ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဆုံဆည်းမြိုင်ဒေသ ဒီမိုကရက်တစ်
ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) ကလိုထူးဘော စစ်ဌာနချုပ်တွင် ဆွေးနွေးခဲ့သည့်
တိုင်းရင်းသားပေါင်းစုံတို့၏ သဘောထားအမြင် နှီနှောဖလှယ် ပွဲတွင်
သဘောတူညီချက် အချက် ရှစ်ချက် အတူတကွ လုပ်ဆောင်ရန် ဇွန်လ ၁၇ ရက်က
သဘောတူညီခဲ့သည်။
ဇွန်လ ၁၅ ရက်မှစ၍ သုံးရက်ကြာ ပြုလုပ်ခဲ့သော ယင်းနှီးနှောဖလှယ်ပွဲတွင် နောက်ဆုံးနေ့တွင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းအလွာအသီးသီးမှ ကိုယ်စားလှယ် ၁၇ ဦး ပါဝင်သော working Group အလုပ်အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။
ယင်းပွဲတွင် နိုင်ငံတွင်းရှိ အမျိုးသားရေးပြဿနာတို့အား ပြေလည်ရန် မဖြေရှင်းနိုင်ခြင်းနှင့် အမျိုးသား တန်းတူညီမျှမှု အခွင့်အရေးများ မရရှိခြင်းတို့ ဖြစ်ပေါ်နေသည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဆွေးနွေးပွဲတက်
ရောက်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းတို့က ပထမ သဘော တူညီချက်အဖြစ် လက်ခံကြသည်။ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် တမျိုးသားလုံးပါဝင်သော ညီလာခံ တစ်ရပ်ခေါ်ယူရန်တို့ အပါအဝင် အချက်ရှစ်ချက်ကို ထုတ်ပြန်ခဲ့သည်။
ဆွေးနွေးပွဲတွင်ပါဝင်သူ အမျိုးသားဒီမိုကရေစီ လွတ်မြောက်ရေးနယ်မြေမှ ဦထွန်းအောင်ကျော်က ''ဖယ်ဒရယ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေရဲ့ တူညီတဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို အကောင်အထည်ဖော်နိုင်ဖို့ ပြည်ထောင်စုထဲက တိုင်းရင်းသားတွေ ပါဝင်ဖို့ ညီလာခံကြီးတစ်ခုကို ပြုလုပ်
စေချင်တယ်၊ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ဖယ်ဒရယ် စနစ်မူကြမ်းလဲ ဒုတိယအကြိမ်ထွက်နေပါပြီ'' ဟု ဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင်တို့နှင့် ဗဟိုအစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူထားသည့် အချိန်တွင် အစိုးရဘက်မှ အပစ်အခတ်ရပ်စဲစဉ် လက်ခံထားသည့် သဘောတူညီမှုများအား ဆက်လက်ထိန်းသိမ်း ထားစေလိုကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးကိစ္စများကို ဆောင်ရွက်ရာတွင်လည်း နိုင်ငံတကာ နည်းစနစ်များနှင့် အညီ တစ်တိုင်းပြည်လုံး တစ်ချိန်တည်း ရရှိစေလိုသည်ဟု DKBA မှ ဦးစောထွန်းအေးက ပြောသည်။
ဆွေးနွေးပွဲပြီးသည့် နောက်ပိုင်းတွင် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအလိုက် ကွန်ရက်များဖြင့် အဖွဲ့အစည်းအချင်းချင်းတို့ ချိတ်ဆက်ခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။ နောက်ပိုင်းတွင် ကွန်ရက်အသေး များဖြင့် ချိတ်ဆက်မှုများမှ တဆင့် အစည်းအဝေးများလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။
နယူးမြန်မာဖောင်ဒေးရှင်းမှ မမြနန္ဒာက ''ပထမ လေးလမှာ ဆာဗေးသဘောမျိုးနဲ့ လုပ်သွားမယ်၊ ဘယ်မှာ
ကျောင်းရှိတယ်၊ ဘယ်မှာ ဘာတွေ လိုအပ်တယ်ဆိုတာတွေကိုဆာဗေးလုပ်သွားမယ်၊ အဓိက ကတော့ ကရင်ပြည်နယ်ကိုပဲ အဓိကထားထားတယ်'' ဟု ဆိုသည်။
အဆိုပါ အစည်းအဝေးရလဒ်ထွက်ပေါ်လာစေရန် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အပစ်အခတ်ရပ်စဲရေး မပြုလုပ်ရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးဆိုင်ရာခေါင်းဆောင်များနှင့် တစ်သီးပုဂ္ဂလ တိုင်းရင်းသားများ အပါအဝင် အဖွဲ့အစည်း ၃ဝ ကျော်တို့မှ ကိုယ်စားလှယ် ၈၄ ယောက်တို့က အတည်ပြု ဆုံးဖြတ်ခဲ့သည်။
Cr=>>

No comments:
Post a Comment