အစိုးရတပ် တွေက ကေအိုင်အိုကို စစ်ရေးအရ ဆက်လက်တိုက်ခိုက်နေပေမယ့် ကေအိုင်အိုက မူလကိုင်စွဲထားတဲ့ တနိုင်ငံလုံးအပစ်ရပ်ရေးနဲ့ တပ်ပေါင်းစုနဲ့ ဆွေးနွေးမယ်ဆိုတဲ့ ရပ်တည်ချက်ကို ဆက်လက်ကိုင်စွဲသွားမယ်လို့ ပြောပါတယ်။
နှစ်ဘက်အကြား အပစ်ရပ်ပျက်ပြယ်တဲ့ ဇွန်လဆန်းကစလို့ အစိုးရဘက်က ဒီလအတွင်း ပွင့်လင်းရာသီမှာ ထိုးစစ်အတွက် ပြင်ဆင်မှုတွေလုပ်လို့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပါတယ်။
အခုအခါ အကြီးတန်းစစ်ခေါင်းဆောင်တွေဦးစီးပြီး တိုက်လေယာဉ်တွေပါ သုံးမယ်ဆိုတဲ့ သတင်းတွေလည်း ကြားသိထားပေမယ့် ကေအိုင်အိုရပ်တည်ချက်ကိုတော့ မပြောင်းဘူးလို့ ဦးလနန်းက ပြောပါတယ်။
“ကျနော်တို့ကတော့ အဲဒီရပ်တည်ချက်ကို ဒီတိုင်းပဲ ဆုတ်ကိုင်သွားဖို့ပါ။ တခြားပြောင်းလဲမှု ဘာမှအစီအစဉ်မရှိဘူး။”
အစိုးရဘက်က မြစ်ကြီးနားနဲ့ ဗန်းမော်ကားလမ်းပိုင်းကို စိုးမိုးနိုင်ရေးကြိုးပမ်းလို့ နေ့စဉ်လို ဆယ်ရက်ခန့် တိုက်ပွဲတွေဖြစ်နေဆဲဖြစ်ပြီး တိုးမပေါက်သေးဘဲဖြစ်နေဆဲပါ။
ဒီလမ်း ကြောင်းကို မစိုးမိုးနိုင်သေးတဲ့အတွက် အစိုးရဘက်က စစ်ဆင်ရေးအရှိန် မမြှင့်နိုင်ဖြစ်နေတယ်လို့ ဦးလနန်းက သုံးသပ်ပါတယ်။
အခုချိန်မှာ လိုင်ဇာဌာနချုပ်မှာ လက်ခံစောင့်ရှောက်ထားတဲက့ ထောင်ချီတဲ့ စစ်ပြေး ဒုက္ခသည်တွေကို အပြောင်းအရွှေ့မလုပ်သေးပါဘူးလို့ ဦးလနန်းက ပြောပါတယ်။
“တခြားရွှေ့ ပြောင်းစရာ နေရာလည်းမရှိပါဘူး။ ဒါက ဒုက္ခသည်တွေရဲ့ နောက်ဆုံးနေရာလို့ ပြောရမယ်။ ဒီထက်ပိုပြီး ဆိုးဝါးပြီးမှ လိုင်ဇာထိ တိုက်ပွဲကြီးတွေ ဖြစ်ပွားလာရင်တော့ ဒါကတမျိုးဖြစ်သွားမှာပေါ့။ အခုထက်ထိတော့ ဒုက္ခသည်တွေက လိုင်ဇာပတ်ပတ်လည်မှာ သူတို့နေရာချထားပေးတာပဲ ရှိသေးတယ်။”
ကေအိုင်အိုနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ပြောဆိုချက်အရ စစ်ပြေးဒုက္ခသည် နှစ်သောင်းနဲ့ သုံးသောင်းအကြားရှိနေပြီး အများစုက ကလေးနဲ့ အမျိုးသမီးတွေလို့ ဆိုပါတယ်။
ကေအိုင်အိုဟာ တိုင်းရင်းသားလက်နက်ကိုင်တွေစုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့အဖွဲ့ဝင်ဖြစ်ပါတယ်။
No comments:
Post a Comment