မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေးအတွက် တိုင်းရင်းသားတွေ အနေနဲ့ တူညီတဲ့အသံ တစ်သံတည်း ထွက်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူးသံ မစ္စတာ ဒယ်ရစ် မစ်ချယ်က တိုင်းရင်းသား အဖွဲ့တွေနဲ့ ဘန်ကောက်မြို့မှာ မနေ့က တွေ့ဆုံစဉ် အကြံပြု ခဲ့ပါတယ်။
မစ္စတာ ဒယ်ရစ်မစ်ချယ်ဟာ မြန်မာနိုင်ငံက အပြန် စက်တင်ဘာလ ၁၄ရက်နေ့ ညနေပိုင်းနဲ့ ၁၅ရက်နေ့ မနက်ပိုင်း တွေက ဘန်ကောက်မြို့မှာ မြန်မာ့နိုင်ငံရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့စဉ်မှာ ပြောခဲ့တာ ဖြစ်တယ်လို့ မစ္စတာ ဒယ်ရစ်မစ်ချယ်နဲ့ တွေ့ဆုံခဲ့တဲ့ UNFC နိုင်ငံခြားရေးရာ ဒုတိယတာဝန်ခံ ဒေါက်တာ ခင်မောင်က ပြောပါတယ်။
“တိုင်းရင်းသားတွေရဲ့ တစ်ခွန်းတည်းသော စကားရှိဖို့အတွက် ကျနော်တို့ ကြိုးပမ်းနေကြပါတယ်။ နောက်တစ်ခုက ဦးသိန်းစိန် အစိုးရရဲ့ ကြေညာချက် မထွက်ခင်မှာ ကျနော်တို့ UNFC မှာ ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းထားခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကိုလည်း ဒယ်ရစ်မစ်ချယ်ကို အသိပေးလိုက် ပါတယ်”
တွေ့ဆုံခဲ့တဲ့ အဖွဲ့တွေကတော့ ညီညွတ်သော တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ် လေးဦးနဲ့ ENC တိုင်းရင်းသား လူမျိုးများ ကောင်စီ အဖွဲ့ဝင် ကိုယ်စားလှယ် တဦးတို့ကို တွေ့ဆုံခဲ့သလို၊ မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်၊ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က တာဝန်ရှိသူတွေ အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လူမှုရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဖွဲ့တချို့ကိုပါ တွေ့ခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ ဒယ်ရစ်မစ်ချယ်နဲ့ တိုင်းရင်းသားတွေ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်ရဲ့ ဆက်သွယ် မေးမြန်းချက်ကို နားဆင် နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။ | |
အသံဖိုင်ယူရန်။ |
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !