Tuesday, October 11, 2011

နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ဒီ​နေ့​ လွှတ်​ပေး​မည်ဟု သတင်း​များ​ထွက်​ပေါ်

နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​တော့​မယ်လို့​ သတင်း​တွေ ရန်ကုန်မှာ ပျံ့​နှံ့​နေပါတယ်။
ရန်ကုန်မှာ နိုင်ငံ​တော်သမ္မတကြီး​ ဦး​သိန်း​စိန်က ၁၁ နာရီ​လောက် အမိန့်​ထုတ်ပြန်မယ်ဆိုပြီး​ သတင်း​တွေထွက်​နေတယ်လို့​ ဒီမိုက​ရေစီကွန်ရက်က ရှစ်ဆယ့်​ရှစ်မျိုး​ဆက်​ကျောင်း​သား​ ကိုဖြိုး​မင်း​သိမ်း​က ​ပြောပါတယ်။
သတင်း​ စာထဲမှာလည်း​ မြန်မာနိုင်ငံ အမျိုး​သား​လူ့​အခွင့်​အ​ရေး​ ​ကော်မရှင်က​နေပြီး​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေလွတ်​မြောက်​ရေး​အတွက် နိုင်ငံ​တော်သမ္မတကို ​ပေး​စာ​တွေ ​ပေး​တယ်ဆိုပြီး​ သတင်း​တွေ အကြီး​အကျယ်ဖြစ်​နေတယ်လို့​ ဆိုပါတယ်။
ဒီ​နေ့​လူ ၈၀၀ ​လောက်လွှတ်မယ်ဆိုပြီး​ အင်း​စိန်​ထောင်​ရှေ့​မှာ ​တော်​တော်များ​များ​ သွား​ရောက် ​စောင့်​ကြည့်​နေတယ်လို့​ ကိုဖြိုး​မင်း​သိန်း​က ​ပြောပါတယ်။
“ကျ​နော်တို့​ လည်း​ ဒီအ​ခြေအ​နေကို အနီး​ကပ်​လေ့​လာ​နေတယ်။ ​နောက်ပြီး​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​အား​လုံး​ရဲ့​ စာရင်း​တွေ အား​လုံး​ကို အစိုး​ရဘက်က သတ်မှတ်ထား​သည်ဖြစ်​စေ၊​ မသတ်မှတ်ထား​သည်ဖြစ်​စေ ကျ​နော်တို့​ဘက်က နိုင်ငံ​ရေး​အမှုနဲ့​ ​ထောင်ကျသွား​တဲ့​သူ​တွေ​ပေါ့​ ဘယ်လိုပုဒ်မမျိုး​ပဲ အတပ်ခံရတယ်​ပေါ့​။ အဲ့​ဒီစာရင်း​တွေကို ဒီ​နေ့​ထုတ်ပြန်ဖို့​ ကြိုး​စား​နေပါတယ်။”
ထောင်အလိုက် နိုင်ငံ​ရေး​အကျဉ်း​သား​တွေရဲ့​ စာရင်း​တွေကို ​ကောက်ယူ​နေပြီး​ စာရင်း​ထဲ မပါသူ​တွေအ​နေနဲ့​ လာ​ရောက် ​ပြောကြား​နိုင်တယ်လို့​ ဆိုပါတယ်။
“​ထောင်အလိုက် စာရင်း​တွေကို မကြာခင်ထုတ်ပြန်မှာပါ။ တကယ်လို့​မပါဝင်ခဲ့​ဘူး​ ဆိုရင်လည်း​ အဲ့​ဒီ့​ထောင်နဲ့​စာရင်း​တွေကို ​ထောင်​တွေမှာရှိတဲ့​သူ​တွေရဲ့​ မိသား​စု​တွေက စာရင်း​ကိုတိုက်ကြည့်​ပြီး​ သူတို့​မိသား​စု​တွေမပါဘူး​ဆိုရင် ကျ​နော်တို့​ကို ​ပြောဖို့​ အ​ကြောင်း​ကြား​ထား​ပါတယ်။ အဲ့​အတွက် ဆက်သွယ်ရမယ့်​ ဖုန်း​နံပတ်​တွေ ဆက်သွယ်ရမယ့်​ လူ​တွေလည်း​ ထုတ်ပြန်ထား​တယ်။ အဖွဲ့​ချုပ်ရုံး​မှာလည်း​ ထုတ်ပြန်ဖို့​ ကျ​နော်တို့​ပြောထား​ပါတယ်။” 
ယနေ့ အကျဉ်းသား ၆၃၅၉ ဦး ကိုလွှတ်ပေးမည်ဟု အမ်အာတီဗီဖိုး ရုပ်သံမှ နေ့ခင်း ၁ နာရီတွင် ကြေညာသွားခဲ့သည်။ နိုင်ငံရေး အကျဉ်းသားမည်မျှ ပါဝင်သည်ကိုမူ မသိရှိရသေးပါ။

ယနေ့ နေ့ခင်း ၁ နာရီ ကြေညာချက်အရ “နိုင်ငံတော် အစိုးရသည် ပြစ်ဒဏ်ကျခံနေရသော အသက်အရွယ် ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများနှင့် ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသည့် အကျဉ်းသားအားလုံးအနက်မှ ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသည့် အကျဉ်းသား ၆၃၅၉ ဦးအား အောက်တိုဘာလ ၁၂ ရက် နေ့မှ ပြစ်ဒဏ်မှ အသီးသီး လွတ်ငြိမ်းခွင့်ပြုလိုက်သည်” ။ အဓိပ္ပါယ်မှာ မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့မှ စလွှတ်ပေးမည့် သဘောဖြစ်သည်။

No comments:

Post a Comment