မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေး
ဒုတိယဝန်ကြီး ဦးဇင်ယော်နဲ့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါ်ဝင်းမော်ထွန်းတို့ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၁၂ ရက်
နေ့လည်ပိုင်းက ကာပုန်း(Kepong) ရပ်ကွက်က ဆမ်နပ်ဆမ်ဘောဓိ (Samnak Sambodhi)
မြန်မာဘုန်းတော်ကြီးကျောင်းကို ရောက်ရှိသွားပြီး၊
လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ရန်ရှာတိုက်ခိုက်မှုတွေကြောင့်
လာရောက်ခိုလှုံနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ဆရာတော် ဒေါက်တာ အိန္ဒက
ဦးစီးတဲ့ လူမှုရေးအဖွဲ့ဝင်တွေကို တွေ့ဆုံအားပေးခဲ့ပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ အတူ မကြာခင်ကမှ မြန်မာနိုင်ငံမှာ ဖွဲ့စည်းခဲ့တဲ့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF ဥက္ကဌ ဦးမင်းလှိုင်နဲ့ တခြားအဖွဲ့ဝင်တွေလည်းပါဝင်ပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၁၄ ရက်နေ့မှာ မလေးရှားအစိုးရအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။
ဒီအတောအတွင်း မနေ့ညနေပိုင်းမှာ ကွာလာလမ်ပူမှာရှိတဲ့ မြန်မာလူမှုကူညီရေးအသင်းကို မြန်မာနိုင်ငံသားတချို့က အလှူငွေများပေးအပ်ခဲ့ပါတယ်။
မြန်မာလူမှုကူညီရေးအသင်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဆန်းဝင်းက အလှူရှင်တချို့ရဲ့အမည်ကိုပြောကြားရင်း လက်ခံရရှိတဲ့အလှူငွေတွေကို ပွင်းလင်းမြင်သာစွာအသုံးပြုမယ်လို့ RFA ကို ပြောပါတယ်။
"ကမ္ဘောဇဘဏ်က ဦးအောင်ကိုဝင်းက ဒေါ်လာ ၅၀၀၀၀ ၊နောက်တစ်ခု ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဌ ဦးဇော်ဇော်က ဒေါ်လာ ၂၀၀၀၀၊ Eleven Media Group က ဒေါ်လာ ၁၀၀၀ လှုထားပါတယ်၊ အားလုံးပေါင်း ဒေါ်လာနဲ့ဆိုရင် ၇၁၀၀၀ လှူထားပါတယ်၊ ဒီငွေတွေနဲ့ သေဆုံးသွားတဲ့သူတွေအတွက်သုံးမယ်၊ ကျန်ရစ်တဲ့မိသားစုတွေကို ထောက်ပံ့ကူညီမယ်၊ ဒဏ်ရာရတဲ့သူတွေကို သူတို့ရဲ့စားရိတ်စက ရှင်းပေးမယ်၊ ကျွန်တော်တို့ အလှုငွေပေးခိုင်းတဲ့အချိန်မှာ လက်ခံသူတွေကို လက်မှတ်တွေထိုးထားခိုင်းမယ်၊ အလှူရှင်တွေကို သိသာအောင် ထင်ရှားအောင်ပြမယ်၊ facebook တွေပေါ်မှာလည်းတင်ပြဖို့ စီစဉ်ထားပါတယ်"
အခုလို မလေးရှားရောက် မြန်မာနိုင်ငံသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားနေမှုကို ဘာသာရေးနဲ့ လူမှုရေးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်နေတယ်လို့ ကွာလာလမ်ပူမြို့မှာ ၁ဝ နှစ်ကျော်နေထိုင်ခဲ့တဲ့ မြန်မာမွတ်စလင်ခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟာမက်နာအင်းက ပြောပါတယ်။
"ကျွန်တော်နားလည်လာတဲ့ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုဆိုတာ ဒီလိုမဟုတ်ပါဘူး၊ ဒီလိုမုန်းတီးရေးတွေ ကျွန်တော်တို့ အတွင်းမှာမရှိခဲ့ဘူး၊ ပြုပြင်ပြောင်းလဲမှုကြီး ဖြစ်လာပြီ၊ အခုအားလုံး မျှော်လင့်ချက်လေးရှိလာပြီဆိုတော့ ကျွန်တော် မွတ်စလင်တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီဟာတွေဟာ မလိုလားအပ်တဲ့ ဖြစ်စဉ်တွေဖြစ်တယ်၊ ကျွန်တော်တို့ အဓိကလုပ်ရမှာက တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရဖို့ ဆွေးနွေးပွဲတွေ လုပ်ရမယ်၊ ကျွန်တော်တို့ မွတ်စလင်တွေသည် ဘယ်သူတွေလဲ၊ တကယ်တမ်း အင်တာနက်ပေါ်က Anti-Islam Website တွေပေါ်က ဖြန့်ချိတဲ့အကြောင်းအရာတွေဟာ တကယ်တမ်း အစ္စလာမ်သင်ကြားမှုတွေနဲ့ ကိုက်ညီမှု ရှိ/မရှိ၊ ဒါတွေကို တစ်ဖက်က ဘာသာခြားတွေကို ရှင်းပြမယ်၊ ဟိုဘက်ကလည်း ဘာသာရေးအရ ကောင်းမွန်တဲ့သင်ကြားမှုတွေကို ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေကို ပြန်ရှင်းပြမယ်ဆိုရင် ဒါစားပွဲဝိုင်းတစ်ခုပေါ်မှာ ဖြေရှင်းလို့ရတဲ့နည်း"
အခုရက်ပိုင်းအတွင်း စိုးရိမ်တကြီး မြန်မာပြည် ပြန်လိုသူတွေထံကနေ ပွဲစားတွေက CI လို့ခေါ်တဲ့ လက်မှတ်အတွက် တရားဝင်ပေးရမယ့် ရင်းဂစ် ၄ဝဝ အစား ၁၅ဝဝ တောင်းနေတယ်လို့လည်း ကျယ်ကျယ်ပျံပျံ့ထွက်နေပါတယ်။
တချို့အောက်လမ်းလို့ခေါ်တဲ့ ကားလမ်းကနေ ရင်းဂစ် ၉၅ဝ နဲ့ ပြန်ကြမယ်လို့ပြောကြပါတယ်။
မြန်မာနိုင်ငံကို တကယ်ပြန်ဖို့ လိုတယ်ဆိုရင်လဲ ဘယ်လိုပြန်မလဲဆိုတာကို သေချာစဉ်းစားဖို့လိုတယ်လို့ စင်္ကာပူနိုင်ငံကနေ လာရောက်ပြီး မြန်မာတွေကို ကူညီနေတဲ့လုပ်ငန်းရှင် ဒေါ်နီလာအောင်က ပြောပါတယ်။
"လာတော့ကလဲ အန္တာရာယ်တောကလာတယ်၊ ပြန်တော့လဲ အန္တာရာယ်တောထဲက ပြန်မယ်ဆိုရင် အများကြီးဆုံးရှုံးနိုင်ပါတယ်၊ ကိုယ့်ဘာသာကိုယ် အလုပ်ရှင်နဲ့ ညှိနှိုင်းပြီး အလုပ်လုပ်မယ်ဆိုရင် ဒီပြဿနာ တအားကြီးကြီးမားမား မဖြစ်နိုင်ပါဘူး၊ ကြောက်လန့်တကြားနဲ့ ပြန်တာတို့ သံရုံးနဲ့ဆက်သွယ်ပြီး တစ်ခုခုလုပ်တာတို့ဆိုရင် ကြားထဲမှာ Third Party တွေရှိတော့ သူတို့ပိုပြီးများ ဆုံးရှုံးမလား"
အခုလိုသေဆုံးဒဏ်ရာရသူတွေကို ကူညီအားပေးစကားပြောရမယ့်အစား အမြဲလိုလိုကြားရတတ်တဲ့ သံရုံးပွဲစားတွေရဲ့အရေးအခင်းပေါ်က အမြတ်ထုတ်တာကို မခံရအောင် ဆရာတော်တွေနဲ့ လူမှုရေးအဖွဲ့တွေက ကြိုးစားနေကြပါတယ။်
Cr=>>

0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !