ထိပ်ဆုံး သတင်း :
Home » » ကချင်စစ်ဘေး ဒုက္ခသည်များကို ထောက်ပံ့ရန် တနှစ်လုံးအတွက် ဒေါ်လာ သန်း ၄၀ ကျော် လိုအပ်

ကချင်စစ်ဘေး ဒုက္ခသည်များကို ထောက်ပံ့ရန် တနှစ်လုံးအတွက် ဒေါ်လာ သန်း ၄၀ ကျော် လိုအပ်

6/12/2013 12:22:00 PMတွင်ရေးသည်

၂၀၁၃ ခုနှစ်အတွက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင် စစ်ဘေးရှောင် ဒုက္ခသည်များကို ထောက်ပံ့ရန် လိုငွေ ဒေါ်လာ ၄၄. ၂ သန်း ရှိကြောင်း သိရသည်။
                           လိုင်ဇာမြို့ရှိ ကချင်စစ်ဘေး ဒုက္ခသည်စခန်းတခု မြင်ကွင်း (ဓာတ်ပုံ – မေခ / ဧရာဝတီ)
ဗြိတိန် အစိုးရက ကချင်စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ၃ ဒဿမ ၅ မီလျံပေါင် (၅ ဒဿမ ၄ မီလျံဒေါ်လာ) လှူဒါန်းမည်ဟု မေလဆန်းပိုင်းက ကတိပြုခဲ့သော်လည်း စုစုပေါင်း လိုအပ်ငွေ ဒေါ်လာ သန်းဆယ်ဂဏန်းနှင့်ချီ၍ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

“ကတိပြုတယ်ဆိုတာ လက်ထဲရောက်တာ မဟုတ်သေးဘူး။ ဒီ အိုင်ဒီပီ (စစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေး နေရသူများ) တွေ အတွက် တနှစ်တာ လုံလောက်အောင် ပေးမယ် ဆိုရင် ၄၄. ၂ မီလျံဒေါ်လာ လိုအပ်တယ်။ ဒီဟာကို ရအောင် မလုပ်နိုင်သ၍ အိုင်ဒီပီ တွေကို ဘယ်လောက်ပဲ ဘယ်လိုကတိ ပေးပေး လက်ထဲ ရောက်မှာ မဟုတ်ဘူး” ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက် (Kachin Peace Network) မှ ဒေါ်ခွန်ဂျာက ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံကို နိုင်ငံတကာ ရန်ပုံငွေများ ခေါင်းစဉ် အမျိုးမျိုးဖြင့် စီးဝင်နေသော်လည်း ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် မလောက်မင ဖြစ်နေဆဲဖြစ်ကြောင်း ကချင်အရေး လှုပ်ရှားသူများက ဆိုသည်။

“သေချာတာက အစိုးရက နေပြီးတော့ ဒုက္ခသည်တွေ အတွက်ဆိုပြီး လျာထားတဲ့ ရန်ပုံငွေ တပြားမှ မရှိဘူး။ နိုင်ငံတကာက ရန်ပုံငွေတွေကလည်း တံတားဆောက်ဖို့၊ ဖွံ့ဖြိုးရေးအတွက်၊ ငြိမ်းချမ်းရေးအတွက် ဆိုပြီးတော့ ဒီမြန်မာငြိမ်းချမ်းရေး စင်တာကို နင်းကန် ထည့်တာတော့ တွေ့တယ်။ တကယ်တမ်း အိုင်ဒီပီတွေကို ကျွေးမွေးဖို့လို့ ပြောတဲ့ နေရာမှာ ရခိုင်နဲ့ ကချင် ၂ ခု စလုံးကို မပေးကြဘူး။ သဘောကတော့ ဒီနိုင်ငံတကာ ရန်ပုံငွေတွေက ဘာကိုပဲ အဓိက ထားသလဲ ဆိုတော့ သူတို့ စီးပွားရေးအတွက် သာစေတဲ့ နေရာတွေအတွက်ပဲ သူတို့လှူတယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတယ်” ဟု ဒေါ်ခွန်ဂျာက ပြောသည်။

ကချင်စစ်ဘေး ဒုက္ခသည်များအတွက် ထောက်ပံ့ငွေ မလောက်ငသည့် အချိန်တွင် ၎င်းတို့ နေရပ်ပြန်၍ လက်ငုတ်လက်ရင်း အလုပ်များ လုပ်ကိုင်ကြရန်လည်း မဖြစ်နိုင်သေးကြောင်း သိရသည်။

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီ ဒု ဥက္ကဋ္ဌ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မြစ်ကြီးနားမြို့ရှိ ဒုက္ခသည် စခန်းများကို လှည့်လည် ကြည့်ရှုစဉ် လာမည့် ၂ လအတွင်း ဒုက္ခသည်များ နေရပ် ပြန်နိုင်ရန် ဆောင်ရွက် ပေးမည်ဟု ကတိပေး ပြောကြားခဲ့သော်လည်း ဒုက္ခသည် စခန်းတာဝန်ခံများ၊ ဒုက္ခသည်များကို ကူညီ စောင့်ရှောက်နေသည့် အဖွဲ့အစည်းများကမူ ကချင်စစ်ဘေး ဒုက္ခသည်များ အနေဖြင့် လက်ရှိအနေအထားအရ နေရပ်ပြန်နိုင်ရန် မဖြစ်နိုင်သေးဟု ဆိုကြသည်။

KBC (Kachin Baptist Convention) လူမူကယ်ဆယ် ရေးအဖွဲ့မှ ဦးစမ်ဆွန်က ဒုက္ခသည်များကို ၂ လအတွင်း ပြန်ပို့နိုင်ရန် မဖြစ်နိုင်သေးကြောင်း၊ နှစ်ဘက်တပ်များ မရုပ်သေးသည့် အပြင် မြေမြှုပ်မိုင်းများ ရှင်းလင်းရန်နှင့် ၎င်းတို့၏ စားဝတ်နေရေး အတွက် လုပ်ဆောင်ပေးရန်လည်း လိုအပ်သေးကြောင်း ရှင်းပြသည်။

မိုင်းရှင်းလင်းရေးနှင့် ပတ်သတ်၍ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက တပ်မတော် ဘက်မှ ထောင်ထားသည့် မြေမြှုပ် မိုင်းများကို တပ်မတော်ဘက်မှ တာဝန်ယူဖြေရှင်း သွားမည်ဖြစ်ကြောင်း၊ မည်သည့် နိုင်ငံ၏ အကူအညီမှ မယူဘဲ ရှင်းလင်းသွားမည် ဖြစ်ကြောင်း ပြောသည်။

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကလည်း “အစိုးရဘက်ကလိုပဲ ဒီဘက်က မိုင်းတွေလည်း ရှင်းသွားမှာပါ။ ဒီဘက်က ထောင်တာက ဘတ္ထရီ မိုင်းတွေဆိုတော့ ဒီမိုးတွင်းဆို ဘက်ထရီတွေက အားကုန်ပြီဆိုတော့ သိပ်ပြဿနာ မရှိတော့ဘူး” ဟု ဆိုသည်။

လက်ရှိ အနေအထားအရ လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ ဖြစ်သော အစိုးရ တပ်မတော်နှင့် KIA တို့ နိုင်ငံရေးအရ ဆွေးနွေးနေ ချိန်တွင် ဒုက္ခသည်များအတွက် ပြည်ပမှ အကူအညီအပါအဝင် အကူအညီများ ကောင်းမွန်စွာ မရောက်ကြောင်း၊ အကူအညီ များသည့် ထိရောက်မှု မရှိကြောင်း သိရသည်။

“အခု နောက်ပိုင်းမှာ ကူညီထောက်ပံ့မှု ကလည်း ကောင်းကောင်း မရောက်ဘူး၊ မထိရောက်ဘူး ဖြစ်နေတယ်။ လက်နက်ကိုင် ၂ ဖွဲ့က နိုင်ငံရေးအရ ဆွေးနွေးနေချိန်မှာ တဘက်မှာလည်း အိုင်ဒီပီတွေကို နေရပ်ပြန်နေနိုင်ဖို့ လုပ်ကိုလုပ်ရမယ့် အနေအထား ဖြစ်နေတယ်။ အခုက ပြန်ဖို့ဘယ်လိုမှ မဖြစ်နိုင်သေးဘူး၊ နှစ်ဘက် အမှန်တကယ် အပစ်ရပ်သေးတာ မဟုတ်တော့ ဒုက္ခသည်တွေ ကိုယ်တိုင်လည်း မပြန်ရဲဘူး” ဟု ကချင်အရေး လှုပ်ရှားသူ ကိုဂျော်ဂွန်းက ဧရာဝတီကို ပြောသည်။

ဂျာမိုင်ကောင်း ကချင်စစ်ဘေး ဒုက္ခသည်စခန်းမှ မအေးငြိမ်းသူက နှစ်ဘက်စစ်တပ်များကို ကြောက်ရွံ့ နေရဆဲဖြစ်ကြောင်းနှင့် နေရပ်၌ ပြန်လည် နေရမည်ဆိုပါက စားဝတ်နေရေးနှင့် ပတ်သက်၍ နှစ်ဘက်မှ ထောက်ပံ့မှုများ ထိထိရောက်ရောက် ပေးစေချင်သည်ဟု ဆိုသည်။

“ဆုံးရှုံးမှုတွေက အိမ်ထောင်စု စာရင်းနဲ့ ကုန်ကျတာတွေ စာရင်းကောက်ထားပြီးပြီ။ အကုန်ပြန်ပေးမှာတော့ မဟုတ်ဘူး။ ပထမဆုံး မိုင်းရှင်းမယ်၊ ပြီးရင် အိမ်ဆောက်ပေးမယ်၊ ပြီးရင် စပါးမစိုက်နိုင်ခင် ထောက်ပံ့ကြေး ပေးရမယ်။ နောက် အလုပ်အကိုင် အခွင့်အလမ်းတွေ လုပ်ပေးမယ်။ ဆင်းရဲတဲ့ လူက ချမ်းသာတဲ့လူထက် ပိုရတာလည်း ရှိမယ်။ အားလုံး တပြေးညီ လုပ်ပေးသွားမှာပါ။ လှူချင်တဲ့လူတွေ ပေါင်း လုပ်သွားမယ်” ဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးနှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းစဉ် ဖြေကြားခဲ့သည်။

ကချင် ပြည်နယ်အတွင်းရှိ စစ်ဘေးသင့် ပြည်သူများ ပြန်လည်နေရာချထား နိုင်ရေးအတွက် ပြည်တွင်းရှိ အစိုးရ မဟုတ်သော လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများ စုပေါင်းကာ လူမှုကယ်ဆယ်ရေး ဖိုရမ်တခုလည်း ပြုလုပ်သွားရန် စီစဉ်နေကြောင်း ကြားသိရသည်။

အဆိုပါ ဆွေးနွေးပွဲကိုယခုလ ၂၇ ရက်တွင် မြစ်ကြီးနား၌ ကျင်းပသွားရန် စီစဉ်ထားကြောင်း၊ ကချင်ပြည်နယ်တွင် ကူညီနေသည့် ပြည်တွင်းလှုမှုရေး အဖွဲ့ ၈ ဖွဲ့ခန့် ပါဝင်မည်ဟုခန့်မှန်းထားကြောင်း KBC လူမှုကယ်ဆယ်ရေး အဖွဲ့မှ ဦးစမ်ဆွန်က ဆိုသည်။

“ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ဆိုတာမှာ တိကျခိုင်မာ ထိရောက်တဲ့ ကူညီမှုတွေ ရှိဖို့လိုပါတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမယ်။ ပညာရေး၊ ကျန်းမာရေး၊ ပြန်လည်ထူထောင်ရေး အပိုင်းတွေကော နောက်ထပ် ကြုံလာမယ့် စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ်လို့ ရည်ရွယ်ထားတယ်” ဟု သူက ပြောသည်။

ကမ္ဘာ့ ကုလသမဂ္ဂ လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) မှ မေလကုန်တွင် ထုတ်ပြန်ခဲ့သော စာရင်းများအရ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကချင် စစ်ဘေးရှောင် ဒုက္ခသည် ၈၅၀၀၀ ကျော် ရှိပြီး ၂၀၁၃ ခုနှစ် အတွက် ၎င်းတို့ကို ထောက်ပံ့ရန် ၅၀. ၉ မီလျံဒေါ်လာ လိုအပ်လျှက်ရှိကာ ၁. ၂ မီလျံဒေါ်လာ ရရှိပြီး ဖြစ်ကြောင်း သိရသည်။

KIA နှင့် မြန်မာအစိုးရ တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားချိန် ၂ နှစ်နီးပါး အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် အကြိမ်ကြိမ် တွေ့ဆုံခဲ့ကာ နောက်ဆုံး တွေ့ဆုံခဲ့သည့် မေလ ၂၉ ရက်နေ့တွင် ၂ ဘက် စစ်တပ်များ အပစ်ရပ် ထားရန် အကြို သဘောတူညီမှု ရရှိခဲ့သည်။ ထိုကဲ့သို့ သဘောတူညီမှု ရရှိထားသော်လည်း စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်ရေးမှာ မသေချာနိုင်သေးကြောင်း သိရသည်။ ကျေးရွာများတွင် မြန်မာစစ်တပ်မှ တပ်စွဲထားခြင်း၊ နေအိမ်နှင့် စာသင်ကျောင်းများ ပျက်စီးနေခြင်း စသည်တို့ကို ကြိုတင် ပြင်ဆင်ရန်နှင့် ၂ ဘက် စစ်တပ်၏ အမှန်တကယ် အပစ်အခတ် ရပ်စဲကြောင်း ကတိပြုမှုတို့ လိုအပ်ကြောင်း ဒေါ်ခွန်ဂျာက ဆိုသည်။

“အဖွဲ့တွေ ပေါင်းလုပ်ကြမှ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်မယ်။ အစိုးရဘက်က ကတိတွေ အမျိုးမျိုး ပေးပေမယ့် လက်တွေ့ ဖြစ်လာတာ နည်းတော့ ခက်တယ်။ ပြောတာတွေ ဖြစ်မလာမှာ စိုးပါတယ်။ ၁၇/၁ ကိစ္စဆိုလည်း ဒီအတိုင်းပဲ။ အခုလည်း အပြောပဲ ဖြစ်မှာဆိုးတယ်။ ဘယ်သူမဆို အိမ်ပြန်ချင်ကြတယ်။ အစိုးရက မျှော်လင့်ချက်တွေ ခဏခဏ ပေးလွန်းတယ်” ဟု ဦးစမ်ဆွန်က ပြောသည်။

ဧရာဝတီသတင်းထောက် နန်းသီရိလွင်နှင့် မေခ ပူးပေါင်းရေးသားသည်။
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"