ကချင်ပြည်နယ် မြန်မာအစိုးရစစ်တပ် ၀ိုင်းမော် နယ်မြေခံတပ်ရင်း ခလရ (၅၈) တပ်ဝင်းထဲတွင် မြန်မာစစ်သားတဦး မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။
"မနက် ၃ နာရီလောက်မှာ သေနတ်သံကြားလိုက်တယ်"
သြဂုတ် ၁၀၊ ဗုဒ္ဓဟူးနေ့က ခလရ (၅၈)သို့ ရောက်ရှိနေသည့် မြစ်ကြီးနားနယ်မြေခံ ခလရ (၂၁) မှ မြန်မာ စစ်သား တဦးသည် နံနက် ၃ နာရီချိန်တွင် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်ကာ အဆုံးစီရင်သွားသည် ဟု ဒေသခံများပြောသည်။
ဝိုင်းမော် ဒေသခံတဦးက "စစ်သားအလောင်းကို သုံးဘီးဆိုင်ကယ်နဲ့ တပ်ထဲကနေ သယ်ထုတ်သွားပြီး နံနက် ၇ နာရီလောက်မှာပဲ (၅၈) အထက်က သင်္ချိုင်းမှာ သင်္ဂြုံလ်လိုက်ကြတယ်လို့ကြားတယ်။" ဟု ပြောသည်။
မိမိကိုယ်ကို အဆုံးစီရင်သွားသူမှာ ခလရ (၂၁)မှ သာမန် တပ်သားသာဖြစ်ပြီး အိမ်ထောင်မရှိသူဟုလည်း သိရသည်။
"သေမထူး၊ နေမထူးလို့ သတ်သေသွားတယ်လို့ပြောတယ်" ဟု ဒေသခံများကြား ပြောဆိုနေကြသည်။
ဇူလိုင် ၁၆ ရက် ခယာ (Hkaya) ရက်တို တိုက်ပွဲ အတွင်း ခလရ (၂၁) မှာ အကျအရှုံးများခဲ့သည့် တပ်ဖြစ်သည်။ ခလရ (၂၁)မှ မြန်မာစစ်သား ၇ ဦးအား KIA က အရှင်ဖမ်းဆီးသွားသည်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !