ထိပ်ဆုံး သတင်း :
Home » » အစိုးရတပ်က ကချင်ဘက် လက်နက်ကြီး ပစ်ခတ်

အစိုးရတပ်က ကချင်ဘက် လက်နက်ကြီး ပစ်ခတ်

7/22/2011 07:31:00 PMတွင်ရေးသည်

http://media.voanews.com/images/ap_burma_rangoon_security_230_13Nov10.jpg
ချင်းမိုင် (မဇ္စျိမ) ။       ။ မည်သည့်ဘက်သို့ ရည်ရွယ်ပစ်ခတ်မှန်း မသိရသေးသော လက်နက်ကြီး အလုံး ၂ဝ ကျော် ပစ်ခတ်မှုကို ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ အခြေစိုက် အစိုးရအမြောက်တပ်က ကြာသပတေးနေ့ ညပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ပြောသည်။

KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှ ၂၅ မိုင်အကွာရှိ အဆိုပါ အမြောက်တပ်က မည်သည့်အရပ်သို့ ချိန်ရွယ်ပစ်ခတ်
သည်ကို မသိရသော်လည်း ည ၉ နာရီမှ ၁၁ နာရီအတွင်း လက်နက်ကြီး ပေါက်ကွဲသံများ လိုင်ဇာမြို့မှ အတိုင်းသား ကြားခဲ့ရသည်။

“ကျနော်တို့ဘက်ကို ပစ်တယ်ထင်တယ်။ ကျနော်တို့ တပ်ရင်း ၂၄ ကို ပစ်တာလား၊ ဘယ်မှာ ထိခိုက်တာရှိမရှိ မသိသေးတော့ ပြောလို့ မရသေးဘူး။ ၈၁ နဲ့ ၇၆ မမ လက်နက်တွေ ဖြစ်မယ်ထင်တယ်။ ဘယ်နေရာမှာ ကျတယ်
ဆိုတာ အခုထိ စုံစမ်းနေပါတယ်။ အလုံး ၂ဝ ကျော်လောက်” ဟု KIO တွဲဘက်အတွင်းရေးမှူး ဦးလနန်က မဇ္ဈိမကို
 ပြောသည်။ KIO ကို ခြိမ်းခြောက်ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၂၄ မှာ ဒေါ့ဖုန်းယန်အရှေ့ဘက်၌ တည်ရှိသည်။

မြစ်ကြီးနား-ဗန်းမော်ကားလမ်းရှိ ဒေါ့ဖုန်းယန်မြို့နယ် ခလားနှင့် နွမ်လန်းရွာကြား ပျဉ်နှင့် သံဘောင်ဖြင့် လုပ်ထားသော တံတား ၂ စင်းကို KIO တပ်ဖွဲ့များက ကြာသတေးနေ့တွင် မိုင်းခွဲခဲ့အပြီး လက်နက်ကြီး ပစ်ခတ်မှု ဖြစ်လာခဲ့သည်ဟု လိုင်ဇာမှ အရာရှိတဦးကလည်း  မဇ္စျိမကို ပြောသည်။

“ဒေါဖုန်းယန်ရဲ့ ခလားနဲ့ နွမ်လန်းရွာ အောက်ဘက်က တံတားရယ်၊ အထက်က တံတားရယ် ဖောက်ခွဲလိုက်တယ်။
ည ၈ နာရီ ကျော်ကျော်လောက်မှာ တံတားမိုင်းခွဲတာကို အစိုးရဘက်က ဘယ်လိုထင်သလဲ မသိဘူး၊ လက်နက်ကြီး
နဲ့ ပစ်တယ်။ ၂ စင်းတော့ မိုင်းခွဲတယ်။ တစင်းက မိုင်းမကွဲဘူးလို့ ပြောတယ်” ဟု သူက ဆိုသည်။

ဗုဒ္ဓဟူးနေ့ ညတွင်လည်း မြစ်ကြီးနား-ဗန်းမော်ကားလမ်းရှိ ဝိုင်းမော်မြို့နယ် ဂါးရားယန်နှင့် ကဇူးရွာအကြား ပမွေမြစ်ပေါ် ဆောက်လုပ်ထားသော ပေ ၃ဝ ခန့်အရှည် ကွန်ကရစ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့သေးသည်။

ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားနှင့် ဗန်းမော်ဘက်မှ အစိုးရ စစ်ယာဉ်တန်းများနှင့် စစ်အင်အား တိုးချဲ့လာသဖြင့် တံတားများ ဖျက်ဆီးပစ်ရသည်ဟု ဦးလနန်က ဆိုသည်။

“အစိုးရတပ်ရဲ့ လှုပ်ရှားမှုကြောင့် ကျနော်တို့ဘက်က ကြိုတင်စီမံပြီး လုပ်ရတာပဲ။ စစ်ယာဉ်တန်းတွေလည်း ကျနော်
တို့ လိုင်ဇာဘက်ကို တက်လာတယ်လို့ သတင်းအတိအကျ ရလာတယ်။ အဲဒါကြောင့် ကျနော်တို့ လုပ်သင့်လို့ လုပ်တယ်လို့ သတ်မှတ်တယ်” ဟု သူက ပြောသည်။

ဖားကန့်မြို့နယ် နမ်တိန်ရွာအနီး တောင်ကုန်းတခုပေါ်ရှိ ကားလမ်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် - မပခ လက်အောက်ခံ တပ်ရင်း ၂၉၈ မှ တပ်ဖွဲ့များနှင့် KIO စစ်ယူနီဖောင်းဝတ် အစိုးရ တပ်ဖွဲ့များအကြား ဇူလိုင် ၂ဝ ရက် ညနေပိုင်းတွင် မှားယွင်းပစ်ခတ်မှု ဖြစ်ခဲ့ကြောင်းနှင့် တနာရီခန့်ကြာ တိုက်ပွဲအတွင်း ဒုဗိုလ်တဦး၊ တပ်ကြပ်တဦးနှင့် တပ်သားတဦး သေဆုံးကာ၊ ၇ ဦး ဒဏ်ရာရရှိကြောင်း  KIO သတင်းရပ်ကွက် အဆိုအရ သိရသည်။

ဒဏ်ရာပြင်းဒဏ်သူ ၃ ဦးကို မိုးကောင်း ဆေးရုံသို့ ပို့လိုက်ပြီး၊ ကျန် ၄ ဦးမှာ ကာမိုင်း ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။

“အစိုးရတပ်တွေ မကောင်းတာ လုပ်တာတွေကို KIO တပ်သားတွေ လုပ်တယ် ထင်အောင် လုပ်တာလည်း
 ဖြစ်နိုင်တယ်။ သူတို့က ရိုးသားတဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး။ ဒီလိုစစ်ပွဲကာလတွေမှာ တခြား ကိုယ့်ရဲ့ ရန်သူရဲ့ ယူနီဖောင်း ဝတ်တယ်ဆိုတာက မသမာနည်းပါ၊ ကောက်ကျစ်တဲ့ စဉ်းလဲတဲ့ ကျင့်ကြံမှု တခုပဲ။ ရိုးသားမှု မရှိဘူး။ သူရဲဘောကြောင်တဲ့ လုပ်ရပ်ပါ” ဟု ဦးလနန်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လပိုင်းတွင်လည်း ဗန်းမော်ကားလမ်းပေါ်၌ KIO ယူနီဖောင်းဝတ် အစိုးရတပ်ဖွဲ့ ခရီးသည်များကို စစ်ဆေးမေးမြန်းမှု၊ ရိုက်နှက်မှု ပြုလုပ်ခဲ့ကာ၊ လက်ရှိ ဖားကန့်လမ်းပေါ် တိုက်ပွဲအပြင် အခြားနေရာများ၌လည်း
ယခုလို လှည့်စားမှုများလည်း ရှိနိုင်သည်ဟု သူက ဆိုသည်။

ဇွန်လ ၉ ရက်တွင် စတင်ခဲ့သည့် အစိုးရတပ်နှင့် KIO အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ခဲ့သည့် ကချင်ဒုက္ခသည် ၁၆ဝဝဝ ကျော်အတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရင်ကျန်းခရိုင်ရှိ ကြက်ခြေနီအဖွဲ့က တရုတ်ယွမ်ငွေ ၈ သောင်းခန့် တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ ပထမဆုံးအကြိမ် ထောက်ပံ့ခဲ့ကြောင်း KIO ကျန်းမာရေးဌာန အရာရှိတဦး ပြောဆိုချက်အရ သိရသည်။

“ကူးစက်ရောဂါတွေနဲ့ပတ်သက်တဲ့ ကာကွယ်ဆေးဖြစ်တဲ့ ငှက်ဖျားဆေး၊ တုပ်ကွေးရောဂါတွေကို ပုံမှန် ကူညီနေတယ်။ ကျနော်တို့ ကျန်းမာရေးဌာနကို ပုံမှန်ကူညီနေတဲ့ အဖွဲ့က စစ်ပြေးဒုက္ခသည်တွေ အတွက်ပါ သောက်ဆေးတွေ ကူညီတာပါ” ဟု သူက ပြောသည်။ လိမ်းဆေး၊ သောက်ဆေးနှင့် ပိုးသတ်ဆေးများသာ ပါဝင်သဖြင့် ထိုးဆေးများ လိုအပ်သေးသည်ဟု ဆိုသည်။

လက်ရှိ စစ်ပြေးဒုက္ခသည်များသည် ဝမ်းကိုက်၊ နှာစေး၊ ချောင်းဆိုး၊ မျက်စိနာ၊ အရေပြား ယားယံခြင်း စသည့်ရောဂါ
များ ဖြစ်ပွားနေသဖြင့် ပဋိဇီဝ ထိုးဆေးများ လိုအပ်နေသည်။

နှစ်ဖက် အပစ်ရပ်စဲရန် ကြားဝင်စေ့စပ်ပေးသော ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ညှိနှိုင်းရေး ကိုယ်စားလှယ်များနှင့် KIO
က ပြီးခဲ့သည့် ဇွန် ၃ဝ ရက် တွေ့ဆုံမှုနောက်ပိုင်း ဇူလိုင် ၇ ရက်တွင် ကိုယ်စားလှယ် တဦးမှတဆင့် အပြန်အလှန် စာပေးပို့ခဲ့ကာ ယနေ့ထိ ပြန်လည် တွေ့ဆုံဆွေးနွေးမှု မရှိသေးပေ။

ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"