တရုတ်- မြန်မာနယ်စပ်က ကေအိုင်အိုဌာနချုပ်ကို ထိုးစစ်အတွက် အစိုးရဘက်က စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးနေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေသလို ဒီကနေ့တော့ အစိုးရ တပ်ရင်း ၁၆ ရင်းဟာ ကချင်ပြည်နယ် ကေအိုင်အို လိုင်ဇာဌာနချုပ်နဲ့ ဆယ်မိုင်ဝန်းကျင်အကွာမှာ ရောက်ရှိ ချဉ်းကပ်ထားတယ်လို့ ကေအိုင်အိုက ပြောပါတယ်။
မနေ့က တရက်တည်းတင် အစိုးရတပ်နဲ့ ကေအိုင်အိုအကြား တိုက်ပွဲ ၁၂ ပွဲ ဖြစ်ပွားခဲ့ရာမှာ အများစုဟာ ကေအိုင်အိုလိုင်ဇာဌာနချုပ်ဆီ ဦးတည်လာတဲ့တပ်တွေနဲ့ ဖြစ်ပွားတာလို့ ကေအိုင်အို ပြောခွင့်ရ ဦးလနန်းက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဦးလနန်းကို မေးမြန်းထားပါတယ်။
လိုင်ဇာနားကို အစိုးရတပ်တွေ ချီလာပြီလို့ ကြားတယ် ဟုတ်ပါသလား။“လိုင်ဇာအနီး နားမှာ ရောက်နေတဲ့ တပ်တွေရှိသလို လိုင်ဇာထဲ ဝင်လာအောင် လမ်းကြောင်း ဖောက်နေတဲ့တပ်တွေလည်း ရှိတယ်ခင်ဗျ။ ကားလမ်းကြောင်းကို စိုးမိုးနိုင်အောင် လုပ်နေတဲ့ အဖွဲ့တွေလည်း ရှိတယ်ခင်ဗျ။
လိုင်ဇာနား ကို ကပ်တဲ့ အစိုးရတပ်တွေနဲ့ ပတ်သက်ပြီးတော့ ကေအိုင်အို ဘက်ကနေ ဘယ်လိုမျိုး ပြင်ဆင်ထားပါသလဲ။ ပြောပြပေးပါလား။လိုင်ဇာနား ကို ဆိုတာထက် လိုင်ဇာကို သူတို့ ချဉ်းကပ်နိုင်အောင် ကြိုးစားနေတဲ့ စစ်ကြောင်းတွေပါ။ စစ်ကြောင်းကတော့ ၂ ကြောင်း တွေ့ရတယ်ခင်ဗျ။ ပထမတကြောင်းက ဝိုင်းမော်ကနေ ဝင်လာတဲ့ စစ်ကြောင်းပေါ့။ အဲဒီစစ်ကြောင်းမှာ အဓိက တပ်အင်အားက ခလရ ၂၉၀ နဲ့ ခမရ ၃၉၀ ။ အင်အားကတော့ ၃၀၀ လောက် ရှိမယ်။ ဂါးရာယန်လည်း တိုက်ပွဲဖြစ်တယ်။ အခုလည်း ဖြစ်တုန်းပဲ။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က ဝိုင်းမော်ကနေ လိုင်ဇာကို ပေါက်တဲ့ ကားလမ်းပေါ်မှာ ပြန်ပြီးတော့ စိုးမိုးမှုရအောင်လို့ ကြိုးစားတဲ့ အစီအစဉ်လေးပါ။ အဲဒီဟာက စစ်ကြောင်းတခုပေါ့နော်။
နောက်တခုက နမ့်ဆန်ယန် မှာ ဝင်လာတဲ့စစ်ကြောင်း။ အဲဒီစစ်ကြောင်းကတော့ မြစ်ကြီးနားကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းပြီးမှ တာလောကြီးနားမှာ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်းကို စက်လှေနဲ့ ပြန်ကူးတယ်။ ပြန်ကူးပြီးတော့ အဲဒီတာလောကြီးက လွင်ပြင်တခုကို ဖြတ်ပြီး နမ့်ဆန်ယန် ဘက်ကို ဝင်တယ်။ အဲဒီလို ဝင်လာတဲ့အခါမှာလည်း ကြားမှာ တိုက်ပွဲတွေ အကြိမ်ပေါင်းများစွာ ဖြစ်တဲ့အတွက်ကြောင့် နမ့်ဆန်ယန်ကို ရောက်အခါမှာ တပ်အင်အား ချည့်နဲ့သွားတာမျိုး၊ စားနပ်ရိက္ခာတွေ လက်နက်ခဲယမ်းမီးကျောက်တွေ ကုန်ဆုံးသွားတာမျိုးရှိတယ်။ ဒါပေမယ့် နမ့်ဆန်ယန်မှာ အခုကို တပ်အင်အား ၃၀၀ အထက် ရှိတယ်ခင်ဗျ။ အဲဒီတပ်ရင်းတွေကတော့ ခလရ ၁၂၁ နဲ့ ခမရ ၃၈၄ ဖြစ်ပါလိမ့်မယ်။ (နမ့်ဆန်ယန်) က ကျနော်တို့ ကေအိုင်အို လိုင်ဇာနဲ့ ၁၀ မိုင်ကျော်ကျော်ပဲ ဝေးတယ်။
ချုပ် ပြောရမယ်ဆိုရင် အစိုးရတပ်တွေက အခုပွင့်လင်းရာသီ ကာလမှာ တက်လာတဲ့ အနေအထားအရ ကေအိုင်အိုရဲ့ လိုင်ဇာဌာနချုပ်ကို ခြိမ်းခြောက်နိုင်တဲ့ အဆင့်လောက်အထိကို သတ်မှတ်လို့ရပြီလား။“အဲဒါကတော့ ပြောလို့တော့ ရပါတယ်။ အခု သူတို့ရောက်လာတဲ့ တပ်ရင်းတွေက အားလုံး ၁၆ ရင်း ရှိတယ်။ စာရင်းအရပေါ့။ ကေအိုင်အို ဌာနချုပ်ကို ချဉ်းကပ်လာတဲ့ တပ်ရင်းလို့ ပြောလို့ရတယ်။ အားလုံးပေါင်းလိုက်မယ်ဆိုရင် တပ်အင်အား တထောင်ကျော်သွားပြီ။ နောက်ထပ်လည်း ထပ်လာဖို့ အစီအစဉ် ရှိသေးတယ်။ အဓိကကတော့ အခုရောက်နေတဲ့ တပ်ရင်း ၁၆ ရင်းကတော့ သူတို့ရဲ့ စစ်ဆင်ရေးအတွက် လမ်းကြောင်းကို ရှင်းလင်းဖို့ ရောက်လာတဲ့ တပ်ဖွဲ့တွေပါ။ ရှေးဦး တပ်ဖွဲ့လို့ ပြောရမှာပေါ့နော်။ နောက်ထပ်လာဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။ ပွင့်လင်းရာသီ စလာတဲ့အမျှ လမ်းကြောင်းရှင်းလင်းရေး လုပ်ပြီးတဲ့အခါမှာ နောက်ကနေ မော်တော်ယာဉ်တွေ၊ စစ်ကားတွေ၊ အမြောက်လေယာဉ်တွေနဲ့ လာဖို့ အစီအစဉ် ရှိတယ်ခင်ဗျ။ အဲဒါ ဗန်းမော်မှာလည်း အဆင်သင့် လုပ်ထားတယ်။ မြစ်ကြီးနားမှာလည်း အဆင်သင့် လုပ်ထားတယ်။ ပေါ်တာတွေ တော်တော်စုနေကြတယ်။ အဲဒီအဆင့်တွေကတော့ ဒုတိယအဆင့်တွေလို့ ပြောရမှာပေါ့။ ဒုတိယအဆင့်ကနေ ပထမအဆင့်ဖြစ်တဲ့ လမ်းကြောင်းရှင်းလင်းရေး ကိစ္စ ပြီးသွားတဲ့အခါမှာ အဲဒီအဖွဲ့ဟာ စစ်ဆင်ရေးအတွက် အဆင်သင့်ဖြစ်အောင် ကြိုးစားနေတယ်လို့ ခန့်မှန်းရတယ်။ နောက်တခု ကျနော်သုံးသပ်မိတာ အဲဒီစစ်ကြောင်းတွေဟာ လမ်းကြောင်းတွေ ပွင့်သွားပြီးမှ သူတို့ရောက်လာတော့မယ် ဆိုရင်တော့ ကေအိုင်အို ဌာနချုပ်တည်ရှိရာ လိုင်ဇာကို စစ်အင်အားနဲ့ ခြိမ်းခြောက်ပြီးမှ သူတို့ တွေ့ဆုံဆွေးနွေးမှုကို ပြန်ပြီးတော့ အစဖော်လာနိုင်တယ်လို့ သုံးသပ်နိုင်တယ်ခင်ဗျ။”
ကေအိုင်အိုဘက်က ရော ဒီလိုအပေါ်မှာ တုံ့ပြန်ဖို့အတွက် အဆင့် ဘယ်နှဆင့်လောက် ခွဲပြီးတော့ ဆောင်ရွက်နေပါသလဲ။ ကေအိုင်အို ဌာနချုပ်ကို ခြိမ်းခြောက်တာ ဒီနှစ်ကာလက အစောဆုံး ကာလဆိုတော့လေ ဘယ်လိုမျိုး ပြောလို့ရလဲ။“ကျနော်တို့ ကတော့ ရောက်လာတဲ့ စစ်ကြောင်းတွေကို ဒီနားကနေပြီးတော့ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်နေကြတာပါ။ လမ်းကြောင်းရှင်းတဲ့အဖွဲ့ကိုလည်း လမ်းကြောင်းရှင်းတဲ့လုပ်ငန်း မဖြစ်လာအောင် သူတို့ရဲ့စီမံချက် မအောင်မြင်အောင် ကျနော်တို့က တိုက်ခိုက်နေမှာပဲ။ ထူးထူးခြားခြား အစီအစဉ်တော့ မရှိပါဘူး။သူတို့ ဝင်လာတဲ့ တပ်ဖွဲ့တွေဆိုရင် ကျနော်တို့ ထိပ်တိုက်တွေ့ကြမှာပဲ။ အခု ကျနော်တို့ဘက်က သူတို့ဘက်ကိုဝင်တာ မဟုတ်ဘဲ။ သူတို့က ကျနော်တို့ စိုးမိုးထားတဲ့ဘက်ကို ဝင်လာတယ်ဆိုရင် ဖြစ်တဲ့နည်းနဲ့ တိုက်ထုတ်ရမယ်ခင်ဗျ။”
အခု ကေအိုင်အေက တပ်မဟာ ဘယ်ခွင်တွေမှာ ဦးစီးပြီးတိုက်နေသလဲခင်ဗျ။“အဲဒါကတော့ ခုနက ပြောသလိုပဲ။ သူတို့ဝင်လာတဲ့ဘက်မှာ တိုက်ပွဲဖြစ်မှာပါ။ အခု သုံးသပ်ကြည့်တဲ့အခါမှာ မနေ့က တိုက်ပွဲပေါင်း ၁၂ ကြိမ်ဖြစ်တယ်ခင်ဗျ။ အဲဒီထဲက ၁၀ ကြိမ်က တပ်မဟာ ၅ ဧရိယာခွင်ထဲမှာ ဖြစ်သွားတယ်။ တပ်မဟာ ၅ ဧရိယာခွင်က လိုင်ဇာတည်ရှိရာ ဒေသလည်း ပါတယ်ခင်ဗျ။ အဲဒီတော့ ဒီဗဟိုဒေသကို ချဉ်းကပ်လာတဲ့ တပ်ဖွဲ့ဝင်တွေ တော်တော်များများက တိုက်ပွဲ ဖြစ်တယ်လို့ အဲဒီမှာ သုံးသပ်လို့ရတယ်။ တခြားတပ်မဟာ ၄ မှာလည်း တိုက်ပွဲတွေ ဖြစ်တယ်။ တပ်မဟာ ၃ ဘက်မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မနေ့က ဖြစ်သွားတဲ့ ဖြစ်စဉ်က ဗဟိုဌာန ဧရိယာပေါ့။”
တဘက်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲတွေ လုပ်တယ်ဆိုပြီးတော့ ဒီအစိုးရအပေါ်မှာ အကောင်းမြင်တဲ့ ကိစ္စတွေက ရှိနေသလို တဖက်ကလည်း စစ်ရေးအရ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုကို ဒီလိုမျိုး တိုက်နေတာနဲ့ ပတ်သက်ပြီးတော့ ကေအိုင်အိုဘက်ကနေ ဘယ်လိုမျိုး သုံးသပ်ချင်ပါသလဲ။“သူတို့ လုပ်တယ်ဆိုတာ (နိုင်ငံရေး) ကစားဖို့ သက်သက်လုပ်တဲ့ ကိစ္စတခုပါ။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တယ်ဆိုတာကလည်း ခေါင်းစဉ်တပ်ပြီး နိုင်ငံတကာက အပြုသဘောဆောင်အောင်၊ မြင်လာအောင် လုပ်တဲ့ လုပ်ကွက်တွေပါပဲ။ အမှန်တကယ်က အဆုံးထိ ပွင့်ပွင့်လင်းလင်း ဖြစ်တဲ့ကိစ္စ မရှိပါဘူး။ အဲဒီလို တဖက်မှာ လုပ်နေတဲ့အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေကို တိုက်ခိုက်တာ အာရုံပြောင်းချင်လို့ တခြားကိစ္စတွေကို လွှတ်တော်က ပြောတာမျိုး၊ နိုင်ငံတကာကို ပြချင်တဲ့ အကျဉ်းသားလွှတ်တာမျိုး လုပ်တာပါ။ အမှန်တကယ်က သူတို့ စီမံချက် ရှိပြီးသားပါ။ နိုင်ငံတကာကနေ အစိုးရသစ်အပေါ်မှာ အပြုသဘောဆန်လာဖို့ လုပ်ပေမယ့် သူတို့ရဲ့ လုပ်ဆောင်မှု အသီးသီးဟာ ဆိုရင် အခုနှစ်တွေတင်မဟုတ်ပါဘူး အရင်လွန်ခဲ့တဲ့ နှစ်တွေ အသုံးပြုခဲ့တဲ့ နည်းဟောင်းလေးပါ။ အခုလည်း သူတို့ တိုင်းရင်းသား လက်နက်ကိုင်တွေကို စစ်ရေးနဲ့ပဲဖြစ်ဖြစ်၊ နိုင်ငံရေးနဲ့ပဲဖြစ်ဖြစ် လုံးဝ ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ထားဖို့ သူတို့ ရည်ရွယ်ချက် ရှိတာပါ။ အခုနောက်ပိုင်း နိုင်ငံတကာကလည်း တိုင်းရင်းသားကိစ္စတွေကို ပြောလာတာရှိတယ်။ ဒါတွေက ကောင်းတယ်လို့ ထင်တယ်။ မြန်မာပြည်တွင်း အခြေအနေက တိုင်းရင်းသားကိစ္စက အဓိကလို့လည်း ပြောလို့ရတယ်ခင်ဗျ။ ဒီတိုင်းရင်းသားကိစ္စသာ ပြေလည်မှု မရှိရင်တော့ ပြည်တွင်းမှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်လွှတ်တယ် ပြောပြော နိုင်ငံရေး၊ စစ်ရေးကတော့ စိုးရိမ်စရာ အများကြီး ရှိတယ်။ ဒါကြောင့်မို့ တိုင်းရင်းသားကိစ္စ အရေးကိုတော့ အထူး ဦးစားပေးပြီးတော့ နိုင်ငံတကာကလည်း ဒါကို ရှုမြင်ပြီးမှပဲ ပြောသင့်တာကို ဝင်ပြောတာမျိုး လုပ်သင့်တယ်လို့ ထင်တယ်ခင်ဗျ။”
No comments:
Post a Comment