ထိပ်ဆုံး သတင်း :
Home » » ဒီမိုကရေစီခေါင်းဆောင်၏ ပဲခူးခရီး

ဒီမိုကရေစီခေါင်းဆောင်၏ ပဲခူးခရီး

8/16/2011 07:09:00 PMတွင်ရေးသည်

"မေမေစုကို ချစ်တယ်"

"ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ"

"အမေစု ရွှင်လန်းချမ်းမြေ့ပါစေ"

စသည့် စာတန်းပါ စာရွက်များ ကိုင်ထားသည့် ပဲခူးမြို့ခံလူငယ်တစုက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနံ့သာကုန်း ရေဘေး ကယ်ဆယ်ရေး စခန်းတွင် ကြိုဆိုခဲ့ကြသည်။ သူတို့မြို့သို့ ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့သည်နှင့် စာရွက်ပေါ်တွင် ရေးထားသည့်အတိုင်း ၀မ်းသာအားရ အော်ဟစ်နေကြသည်။

kyi_wai_1_kw

ပဲခူးသို့ ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း နှင့် သူ့အား တဒင်္ဂ မြင်တွေ့နှုတ်ဆက်နိုင်ခွင့်အတွက် လမ်းတလျှောက် စောင့်မျှော်နေသူများ (ဓာတ်ပုံ-ဧရာဝတီ)

"ဒီလိုကြိုဆိုဖို့ ဘယ်သူကမှ မတိုက်တွန်းပါဘူး၊ ကျနော်တို့ဟာ ကျနော်တို့ အမေစုကို ချစ်လို့ ကြိုတာပါ" ဟု စပို့ရှပ်လက်တိုအစိမ်းရောင်နှင့် သရီးကွာတားဘောင်းဘီ ၀တ်ထားသော အသက် ၂၀ ၀န်းကျင် လူငယ်တဦးက ပြောသည်။ သူ့လက်ထဲက စာရွက်ပေါ်တွင်လည်း "မေမေစုကို ချစ်တယ်" ဟု ရေးထားသည်။

လူငယ်တချို့လက်ထဲတွင် နှင်းဆီပန်းစည်းများ ကိုင်ထားကြသည်။ အများအပြားက ရွှေနံ့သာကုန်းစခန်းသို့ ဒေါ်အောင်ဆန်းစုကြည် လာမည် ဟူသော သတင်းကို ကြားပြီး ကတည်းက စခန်းနှင့် မနီးမဝေးရှိ လက်ဖက်ရည်ဆိုင်များတွင် ထိုင်စောင့်နေသူများဖြစ်သည်။

"မနက်က (ဒေါ်အောင်ဆန်းစုကြည်) ဘုရားပေါ်တက်တော့ ကျနော်တို့ မမီလိုက်ဘူး၊ ဒါကြောင့် ဒီစခန်းမှာ မနက် ၁၀ နာရီလောက် ကတည်းက လာစောင့်နေတာ၊ နေ့လယ်စာတောင် ပြန်မစားဘူး၊ အမေစုကို လွတ်သွားမှာစိုးလို့" ဟု မြို့ခံ လူငယ်တဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့ ရွှေမော်ဓောစေတီကို  နံနက် ၈ နာရီခန့်က ဖူးမြော်သွားကြောင်းသာ ကြားသိခဲ့ရပြီး မမြင်လိုက်ရသဖြင့်  မြို့သူမြို့သားများ နေမထိ ထိုင်မသာ ဖြစ်နေကြကြောင်း သူက ပြောသည်။ ထိုလူငယ်ကဲ့သို့ပင် ရေဘေး ကယ်ဆယ်ရေးစခန်းတွင် လာရောက်စောင့်ကြိုနေသော မြို့ခံ လူထုမှာ ၃၀၀၀ ထက် မနည်းပေ။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုးသည်းထန်၊ ရေလွှမ်းမှုကြောင့် ကယ်ဆယ်ရေးစခန်းပင် ဖွင့်ထားရသည်။ ဒေါ်အောင်ဆန်းစုကြည်ရောက်သည့်နေ့တွင် ပဲခူးက ရေကျသွားပြီး နေသာနေသည်။

အသက် ၃ နှစ်အရွယ် သမီးကို ခါးထစ်ခွင် ချီပိုးထားရင်း လူအုပ်ထဲသို့ အတင်းတိုးဝင်နေသူ အမျိုးသမီးက ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့လိုက်ရသည့်အတွက် ကျေနပ် အားရသွားပြီဟု ဆိုသည်။ သူ့အမည်မှာ မခင်ဝင်း ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးကျေးရွာသူဟု သိရသည်။

"ကျမလည်း ရွာကနေ မနက်ကတည်းက ထွက်လာတာ၊ ခုမှ မြင်ရတော့တယ်" ဟု မခင်ဝင်းက ပြောသည်။

ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်ထားဆဲဖြစ်သော ဘုန်းကြီးကျောင်း နှင့်  ဘေးပတ်ဝန်းကျင်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို စောင့်မျှော်နေသူများဖြင့် ပြည့်နေသည်။

kyi_wai_4_kw

ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်အတွင်း လမ်းကြောင်းရှင်းလင်းစေရန် ဆောင်ရွက်နေကြသော ယာဉ်ထိန်းရဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-ဧရာဝတီ)

"ပဲခူးတမြို့လုံး ထွက်လာပြီး ကြိုကြတာပဲ၊ အိမ်တိုင်းစေ့ပဲ။ တအိမ်တယောက် ထွက်လာကြိုကြတာတော့။ ကျုပ်တို့လည်း ပွဲရုံပစ်ပြီး လာကြည့်တာ" ဟု ပဲခူး ဇိုင်းကနိုင်းတောင်ပိုင်းရပ်မှ ဆန်ပွဲရုံ လုပ်ငန်းရှင် အမျိုးသမီးက အားပါးတရ ပြောပြသည်။ ဒေါ်အောင်ဆန်းစုကြည် ပဲခူးသို့ လာရောက်သည်မှာ တတိယအကြိမ်ဖြစ်ကြောင်း၊ ယခင်ခရီးစဉ်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည်သွားရောက်သော နေရာများသို့ လိုက်ကြည့်ခဲ့ကြောင်း သူက ၀မ်းသာအားရ ပြောနေသည်။

"၂၀၀၂ ခုနှစ် လာတုန်းကလည်း ဒီလိုပဲ ပဲခူးတမြို့လုံး ထွက်ကြတာ၊ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက အမေစုနဲ့ ဒီကနေ့အမေစုက တူတူပဲလို့ပဲ မြင်မိတယ်။ လူတွေက ချစ်ကြတာလည်း ဒီလိုပဲ။ လူတွေရဲ့ အချစ်ကလည်း ပြောင်းမသွားသေးဘူး၊ အမေစုနဲ့လူတွေနဲ့ တရင်းတနှီး ရှိတာလည်း ပြောင်းမသွားဘူး" ဟု သူ့အမြင်ကို ပြောပြသည်။

ဒီမိုကရေစီအရေး လှုပ်ရှားမှုခေါင်းဆောင် ရောက်ရှိလာသဖြင့် ယခုနှစ် သြဂုတ် ၁၄ ရက်နေ့သည် ဒေသခံအများအပြားအတွက် ထူးခြားသောနေ့ ဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်က နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး ပထမဆုံး နိုင်ငံရေးခရီးစဉ်အဖြစ် နံနက် ၆ နာရီ မထိုးမီကပင် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှ စတင် ထွက်ခဲ့ခြင်းဖြစ်သည်။

ပဲခူးသို့ ရောက်ပြီး နံနက် ၈ နာရီ ၀န်းကျင်ခန့်တွင်  ရွှေမော်ဓော စေတီတော်ကြီးသို့ သွားရောက် ဖူးမြော်သည်။ သာသနာ့မဏ္ဍိုင်ကျောင်းတိုက်တွင် သင်္ယန်း ကပ်လှူသည်။

ထို့နောက် ပဲခူးအနီးရှိ သနပ်ပင်မြို့သို့ ရောက်သွားကာ အောင်ဆန်းဂျာမွန်း စာဖတ်ခန်းနှင့် ပညာဒါန အင်္ဂလိပ်စာသင်တန်းကို ဖွင့်လှစ်ပေးပြီး ဒေသခံများကို နှုတ်ဆက်၊ မိန့်ခွန်း ပြောသည်။ စာဖတ်ခန်းရှေ့ရှိ လမ်းမတွင်လည်း သနပ်ပင်မြို့ခံများ အပြည့် ရောက်လာသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်များကို သဘောကျပြီး လက်ခုပ် တဖြောင်းဖြောင်းတီးကြသည်။ ဒါ ဒို့ရဲ့ အမေစု၊ အမေစု ဟု ကြွေးကြော်ကြသည်။

kyi_wai_2_kw

သနပ်ပင်မြို့ အောင်ဆန်းဂျာမွန်း စာဖတ်ခန်း ဖွင့်ပွဲ (ဓာတ်ပုံ-ဧရာဝတီ)

သနပ်ပင်မှ အပြန် ပဲခူး ဇိုင်းကနိုင်းတောင်ပိုင်းမှ အိမ်တအိမ်တွင် စာဖတ်ခန်း၊ အင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲ ပြုလုပ်သည်။ သနပ်ပင်မှာကဲ့သို့ပင် ပဲခူးရှိ စာဖတ်ခန်း၏ အမည်မှာ အောင်ဆန်းဂျာမွန်း ဖြစ်သည်။ နေ့ခင်းပိုင်း ဖွင့်ပွဲအခမ်းအနားတွင် ရှိနေသော ပဲခူးမြို့ခံ အများအပြားကို  ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောသည်။ ပရိသတ်ထဲတွင် လူငယ် နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတို့က အများစုဖြစ်သည်။

၂၀၀၂ ခုနှစ်က ပဲခူးသို့ အမေစု လာရောက်ချိန်သည် လေးနှစ်တကြိမ်သာ ကြည့်ရသော ကမ္ဘာ့ဖလား ဘောလုံးပွဲများ တိုက်ရိုက်လွှင့်ချိန်ဖြစ်သော်လည်း မြို့ခံများက ဆယ်နှစ်တကြိမ်သာ မြင်ခွင့်ရသော ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် စောင့်မျှော် ကြိုဆိုခဲ့ကြကြောင်း အသက် ၃၀ ၀န်းကျင် အရွယ်  မြို့ခံအမျိုးသားတဦးက ပြန်ပြောင်းပြောသည်။ ထိုအကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်ပြောခဲ့သည့်အတွက် ၀မ်းသာမိသည်ဟု သူက ဆိုသည်။

"၂၀၀၂ ခုနှစ် ဆိုတော့ လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက အမေစုက ပဲခူးရောက်ခဲ့တာ၊ နောက်ဆို ၁၂ နှစ် ကြာမှ ပြန်တွေ့ရတဲ့ အဖြစ်မျိုး မရောက်ပါစေနဲ့တော့။ နှစ်စဉ် နှစ်တိုင်း ပဲခူးကို ရောက်ပါစေလို့ ဆုတောင်းပါတယ်" ဟု စာဖတ်ခန်းဖွင့်ပွဲတွင် တွေ့ရသည့်  ဇိုင်းကနိုင်းတောင်ပိုင်းသားက ပြောသည်။

kyi_wai_3_kw

သနပ်ပင်မြို့ ဒေသခံများကို မိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-ဧရာဝတီ)

သူတို့ ချစ်ခင်လေးစားသည့် ဒေါ်အောင်ဆန်းစုကြည်က ညနေ ၃နာရီခန့်တွင် ရေဘေး ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ခဲ့ပြီး ရေဘေးသင့် ပြည်သူများကို ခေါက်ဆွဲခြောက်များ၊ ဆန်အိတ်များကို ပေးလှူကာ နှုတ်ဆက် စကားပြောသည်။

"ကျုပ်တော့ အမေစုကို တွေ့ရတာ အားတက်တာပဲတော်၊ ကျုပ်တို့ကို ဒီလိုလာပြီး အားပေးစကား ပြောတာလည်း ၀မ်းသာဝမ်းနည်း ခံစားရတယ်။ ရုပ်လည်း မြင်ရ၊ အသံလည်း ကြားရတော့ ကျုပ်ရင်ခုန်ပြီး ၀မ်းနည်းလာတာပဲ" ဟု ပဲခူးမြို့ခံ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးက  ငိုရှိုက်ရင်း ပြောသည်။

ပဲခူးသူ၊ ပဲခူးသားများ ချစ်ကြသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က  ညနေပိုင်းတွင် ရန်ကုန်သို့ ပြန်သည်။

ရေဘေး ကယ်ဆယ်ရေးစခန်းမှ ထွက်ခွာသွားသည့် ဒေါ်အောင်ဆန်းစုကြည်ကို ပဲခူးမြို့ခံ လူငယ်ထုက ဆိုက်ကယ်များဖြင့် မြို့ပြင်ဂိတ်အထိ လိုက်ပါ ပို့ဆောင် နှုတ်ဆက်ကြလေသည်။     ။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"