ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် ကြိုဆိုရမှာ ဖြစ်တယ်လို့ ၂၀၁၀ ရွေးကောက်ပွဲမှာ အင်အား ဒုတိယ အကြီးဆုံး ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ရွေးကောက်ပွဲ ဥပဒေတွေ ပြင်ဆင်လိုက်ပြီး နောက်ပိုင်း NLD အနေနဲ့ မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်မယ် ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ပိုမို အကျိုးရှိလာမှာ ဖြစ်တယ်လို့ တစည-ခေါ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးဟန်ရွှေက RFA ကို ပြောပါတယ်။ တစညပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် တစ်ထောင် နီးပါး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး၊ လွှတ်တော် အမတ်နေရာ ခြောက်ဆယ်ကျော် အနိုင်ရရှိခဲ့ ပါတယ်။ လက်ရှိ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ အဓိက မဟာမိတ် ပါတီလို့ လူသိများတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီဟာ ယခင် ဗိုလ်ချုပ်ကြီး နေ၀င်း စစ်အစိုးရ လက်ထက်မှာ စတင် ဖွဲ့စည်းခဲ့တဲ့ မဆလ ခေါ် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကို နာမည်ပြောင်းလဲ ထူထောင်ထားတာ ဖြစ်ပါတယ်။
မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ပါတီ ဌာနချုပ်တွင် စက်တင်ဘာ ၂၄ ရက်က ပါတီ ၂၂ နှစ်မြောက် အခမ်းအနား ကျင်းပစဉ် တက်ရောက်လာသော အဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !