အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီမိုကရေစီကွန်ရက်တခုဖြစ်တဲ့ ပညာရေးကွန်ရက် တနှစ်ပြည့် ဈေးရောင်းပွဲဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အားပေးပြီး မိန့်ခွန်းပြောကြားခဲ့ရာမှာ ပရိသတ် သောင်းနဲ့ချီ လာရောက်ခဲ့ကြပါတယ်။
ဈေးရောင်းပွဲတော်ကို လာရောက် အားပေးသည့် ပရိသတ်များ
ဈေးရောင်းပွဲဖွင့်ပွဲကို ရန်ကုန်မြို့ ပြည်လမ်းက ယုဒသန်ရိပ်သာခန်းမဝင်းမှာ ဒီကနေ့ ပြုလုပ်ခဲ့တာပါ။
ဖွင့်ပွဲမှာ ပညာရေးအရေးပါပုံကို ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ နိုင်ငံသူနိုင်ငံသားအားလုံးက ပညာရေးကို စိတ်ဝင်စားပြီးတော့ ပညာရေးကို ထောက်ခံအားပေးမှ ကျမတို့နိုင်ငံတိုးတက်နိုင်မှာပါ။ တခြား ဘာပဲ ကျမတို့အချင်းချင်း တယောက်နဲ့ တယောက် သဘောမတူတာရှိပေမယ့်လည်း ပညာရေးနဲ့ပတ်သက်လို့ တသဘောတည်းလို့ ကျမထင်ပါတယ်။ အားလုံးဟာ ကျမတို့နိုင်ငံမှာ ပညာရေးဖွံ့ဖြိုးစေချင်တယ်။ ကျမတို့ရဲ့လူငယ်တွေဟာ ကမ္ဘာ့အဆင့်အတန်းနဲ့ မီအောင်လို့ ပညာတွေရစေချင်တယ်။ ဒါကတော့ ဘယ်သူကမှ ငြင်းမယ်လို့မထင်ပါဘူး။ အဲ့ဒီလို ပညာတွေရဖို့အတွက် ကျမတို့လုပ်နေတဲ့အခါမှာ ဒီမိုကရေစီကွန်ရက်က လူငယ်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ အမျိုးမျိုးအားပေးတာဟာ ကျမတို့အနာဂတ်အတွက် အင်မတန်မှကောင်းတဲ့ လက္ခဏာပါပဲ။”
ဒေါ် အောင်ဆန်းစုကြည် လွတ်မြောက်ခဲ့ပြီးတဲ့နောက် ဖွဲ့စည်းခဲ့တဲ့ ပညာရေးကွန်ရက် တနှစ်ပြည့် ဈေးရောင်းပွဲမှာ ရန်ကုန်တိုင်းအတွင်း ပညာရေး ကွန်ရက်အောက်မှာ ပါဝင်နေတဲ့ ကျောင်းပေါင်း ၂၅ ကျောင်းက ဆိုင်ခန်းပေါင်း ၂၅ ခန်း ဖွင့်လှစ် ရောင်းချခဲ့တာပါ။
ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်၊ တီရှပ်နဲ့ စာအုပ်စာတမ်းမျိုးစုံ၊ အစားအသောက်မျိုးစုံတို့ ဈေးရောင်းပွဲမှာ ရောင်ချခဲ့ပြီး ရောင်းချရတဲ့ ရန်ပုံငွေအားလုံးကို ပညာရေးကွန်ရက်ကို လှူဒါန်းသွားမယ်လို့ ပညာရေးကွန်ရက်များ ဖွဲ့စည်းနိုင်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ ၈၈ မျိုးဆက် ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
ပြည်သူလူထုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အားထားတဲ့ပညာရေးကဏ္ဍကို အားပေးတာ တွေ့ရတယ်လို့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
“ပြည်သူလူထုရဲ့ ထောက်ခံမှုကြောင့်လည်း ဒီဈေးရောင်းပွဲတော်က အောင်မြင်တယ်ပေါ့ဗျာ။ ပညာရေးကွန်ရက် အခုလိုဆောင်ရွက်နိုင်မှုအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေးလမ်းကြောင်းပေါ်မှာ အားထားမှုအပေါ်မှာ ပြည်သူလူထုကလည်း ထောက်ခံမှုရပါတယ်။ ဒီ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်ရပ်တည်မှု ပြန်လည်ဆောင်ရွက်လာမှု အပေါ်မှာလည်း လူထူရဲ့ ပါဝင်နိုင်မှုက ပိုပြီး ရဲရဲတင်းတင်း ပါဝင်လာတယ်လို့ ကျနော်ထင်ပါတယ်။”
ပညာရေး ကွန်ရက် ဈေးရောင်းပွဲကျင်းပတဲ့ ယုဒသန်ခန်းမထဲမှာ ဆောင်းဦးလှိုင်၊ အနဂ္ဂ၊ သံသာဝင်း၊ ချောစုခင်၊ ကဗျာဘွဲ့မှူး၊ မီးမီးခဲ စတဲ့ တေးသံရှင်တွေက ဈေးရောင်းပွဲလာပရိသတ်တွေကို တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး မျက်လှည့်၊ ဟာသပညာရှင်တွေကလည်း ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။
ဒေါ် အောင်ဆန်းစုကြည် လွတ်မြောက်ခဲ့ပြီးတဲ့နောက် ပညာရေး၊ ကျန်းမာရေးနဲ့ သဘာဝဘေးစတဲ့ ဒီမိုကရေစီကွန်ရက်လေးခု ဖွဲ့စည်းပြီး လူထုအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
@ by http://burmese.dvb.no/archives/18108
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !