ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ရဲ့ စည်းရုံးရေးတာဝန်ခံ ဒေါ်ဘောက်ဂျာက ရန်ကုန်ကနေ ကချင်ပြည်နယ်အသွားလမ်းမှာ သူ့ကို ရဲက တားဆီးမယ်လို့ကြားလို့ ရှောင်တိမ်းပုန်းအောင်းနေရတယ်လို့ ပြောပါတယ်။

အခုလ ၂၂ ရက်နေ့ကတည်းက ရန်ကုန်ကနေ ထွက်ခွာသွားတာ ဖြစ်ပေမယ့် တားဆီးစစ်ဆေးမယ့် သတင်းကြောင့် မြစ်ကြီးနားလည်းမရောက်၊ ရန်ကုန်လည်း မပြန်နိုင် ဖြစ်နေတယ်လို့ ပြောပါတယ်။ အာဏာပိုင်တွေအနေနဲ့ အခုလို တားဆီးမှုလုပ်တာဟာ မြစ်ဆုံရေကာတာ ကန့်ကွက်ရေးလှုပ်ရှားမှာကို စိုးရိမ်တာ ဖြစ်တယ်လို့ ဒေါ်ဘောက်ဂျာက မှတ်ချက်ပေးပါတယ်။
“သူတို့အနေနဲ့က ကျမက ကချင်ပြည်နယ်တက်လာတယ်ဆိုတော့ မြစ်ဆုံ အဓိကလုပ်မယ်လို့ ထင်လို့ ဖြစ်ပါလိမ့်မယ်။ မြစ်ဆုံကိစ္စကတော့ လောလောဆယ် ဘာမှ မလုပ်သေးပါဘူး။”
ဒေါ်ဘောက်ဂျာဟာ မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက် လှုပ်ရှားဆောင်ရွက်မှုမှာ ပါဝင်သူဖြစ်ပြီး အခုနှစ် ဇန်န၀ါရီလက ကချင်ပြည်နယ်က လယ်သိမ်းမှုနဲ့ ပတ်သက်ပြီး လယ်သမားတွေကို ကူညီတရားစွဲဆိုခဲ့သူ ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာလည်း ဒေါ်ဘောက်ဂျာဟာ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ကိုယ်စားပြုပြီး ကချင်ပြည်နယ် ဖားကန့်မြို့နယ် မဲဆန္ဒနယ်မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကြံ့ဖွံ့ပါတီကိုယ်စားလှယ် စစ်ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်ကို ရှုံးနိမ့်ခဲ့ပါတယ်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !