းခြင်းကို တိကျစွာ ကန့်သတ်ကြရန် လိုပါလိမ့်မည်။
အထက်တွင် ဖော်ပြခဲ့သည့် ချီနာကေတာဆီလို အိပ်မက်ဆိုးများ ကြားတွင် လှုပ်ရှားနေခဲ့ရသည့် မိန်းကလေးပေါင်းများစွာ ရှိနိုင်ပါသည်။ သူမအနေနှင့် ယူဂန်ဒါ အမျိုးသားတော်လှန်ရေး တပ်ထဲမှ လွတ်မြောက်လာသော်လည်း သူမဘဝတွင် ကြုံတွေ့ ခံစားခဲ့ရမှုများက သူ့ကို အမြဲတမ်း ခြောက်လှန့်နေ ခဲ့သည်။ သူမက ‘ကလေး စစ်သား’ ဆိုသည့် စာအုပ်တစ်အုပ်ကို ရေးလိုက်သည်။ ထိုစာအုပ်ထဲတွင် သူမ ကလေး စစ်သားဘဝတွင် ကျင်လည်ခဲ့ရသည့် ကာလ ခါးသီးဖွယ် အတွေ့အကြုံများကို ဖော်ထုတ် ရေးသားထားသည်။
သူမရေးခဲ့သည့် ကလေးစစ်သား စာအုပ်ကိုဖတ်ပြီး ကလေးများ အနာဂတ် ပျောက်နေသည့်ဘဝ၊ ကလေးတွေ ကလေးလို မကြီးပြင်းခဲ့ရသည့်ဘဝ၊ စိတ်ဒဏ်ရာ ရနေသည့် သူတို့လေးတွေ၏ ဘဝကို တိုင်းပြည်က မည်သို့ တာဝန်ယူကြမည်နည်း ဆိုသည့် မေးခွန်းများကို မေးကြည့်နေမိသည်။ တစ်ခုတော့ သေချာတာရှိသည်။ AK-47 သေနတ်ကိုင်ထားသည့် ကလေးတစ်ယောက် ဘဝသည် ပီပြင်သောကလေး ဘဝမဖြစ်နိုင်ပေ။
http://www.thesituation.co.uk
Child Soldiers, by Jon-Anders
Kindberg
Cr=>>

No comments:
Post a Comment