မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ယာယီရပ်ဆိုင်းထားဖို့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ဟာ သိသာထင်ရှားတဲ့ အပြုသဘောလုပ်ရပ်ဖြစ်တာမို့ ဒါကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။
မြစ်ဆုံ စီမံကိန်းကြောင့် ဧရာဝတီမြစ်မကြီးရဲ့ ဂေဟစနစ်နဲ့ သဘာဝပတ်ဝန်းကျင်တွေကို ထိခိုက်မှု ရှိစေလိမ့်မယ်ဆိုပြီး ပြည်တွင်းက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ၊ စာပေအနုပညာရှင်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေက တောင်းဆိုနေကြတာပါ။ ဒါပေမယ့် မြန်မာအာဏာပိုင်အချို့က ဒီစီမံကိန်းကို ဆက်လုပ်သွားမယ်ဆိုခဲ့ကြတဲ့အတွက် အဲဒီစီမံကိန်းကို ရပ်ဆိုင်းဖို့ အစိုးရအဖွဲ့သစ် အပေါ် ပြည်တွင်းရော ပြည်ပက ဖိအားတွေ တိုးလာခဲ့ပါတယ်။
နားဆင်ရန်...


မနေ့ကတော့ မြန်မာသမတ ဦးသိန်းစိန်က လွှတ်တော်ကို ပေးပို့တဲ့ သ၀ဏ်လွှာထဲမှာတော့ ဒီ စီမံကိန်းကို သူ့အစိုးရလက်ထက်မှာ ယာယီရပ်ဆိုင်းထားမယ်လို့ ဖော်ပြလိုက်တာကြောင့် ဒီအရေးအတွက် ဆောင်ရွက်နေကြတဲ့ လှုပ်ရှားတက်ကြွသူတွေရော ပညာရှင်တွေရော အနုပညာရှင်တွေကပါ ၀မ်းသာ ကြိုဆိုခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ မြန်မာလူထုအကျိုးစီးပွားကို ကြည့်ပြီး ပြောင်းလဲမှုအတွက် နောက်ထပ်  ခြေလှမ်းတွေ လှမ်းဖို့ တိုက်တွန်းသွားပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ အခုလို ဆုံးဖြတ်ချက်ကို အပြုသဘောခြေလှမ်းတရပ်အဖြစ် သတ်မှတ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland က မနေ့က ၀ါရှင်တန်ဒီစီ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
“မြန်မာနိုင်ငံမြောက်ပိုင်းက မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆို်င်းထားဖို့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ကြေညာချက်အပေါ်မှာ ကြိုဆိုပါတယ်။ ဒီစီမံကိန်းဟာ မြန်မာလူထုရဲ့ ဆန္ဒသဘောထားနဲ့ မကိုက်ညီဘူးလို့လည်း သူ့ကြေညာချက်မှာ ဖော်ပြတာတွေ့ရပါတယ်။ ဒါကြောင့် မြန်မာလူထုရဲ့စိုးရိမ်ချက်အပေါ် တုန့်ပြန်ပြီး အနိမ့်ဆုံးတော့ အမျိုးသားသင့်မြတ်ရေးဖြစ်လာ စေမယ့် မြန်မာအစိုးရရဲ့ ဒီကြိုးပမ်းမှုဟာ သိသာမြင်သာပြီး အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက တွက်ဆပါတယ်။”
အခု မြစ်ဆုံဆည်စီမံကိန်းဟာ မြန်မာပြည်မှာ တင်းမာနေတဲ့ ပြဿနာတခုဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးပြောခွင့်ရသူက ပြောပါတယ်။ ဒါကြောင့်လည်းပဲ တိုင်းရင်းသားလူနည်းစုတွေ ဒီမိုကရေစီအင်အားစုတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ အပါအ၀င် မြန်မာလူထု အကျိုးစီးပွား အတွက် နောက်ထပ် အပြုသဘောဆောင် တိုးတက်တဲ့ခြေလှမ်းတဲ့ လှမ်းသွားဖို့လည်း အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်။