အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့ဟာ နိုဝင်ဘာ ၁၄ ရက်ပွဲစဉ်တွေ ပြီးဆုံးချိန်ထိ ရွှေတံဆိပ်မဆွတ်ခူးနိုင်သေးဘဲ ငွေတံဆိပ်နဲ့ကြေးတံဆိပ်တွေသာ ဆွတ်ခူးထားပါတယ်။
၂၀၁၁ ခုနှစ် ၂၆ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်နဲ့ ပါလမ်ဘန်းမြို့တို့မှာ နိုဝင်ဘာ ၁၁ ရက်က စတင်ကျင်းပနေပြီး နိုဝင်ဘာ ၁၄ ရက်နေ့ ပြိုင်ပွဲတွေအပြီးမှာ အင်ဒိုနီးရှားက ရွှေတံဆိပ် ၆၀ ရထားပြီး ပြိုင်ပွဲကို ဦးဆောင်နေပါတယ်။
မြန်မာအား ကစားအဖွဲကတော့ ရွှေတံဆိပ် မဆွတ်ခူးနိုင်သေးဘဲ ငွေတံဆိပ် ၈ ခုနဲ့ ကြေးတံဆိပ် ၁၁ ခု ရထားပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံထဲမှာ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။
ဆုတံဆိပ်ရရှိမှု အနေအထားမှာ လာအိုနဲ့ ကမ္ဘောဒီးယားတို့က ရွှေတံဆိပ်တွေ ရရှိထားတာကြောင့် မြန်မာရဲ့အထက် အဆင့် ၇ နဲ့ အဆင့် ၈ နေရာတွေမှာ ရပ်တည်နေပါတယ်။
မြန်မာအား ကစားအဖွဲ့ရရှိထားတဲ့ ဆုတံတိပ်တွေကို ကနူးလှေလှော်၊ ပြေးခုန်ပစ်၊ ဘိလိယက်၊ တိုက်ကွမ်ဒို၊ ကရာတေးဒို နဲ့ဒိုင်ဗင် အားကစားနည်းတွေမှာ ဆွတ်ခူးထားတာပါ။
၂၀၀၉ ဆီးဂိမ်းပြိုင်ပွဲမှာ တိုက်ကွမ်ဒို ကကွက်ပြိုင်ပွဲကနေ ရွှေတံဆိပ် ဆွတ်ခူးထားတဲ့ ယမင်းကေခိုင်အနေနဲ့ဒီပြိုင်ပွဲမှာ ကြေးတံဆိပ်ပဲ ရခဲ့ပြီး၊ ၂၀၀၉ ရွှေတံဆိပ်ရှင် အမျိုးသမီး ၂၀ ကီလိုမီတာ လမ်းလျှောက် အားကစားသမား ကေခိုင်မျိုးထွန်းကလည်း ငွေတံဆိပ်နဲ့ကျေနပ်လိုက်ရပါတယ်။
ဆီးဂိမ်း ၂ ကြိမ်ဆက် ရွှေရဖူးတဲ့ အမျိုးသားနှစ်ယောက်တွဲ ဘိလိယက်ပွဲစဉ်မှာ လည်း မြန်မာအဖွဲ့က ငွေပဲချိတ်ပါတယ်။
ဆီးဂိမ်း ပြိုင်ပွဲ အကြိမ်တိုင်းလိုလို အနည်းဆုံး ရွှေတံဆိပ် ၂ ခုလောက် အရယူပေးခဲ့တဲ့ မြန်မာသေနတ်ပစ်အဖွဲ့ကလည်း ကြေးတံဆိပ်တောင် မဆွတ်ခူးနိုင်သေးပါဘူး။
မြန်မာအဖွဲ့ အတွက် ရွှေတံဆိပ် ကျိန်းသေတယ်လို့ထင်ခဲ့ကြတဲ့ ကနူးလှေလှော် ပွဲစဉ်တွေမှာလည်း ငွေတံဆိပ် ၃ ခုနဲ့ကြးတံဆိပ် ၂ ခုပဲ ရရှိခဲ့လို့ မှန်းချက်နဲ့နှမ်းထွက် လွဲချော်ခဲ့ရပြန်ပါတယ်။
၂၀၀၉ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့ဟာ ရွှေတံဆိပ် ၁၂ ခု ဆွတ်ခူးနိုင်ခဲ့ပြီး လက်ရှိဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ် ၁၀ ခု ပြည့်အောင်တောင် စွမ်းဆောင်နိုင်ပါ့မလားဆိုတာ လက်ကျန်ပြိုင်ပွဲတွေကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !