Monday, October 17, 2011

ကချင်ပြည်နယ်အတွင်း အစိုးရတပ်က ပေါ်တာဖမ်းဟုဆို၊ ဒေသခံများစိုးရိမ်

ကချင်ပြည်နယ်အတွင်း အစိုးရတပ်ဖွဲ့များနှင့် ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် KIA တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် အသုံးပြုရန် အစိုးရတပ်က အထမ်းသမား ပေါ်တာများ ဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောသည်။
မြစ်ကြီးနား မြို့ပေါ် နှင့် ၀ိုင်းမော်မြို့ အနီးဝန်းကျင် ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း ဖမ်းဆီး နေသည်ဟု ပေါ်တာ အဖမ်းခံခဲ့ရသူ၏ အမျိုးသမီးက ပြောဆိုကြောင်း ယမန်နေ့က မြစ်ကြီးနားမြို့မှ ပြန်လာသည့် ၀ိုင်းမော် မြို့ခံ တဦးက ပြောသည်။

“မြစ်ကြီးနားမှာ ဆွဲတယ်။ ဈေးသည်တွေလည်း ပါသွားကြတယ်တဲ့။ မနေ့က သုံးဘီးကားပေါ်မှာ အဲဒီဈေးသည် အမျိုးသမီးက ပြောပြတာပေါ့။ သူ့ယောကျာ်းတောင် ပါသွားတယ်တဲ့။ တချို့ဆိုရင် ဈေးတောင် သွားမရောင်းရဲ တော့ဘူးတဲ့။ ၀ိုင်းမော် မြို့ထဲမှာတော့ မဆွဲပါဘူး။ ဒါပေမယ့် တောရွာတွေမှာတော့ ဆွဲတယ်လို့ ကြားတယ်။”
ထို့အပြင် ယခုရက်ပိုင်းအတွင်း အစိုးရနှင့် KIA တပ်ဖွဲ့ဝင်များက ၀ိုင်းမော်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများ အတွင်း မကြာခန ၀င်ရောက်လာမှုကြောင့် ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဒေသခံရွာသားများ ၀ိုင်းမော်မြို့သို့ တိမ်းရှောင် လာကြသည်ဟု ၎င်းက ဆက်ပြောသည်။
“ငါးမိုင်ခြောက်မိုင်လောက်မှာရှိတဲ့ ရွာတွေကဆိုရင် ကိုယ့်အမျိုးသူ့အမျိုးအိမ်တွေမှာလာ ရှောင်နေ ကြတယ်။ အခု ရက်ပိုင်းမှာ ရပ်ကွက်(၃)တို့၊ နောင်ဆီပေါတို့ အဲဒီရွာတွေက တော်တော်လေး မြို့ထဲကို ပြေးလာကြတယ်လေ။ သူတို့ရွာမှာ အခြေအနေမကောင်းလို့ ဒီဖက်ကို ပြေးလာ နေကြတာတဲ့။”
ဝိုင်းမော်မြို့နယ် နမ်ဆန်ယန် ကျေးရွာ အနီးတွင်လည်း ယခု ရက်ပိုင်း အတွင်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့် အတွက် မြို့ခံများ စိုးရိမ်ထိတ်လန့် နေကြသည်ဟု ဆက်လက် ပြောဆိုသည်။
“မနေ့ကလည်း တနေ့လုံးပစ်နေတယ်။ ဒီဝိုင်းမော်ကနေတောင် လက်နက်ကြီး သံတွေပါ ကြားနေရတယ်။ ခါတိုင်းတော့ မကြားရဘူး။ အခု ဒီသုံးရက် အတွင်းမှာ ကြားနေရတာ။ ဒီနေ့လည်း ပစ်တုန်းပဲ။ အခုဆိုလို့ရှိရင် ညဘက်ဆို တော်တော်လေး တိတ်နေတယ်။ ဆိုင်ကယ်သံလည်း မကြားရဘူး။ ဘာသံလည်း မကြားရဘူး။ တော်တော်လေး ကြောက်နေကြတယ်လေ။”
လွန်ခဲ့သည့် နှစ်ရက်ခန့်က အစိုးရတပ်အင်အား (၂၀၀)ခန့် ၀ိုင်းမော်မြို့မှ တိုက်ပွဲဖြစ်ပွားရာ နမ်ဆန်ယန် ကျေးရွာဖက်သို့ ထွက်ခွာသွားကြောင်းနှင့် တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာ ရသူများ အား တရုတ်ပြည်ထုတ် သုံးဘီးဆိုင်ကယ်များဖြင့် အခမဲ့ သယ်ယူခိုင်း နေကြောင်း သိရသည်။
အလားတူ ဗန်းမော် မြို့ခံတဦးကလည်း ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ ကျေးရွာများအတွင်း အစိုးရနှင့် KIA တပ်ဖွဲ့တို့ မကြာခန ၀င်ရောက်လာမှုကြောင့် ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွား မည်ကို စိုးရိမ်ပြီး နီးစပ်ရာ မြို့များသို့ တိမ်းရှောင်နေကြသည်ဟု ပြောသည်။
“အခု မိုးမောက်ဖက်မှာ ကချင်ရွာ၊ ရှမ်းရွာတွေက ရွာမှာ မနေရဲတော့ဘူး ဖြစ်နေတယ်။ ကျောက်စခန်းတို့ ဘာတို့ဖက်မှာဆိုရင် KIA ရော စစ်တပ်ကရော ခနခန သွားလာနေကြတော့ ရွာမှာတောင် သိပ်မနေရဲတော့ဘူး။”
ထို့အပြင် ယခုလ (၁၄) ရက်နေ့က အစိုးရတပ်ဖွဲ့မှ ပစ္စည်းတင်ထားသည့် လားအကောင် တစ်ရာခန့် ဗန်းမော်မြို့မှ မန်စီမြို့သို့ ထွက်ခွာသွားပြီး မန်စီမြို့ အလွန်တွင် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“ဟိုနေ့က ညကြီး မြင်းနဲ့လားတွေ တော်တော်များတယ် တက်သွားတာ မန်စီဖက်ကို။ နောက်တနေ့ ည (၈) နာရီလောက်ကျတော့ မြင်းတွေရော လူတွေရော ပြန်ခဲ့တယ်။ အဲဒီမှာ မန်စီကနေ ခြောက်မိုင်လောက်ဝေးတဲ့ ကုန်တိန်၊ မန်ဝိန်းလေး အဲဒီရွာနားမှာ သူတို့ တိုက်ပွဲဖြစ်သေးတယ်လို့ ပြောတယ်။”
လွန်ခဲ့သည့် တစ်ပတ်ခန့်မှ စတင်၍ ဗန်းမော်၊ မိုးမောက်နှင့် မန်စီမြို့ပေါ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး မန်စီမြို့မှ တရုတ်ပြည်နယ်စပ် လွယ်ဂျယ်မြို့သို့ သွားလာသည့် လမ်းကြောင်း အား ပိတ်ပင်ထားသည်။
KIA နှင့် အစိုးရတပ်ဖွဲ့တို့ လွန်ခဲ့သည့် ဇွန်လ(၉) ရက်နေ့က စတင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ငါးလတာ ကာလအတွင်း တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ပြေးဒုက္ခသည် နှစ်သောင်းကျော်သည် တရုတ်မြန်မာ နယ်စပ် ဒေသများနှင့် နီးစပ်ရာမြို့ပေါ် ဒေသများသို့ ထွက်ပြေးတိမ်းရှောင် နေကြသည်။

No comments:

Post a Comment