Tuesday, October 11, 2011

အကျဉ်း​သား​ ၆၃၅၉ ဦး​ လွှတ်​ပေး​မည်ဟု ​ကြေညာ



အစိုး​ရက အကျဉ်း​သား​ ၆၃၅၉ ဦး​ကို မနက်ဖြန် လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ လွှတ်​ပေး​မယ်လို့​ ​ကြေညာလိုက်ပါတယ်။
နိုင်ငံ​တော် သမ္မတရုံး​ရဲ့​ ထုတ်ပြန်​ကြေညာချက်ကို ဒီက​နေ့​ ​နေ့​လယ် ၁ နာရီအချိန်မှာ MRTV 4 ရုပ်သံလိုင်း​ သတင်း​အစီအစဉ်က ထုတ်ပြန်​ကြေညာလိုက်တာပါ။
ဒီလွတ်ငြိမ်း​ ချမ်း​သာခွင့်​မှာ အသက်အရွယ်ကြီး​ရင့်​သူ​တွေ၊​ ကျန်း​မာ​ရေး​မ​ကောင်း​သူ​တွေနဲ့​ ကိုယ်လက်အင်္ဂါချို့​တဲ့​သူ​တွေ အပါအဝင် ထိုက်သင့်​တဲ့​ ပြစ်ဒဏ်ကျခံခဲ့​ရပြီး​ စည်း​ကမ်း​နဲ့​အညီ​နေထိုင်ခဲ့​တဲ့​ အကျဉ်း​သား​တွေ အကျုံး​ဝင်တယ်လို့​ ​ကြေညာချက်ကဆိုပါတယ်။
ဒီလွတ်ငြိမ်း​ ချမ်း​သာခွင့်​ဟာ သမ္မတဦး​သိန်း​စိန်ရဲ့​ အိန္ဒိယနိုင်ငံခရီး​စဉ်မတိုင်ခင် လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​မယ်ဆိုတဲ့​ ခန့်​မှန်း​ပြောဆိုချက်​တွေကို အတည်ပြု​ပေး​လိုက်တာဖြစ်ပါတယ်။
ပြီး​ခဲ့​တဲ့​ မေလလယ်ပိုင်း​တုန်း​ကလည်း​ အကျဉ်း​သား​ တ​သောင်း​ခွဲနီး​ပါး​ကို ပြစ်ဒဏ်တနှစ် ​လျှော့​ပေါ့​ပေး​ခဲ့​တုန်း​က နိုင်ငံ​ရေး​အကျဉ်း​သား​ ရာဂဏန်း​လောက်ပဲ ပါခဲ့​တာ​ကြောင့်​ ယခုပြန်လည်လွှတ်​ပေး​သူ​တွေထဲတွင် နိုင်ငံ​ရေး​အကျဉ်း​သား​ (ယုံကြည်ချက်​ကြောင့်​ပြစ်ဒဏ်ကျခံ​နေရသူ) ဘယ်နှစ်ဦး​ပါဝင်မည် ဆိုသည်ကို မသိနိုင်​သေး​ပါဘူး​။
စစ်အစိုး​ရ လက်ထက်တုန်း​က​ရော အခုလက်ရှိ သမ္မတဦး​သိန်း​စိန် အစိုး​ရလက်ထက်မှာပါ မြန်မာနိုင်ငံမှာ နိုင်ငံ​ရေး​အကျဉ်း​သား​ မရှိဘူး​လို့​ မ​ပြောင်း​မလဲ ရပ်တည်တုံ့​ပြန်​နေ​ပေမယ့်​ ကုလသမဂ္ဂ အပါအဝင် အ​နောက်နိုင်ငံ​တွေနဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ကိစ္စ ​ဆောင်ရွက်သူ​တွေက​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂ဝဝဝခန့်​ရှိ​နေ​ကြောင်း​ တစိုက်မတ်မတ်​ပြောဆို​နေပါတယ်။
လတ်တ​လောမှာ နိုင်ငံတဝန်း​က အကျဉ်း​ထောင်​တွေနဲ့​ ရဲဘက်စခန်း​တွေထဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၁၅၀၀ ခန့်​ရဲ့​ စာရင်း​ရရှိထား​တယ်လို့​ နိုင်ငံ​ရေး​အကျဉ်း​သား​စာရင်း​ကို လက်ရှိပြုစု​နေတဲ့​ ပြည်တွင်း​အ​ခြေပြု ဒီမိုက​ရေစီကွန်ရက်အဖွဲ့​က ရှစ်ဆယ့်​ရှစ်မျိုး​ဆက်​ကျောင်း​သား​ ကိုတိုး​ကျော်လှိုင်က ​ပြောပါတယ်။
အစိုး​ရက အသိအမှတ်ပြုတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ (ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျခံ​နေသူ) စာရင်း​ဟာ ၄ဝဝခန့်​သာ အသိအမှတ်ပြုတာ​ကြောင့်​ သူတို့​စာရင်း​ထက် လူ ၁၀၀၀ ​လောက် နည်း​နေတယ်လို့​ ကိုတိုး​ကျော်လှိုင်က ​ပြောပါတယ်။
တပ်မ​ တော်အစိုး​ရဟာ ခွန်ထွန်း​ဦး​၊​ စိုင်း​ညွန့်​လွင်စတဲ့​ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေ၊​ မင်း​ကိုနိုင်၊​ ကိုကိုကြီး​ စတဲ့​ ​ကျောင်း​သား​ခေါင်း​ဆောင်​တွေ၊​ အရှင်ဂမ္ဘီရစတဲ့​ သံဃာ့​ခေါင်း​ဆောင်​တွေနဲ့​ နိုင်ငံ​ရေး​လှုပ်ရှား​သူ​တွေကို နှစ်ရှည်​ထောင်ဒဏ်​တွေ ချမှတ်ပြီး​ မိသား​စုနဲ့​ ​ဝေး​ရာ​ထောင်​တွေကို ပို့​ဆောင်ထား​ပါတယ်။

No comments:

Post a Comment