ထိပ်ဆုံး သတင်း :
Home » » အမျိုးသားရေးလှုပ်ရှားမှုကြီး စနေပြီ

အမျိုးသားရေးလှုပ်ရှားမှုကြီး စနေပြီ

10/02/2011 12:46:00 PMတွင်ရေးသည်

အမိနိုင်ငံမှာ အပြောင်းအလဲများဖြစ်နိုင်တဲ့ အခြေအနေရှိနေပြီလို့ လက်ခံထားသူတဦးအနေနဲ့ နယ်ပယ်စုံက ဖြစ်ထွန်းမှု များ (Developments) ရဲ့လားရာ (Direction) အမြန်နှုန်း (Speed) နဲ့ သဏ္ဌာန်မျိုးစုံနဲ့ ပေါ်ပေါက်နေတဲ့ ပွတ်တိုက်အား (Frictions) များအပေါ် မျက်ခြေမပြတ်ရအောင် တတ်နိုင်သ၍ မျက်လုံးဒေါက်ထောက် ကြည့်နေမိပါတယ်။
စက်တင်ဘာ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ NLD ရဲ့ (၂၃) နှစ်မြောက် အခမ်းအနားမှာ ထုတ်ပြန်တဲ့ကြေညာချက် ၁၆/ ၁၉/ ၁၁ မှာရော သဘာပတိမိန့်ခွန်းမှာပါ NLD အဖွဲ့ဝင်အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကိုခံယူဖို့ အဓိက ထား ဖော်ပြထားတာတွေ့ရပါတယ်။ ဒါ့အပြင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ရဲ့ မိန့်ခွန်းမှာတော့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကိုခံယူဖို့ ၅ ကြိမ်တိတိ တိုက်တွန်းပြောကြားသွားတာ တွေ့ရတော့ အဖွဲ့ချုပ် ခေါင်းဆောင်များ ရဲ့ အမျှော်အမြင်ကြီးမှု၊ အနစ်နာခံမှု၊ လိုအပ်လာရင် ပါတီအကျိုးထက် တိုင်းပြည်အကျိုးကို ပိုအလေးထားမှုတွေကို ရင်နဲ့ အမျှ တနင့်တပိုး နားလည်ခံစားမိတာမို့ နိုင်ငံရေးသာဓု အကြိမ်ကြိမ်ခေါ်မိကြောင်းပါ။
ယနေ့အချိန်ဟာ အင်မတန် သိမ်မွေ့ညင်သာတဲ့၊ အတိမ်းအစောင်းမခံနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ NLD ပါတီဝင်များ ကတဆင့် ပြည်သူလူထုအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ မူလလုပ်ငန်းစဉ်များဖြစ်တဲ့ အာဃာတ ကင်း စင်ရေး၊ သင်ပုန်းချေရေး၊ အထွေထွေသဟဇာတဖြစ်ရေး၊ ရန်သူကိုမိတ်ဆွေဖြစ်ရေး အတွေးအခေါ်များကို စိမ့်ဝင်ပျံ့နှံ့စေ ပြီး တမျိုးသားလုံးပါဝင်တဲ့ အမျိုးသားရေးလှုပ်ရှားမှုကြီးများမှတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ပန်းတိုင်ဆီကိုအ ရောက် ခရီးဆက်ရမှာ ဖြစ်ပါတယ်။ ဒေါ်စုနဲ့ NLD အဖွဲ့ဝင်များသက်သက်သာ သည်လှုပ်ရှားမှုမှာ ပါဝင်မယ်ဆိုရင် ဘယ် နည်းနဲ့မှ လိုရာပန်းတိုင်ကို ရောက်မှာမဟုတ်တာတော့ ဗေဒင်မေးစရာမလိုပါ။
ဒါကြောင့် ပြည်သူလူထုကို သည်လှုပ်ရှားမှုထဲမှာ ပါဝင်လာအောင် အခြေအနေများ ဖန်တီးရမှာ ဖြစ်ပါတယ်။ တကယ် တော့ ပြည်သူလူထုက ဘယ်သူ့ကိုမှစောင့်မနေပါ။ သူတို့ပါဝင်နိုင်တဲ့ လှုပ်ရှားမှုများမှတဆင့်  သူတို့ပါဝင်လှုပ်ရှားနေကြ တာ အထင်အရှား တွေ့နေရပါပြီ။ တချို့က လူထုလှုပ်ရှားမှုမပါဘဲနဲ့ ဒီမိုကရေစီဖြစ်ထွန်းမှု မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။ လူထုလှုပ်ရှားမှုဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ရမှာလည်းဆိုတာက ဒီနေရာမှာ မေးခွန်းဖြစ်ပါတယ်။ သူတို့ပြောတဲ့ လူထု လှုပ်ရှားမှုမျိုးမဟုတ်ပေမယ့် လူထုကြီးကတော့ လှုပ်ရှားနိုးကြားနေတာ နေရာအနှံ့မှာ တွေ့နေရပါတယ်။ သာဓကအနေနဲ့ တချို့အချက်အလက်တွေကို ပြောဖို့လိုမယ်ထင်လို့ ပြောရရင် ထွန်းဖောင်ဒေးရှင်း၊ ဂျူးဖောင်ဒေးရှင်း၊ Eco Dev နဲ့ မုံရွေး စာအုပ်တိုက်တို့က ဦးဆောင်ကျင်းပတဲ့ “သဘာဝပတ်ဝန်းကျင်နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ” ခေါင်းစဉ်နဲ့ ဟောပြောပွဲကို ရန်ကုန် Park Royal ဟော်တယ်မှာ ကျင်းပတာ မှတ်မိကြမယ်ထင်ပါတယ်။ သည်ဟောပြောပွဲကို တက်ရောက်လာသူ တွေကို သိရသလောက် စာရင်းတို့ကြည့်ရင် ချစ်သုဝေ (အဆိုတော်၊ သရုပ်ဆောင်၊ ဆရာဝန်) ဦးပေါဟိန် (နာယကစက် မှုကုန်ထုတ်လုပ်မှုများအသင်း)၊ ဦးအေးလွင် (အတွင်းရေးမှူး – မြန်မာနိုင်ငံ ဘူမိသိပ္ပံ အ သင်း)၊ ဒေါ်နေရီဗဆွေ (နိုင်ငံရေး ပါတီ)၊ ဒေါက်တာဖုန်းဝင်း၊ ဆရာမောင်ဝံသ (ဝါရင့်သတင်းစာဆရာ)၊ ဦးသာဘန်း (ဝါရင့်နိုင်ငံရေးသမား)၊ ဦးအေးလွင်(ဗ ဟိုတရားရုံးရှေ့နေ)၊ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) တို့ပါတယ်လို့ ဆိုပါတယ်။ သတင်းအရင်းအမြစ်ကို လက် လှမ်းမမီတာမို့ ကျနော်သိသလောက်ပဲ ရေးနိုင်တာဖြစ်ပါတယ်။
နောက် စက်တင်ဘာ ၂၄ ရက်နေ့က ရန်ကုန်နာရေးကူညီမှုအသင်းမှာ ကျင်းပတဲ့ လူငယ်များနဲ့ ဧရာဝတီလှုံ့ဆော်ပွဲမှာ ဇေယျာသော်၊ လူမော်သက်၊ အနဂ္ဂ၊ ရန်ရန်ချမ်း၊ ရဲတိုက်၊ နေဆက်ပိုင်၊ ဆောင်းဦးလှိုင်၊ ကိုကီးကျန်၊ သားထွေး စတဲ့ ရုပ် ရှင်သရုပ်ဆောင်၊ အဆိုတော် အနုပညာရှင်များသာမက ကျော်သူ၊ ရွှေဇီးကွက်၊ ဦးအုန်း၊ ဦးသောဘိတ၊ ဒေါ်ဒေဝီသန့် စင်၊ ကိုရဲလွင်စတဲ့ စာရေးဆရာတွေ၊ ပညာရှင်တွေ၊ ရဟန်းသံဃာတွေ ပါလာတာ တွေ့ရပါလိမ့်မယ်။
သည်လှုပ်ရှားမှုတွေဟာ လမ်းပေါ်သပိတ်မှောက်ဆန္ဒပြမှုတွေထက်မနဲတဲ့ အဓိပ္ပာယ်သက်ရောက်မှုတွေရှိတယ်ဆိုရင် ဘယ်သူမှ အငြင်းပွားမယ် မဟုတ်ပါ။ (ဒီလိုပြောလို့ ခေတ်အဆက်ဆက် အာဏာရှင်စနစ်ကို အကြမ်းမဖက် လက်နက် မဲ့တိုက်ပွဲဝင်လာသူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ပေးဆပ်မှုတွေကို မလေးမစား ပြောတာမဟုတ်ပါ။) ပါဝင်ကြသူတွေကို ကြည့်လိုက်ရင် လူထု၊ လူတန်းစားအားလုံးကို ကိုယ်စားပြုနေသူတွေ ပါဝင်နေကြတာ သတိမူမိမှာပါ။ အနယ်နယ် အနှံ့နှံ့ မှာ စရိတ်စက အကုန်ခံပြီး ကျင်းပနေတဲ့ စာပေဟောပြောပွဲတွေမှာ ပြောကြ၊ ဟောကြတဲ့ စာရေးဆရာတွေရဲ့ ဟောပြော ချက်တွေကလည်း ပြည်သူတွေရဲ့ ရင်တွင်းခံစားချက်တွေကို ရာနှုန်းပြည့်ကိုယ်စားပြုနိုင်တာမို့ တိတ်ခွေတွေလည်း ရောင်း မလောက်ပါ။ သတင်းလွတ်လပ်ခွင့်မရှိသေးပေမယ့် ဒီနေ့ထုတ်ဂျာနယ်တိုင်းလိုလိုမှာ ဒေါ်အောင်ဆန်းစု ကြည်ဓာတ်ပုံနဲ့ သတင်းကို အလုအယက်ဖော်ပြနေတာ သတိပြုမိကြပါလိမ့်မယ်။ ရှစ်လေးလုံးအပြီး ဒီမိုကရေစီ လှုပ်ရှားမှုစိတ်ဓာတ် ပြည် သူတွင်းမှာ အထွဋ်အထိပ်ရောက်နေတဲ့ကာလမှာတောင် ဒါမျိုးမတွေ့ရဘူးပါ။ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ရေရွတ်နေတဲ့အထိ လူထုကြားမှာ ကြောက်စိတ်တွေ တစထက်တစ လျော့လာတာ၊ မြစ်ဆုံရေကာတာ စီမံ ကိန်းကို ပညာရှင်တွေ၊ စာပေနဲ့ အနုပညာရှင်တွေပါ  ပါဝင်ကန့်ကွက်နေကြတာ၊ နောက်ဆုံးမှာ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌနဲ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း (အမှတ် (၁) နှင့် အမှတ် (၂) စက်မှုဝန် ကြီးဌာနဝန်ကြီး) ကိုယ်၌ကို က “မြစ်ဆုံရေကာတာစီမံကိန်းကို ပြည်သူ့ဆန္ဒအတိုင်း အလေးပေးဆောင်ရွက်သွားမှာဖြစ် ကြောင်း” အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားလာရတာတွေဟာ လူထုလှုပ်ရှားမှုကြီး ဖြစ်ပေါ်လာပြီဆိုတဲ့လက္ခဏာ (Symptom) တွေဖြစ်တယ်ဆိုရင် လွန်ရာကျမှာလား။
လူထုလှုပ်ရှားမှုကြီးဖြစ်နေပြီဆိုတာကို ထောက်ပြနိုင်တဲ့ အချက်အလက်များစွာရှိနေပေမဲ့ စာလေးမှာစိုးလို့ ဒါလောက်ပဲ သာဓကပြပါရစေတော့။ သည်မှာ အလေးအနက်ဆွေးနွေးချင်တာက သည်လူထုလှုပ်ရှားမှုကြီးဟာ အရင်နားလည်ထား တဲ့ လူထုလှုပ်ရှားမှုဆိုတဲ့ နယ်နိမိတ်ထက် အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ကြီးမားကျယ်ပြန့်တယ်။ အမျိုးသားလက္ခ ဏာ ဆောင်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဥပမာ နိုင်ငံတော်သမတကြီးဟာလည်း သည်လှုပ်ရှားမှုထဲမှာ ဘဝအရပါနေတယ်လို့သုံးသပ်ရင် မင်းရူးနေသလားလို့ အ ပြစ်တင်ခံရဖွယ်ရှိပါတယ်။ နိုင်ငံတော်သမတကြီးဦးသိန်းစိန်ဟာ ၂၀၀၈ အခြေခံဥပဒေအရ “ကာလုံ” က ထိန်းချုပ် ထား တဲ့ အချုပ်ချယ်ခံ သမတ ဖြစ်နေပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၁၉၉ (က) အရ “နိုင်ငံတော် အုပ်ချုပ်ရေး အကြီး အကဲသည် နိုင်ငံတော်သမတ ဖြစ်သည်” လို့ ညွှန်းဆိုထားပေမယ့် ကာလုံရဲ့ သဘောတူညီမှုနဲ့ ထောက်ခံချက်ယူ နေရ တာကို ပုဒ်မ ၂၀၄ (ခ) မှာ အထင်အရှားတွေ့ရပါတယ်။ သမတအခွင့်အရေး အပြည့်အဝမရတာ ဒီအချက်က သက်သေပြ နေပါတယ်။ သူတင်မက လွှတ်တော်အသီးသီးမှာ ရှိနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များကကော… သူတို့အခွင့်အ ရေးတွေ ဆုံးရှုံးနေကြသူတွေပါ။ ဒါ့အပြင် ဝန်ကြီးမင်းများကရော… သူတို့က ငဝက်ကျွန်ခံဇတ်ခင်းနေ ကြသူတွေပါ။
ခရိုနီလို့ခေါ်တဲ့ မောင်တေဇတို့၊ မောင်ဇော်ဇော်တို့ခင်ဗျာလဲ မြန်မာပြည်ဟာ စီးပွားရေးစနစ်ကို ပြုပြင် ပြောင်းလဲမှုမလုပ် ရင် Fail State ဖြစ်သွားနိုင်တာကြောင့် သူတို့ အခုရရှိနေတဲ့ အကျိုးစီးပွားများဟာ ရေပွက်ပမာ ဖြစ်သွားနိုင်တာကို ကောင်းကောင်းသိတာမို့ အိပ်ကောင်းခြင်း မအိပ်ရသူတွေ ဖြစ်ပါတယ်။ သနားစရာအကောင်းဆုံး အခွင့်အရေးဆုံးရှုံးတဲ့ အဖွဲ့ အစည်းကတော့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပါ။ အာဏာရပါတီ၊ ပါလီမန်မှာ အမတ်ဦး ရေအများဆုံးပါတီဆို ပေမဲ့ အစိုးရသတင်းစာတွေကလွဲလို့ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ဘယ်သူကမှ သူတို့အကြောင်း စာတစောင်ပေတဖွဲ့မဖော်ပြ တာ (ကျနော့်လေ့လာမှု နည်းလို့လားတော့မသိ) မတွေ့ဖူးပါ။ ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်း ရေးမှူး ဦးဌေးဦးဆိုရင် NLD ပါတီကို တရားဝင်ပါတီအဖြစ်ရပ်တည်နိုင်အောင် အခြေအနေတွေကို ဖန်တီးနေပါတယ်ဆိုတာမျိုး အင်တာဗျူးတခုမှာ ပြောလာတာကို သတိမူမိပါတယ်။ ဘာကြောင့်ပဲ ဒီလိုပြောပြော အပြုသဘောဆောင် တာမို့ ကြိုဆိုရမှာပါ။ ဆိုလိုချင်တဲ့ သဘောကတော့ မြန်မာနိုင်ငံသူနိုင်ငံသားများဟာ သမတကြီးကအစ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားများအထိ ရ သင့်တဲ့အခွင့်အရေးများ ဆုံးရှုံးနေတယ်ဆိုတာကို ထောက်ပြချင်တာဖြစ်ပါတယ်။
ဒါ့ကြောင့် Right Based Campaign များကိုအခြေအနေနဲ့အညီ အမျိုးသားရင်ကြားစေ့ရေးကို မထိခိုက်စေဖို့ဆိုတဲ့ အခြေ အနေအောက်မှာ အကောင်အထည်ဖော်ကြဖို့ရာ သမတကြီးအပါအဝင် နစ်နာနေသူအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။သည် အခြေအနေအောက်မှာ မနစ်နာသူဆိုလို့ တဦးမှ မရှိပါ။ ကာကွယ်ရေးဦးစီးချုပ်ကအစ သာမန်တပ်သားလေးအဆုံး အား လုံးနစ်နာနေကြတာဖြစ်ပါတယ်။ သည်အခြေအနေက ဘယ်သူ့အတွက်မှ အကျိုးမရှိတာကို သိတဲ့လူတွေ တစတစနဲ့ များ စပြုလာပါပြီ။ ပိုပိုပြီး များသထက်များအောင် ကြိုးပမ်းရမှာက ပိုပြီးသိတဲ့သူတွေရဲ့ တာဝန်ပါ။ အစပျိုးနေတဲ့လူထုလှုပ်ရှား မှုကြီး (သည်နေရာကစပြီး လူထုလှုပ်ရှားမှုဆိုတာထက် အမျိုးသားလှုပ်ရှားမှု လို့သုံးပါမယ်) မှာ Activist တွေသာမက နယ်ပယ်အသီးသီးက၊ အလွှာအသီးသီးက အင်အားစုများအားလုံး ပါဝင်နိုင်တဲ့အခြေအနေကို ဖန်တီးရပါလိမ့်မယ်။ ဒေါ်စု လုပ်နေတာ ဒါဖြစ်တယ်လို့ ကျတော် ယုံကြည်တယ်။ သည် အမျိုးသားလှုပ်ရှားမှုကြီးမှာ NLD အဖွဲ့တွေ၊ နိုင်ငံရေးပါတီ တွေ၊ တိုင်းရင်းသားအဖွဲ့တွေဆိုတဲ့ ဒီမိုကရေစီဘက်တော်သားတွေအပြင် သာမန်ပြည်သူ လူထုတွေဖြစ်တဲ့ ပညာရှင်တွေ၊ စာရေးဆရာတွေ၊ အနုပညာရှင်တွေ (ပါလည်းပါနေပါပြီ) သာမက အစိုးရအရာရှိကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စု၊ ပြည်နယ်၊ တိုင်းဒေသကြီးတွေက ဝန်ကြီး၊ ဝန်လေးတွေက ပါနိုင်ဖို့ အခြေအနေကို တစထက်တစတိုးလို့ ဖန်တီးရပါမယ်။ သည်အမျိုးသားလှုပ်ရှားမှုကြီးရဲ့ ဦးစီးပဲ့ကိုင်ဟာ ဘယ်သူလဲဆိုတာတော့ မေးခွန်းထုတ်စရာမလိုပါ။ ဒေါ် အောင်ဆန်းစုကြည်ကလွဲလို့ တခြားမရှိပါ။ သမတကြီး ဦးသိန်းစိန်တို့လို ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် လိုလား သူများကိုလည်း တက်တက်ကြွကြွှနဲ့ ရှေ့တန်းက ပါဝင်နိုင်တဲ့အခြေအနေများကိုလည်း ဖန်တီးရမှာ ဖြစ်ပါတယ်။
ဒါဖြင့် သည်အမျိုးသားလှုပ်ရှားမှုကြီးရဲ့ ရည်ရွယ်ချက်ကဘာလဲလို့မေးစရာရှိပါတယ်။ ရှင်းပါတယ်။ ဒေါ်စုပြောတာ ပြန် ပြောရရင် Regime Change မဟုတ်ပါ။ Value Change ဖြစ်ပါတယ်။ ပြည်သူလူထုအတွက် ပြည်သူလူထုကိုယ်တိုင် ကိုယ့်ရဲ့တန်ဖိုးတွေကိုနားလည်ရုံသာမက ကာကွယ်စောင့်ရှောက်နိုင်မယ့် စွမ်းပကားများအပြင် ကိုယ့်ရဲ့ တန်ဖိုးများကို နိုင်ငံတကာက ခေတ်ပြိုင်ပြည်သူတွေရဲ့ တန်ဖိုးများနဲ့ တန်းတူရည်တူအခြေအနေကို ရောက်ရှိအောင် မြှင့်တင်ဖို့ပဲဖြစ် ပါတယ်။
ဘာကြောင့် ဒီလိုပြောပါသလဲ။ ပြည်သူက ဒီကနေ့အဓိကလိုအပ်နေတာဟာ အမျိုးသားဂုဏ်သိက္ခာ National Dignity ဖြစ်နေပါတယ်လို့ ကျတော် နားလည်နေမိလို့ပါ။ Regime Change တာ မချိန်းတာက သူတို့အတွက် ဒီလောက် အရေး မကြီးပါ။ နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာရှိတဲ့လူမျိုးအဖြစ် ရပ်တည်လိုတဲ့ အရှိန်ညီးညီးတောက်လောင်နေတဲ့ ပြင်းပြ တဲ့ဆန္ဒဟာ သည်ကနေ့ ဖြစ်ပေါ်နေတဲ့ အမျိုးသားရေးလှုပ်ရှားမှုကြီးကို မောင်းနှင်နေတဲ့ အဓိကမောင်းနှင်အား ဖြစ်ပါ တယ်။ ကျတော်တို့ လူမျိုးများဟာ နိုင်ငံတကာအလယ် ဘယ်လောက်ဂုဏ်သိက္ခာညှိုးနွမ်းနေရသလဲဆိုတာ အထူးပြော စရာမလိုပါ။ မြစ်ဆုံကိစ္စကို ဘာကြောင့် အင်တိုက်အားတိုက် ဆန့်ကျင်နေကြတာလဲ။ တိုင်းချစ်ပြည်ချစ်စိတ်က လှုံ့ဆော် လိုက်တာ ဖြစ်ပါတယ်။ သည်ကနေ့ ဗမာပြည်သူလူထု တောင်းဆိုနေတာက တိုင်းချစ်ပြည်ချစ်စိတ်က စေ့ဆော်လိုက်တဲ့ အမျိုးသားဂုဏ်သိက္ခာ (National Diginity) ပဲ ဖြစ်ပါတယ်။ ၁၉၀၅-၀၆ ကနေ ၁၉၂၀ လောက်မှာ ကြုံခဲ့ဖူးတဲ့ အမျိုးသား ရေးနိုးကြားမှုမျိုးပေါ်နေပြီလို့ ကျနော် ရဲရဲကြီးဆိုဝံ့ပါတယ်။ မြန်မာတွေ ဘယ်တုန်းကမှ မညံ့ခဲ့ကြပါ။  အရေးကြုံရင် သက် လုံကောင်းတဲ့လူမျိုးဖြစ်တယ်ဆိုတာ သမိုင်းအဆက်ဆက် သက်သေတည်ခဲ့ကြတာပါ။
သည်အမျိုးသားလှုပ်ရှားမှုကြီးဟာ အခုမှ အစပဲရှိသေးတယ်ဆိုတာ သတိမူမိစေချင်ပါတယ်။ သည်လှုပ်ရှားမှုဟာ နိုင်ငံ တကာဖြစ်စဉ် (Global Order) နဲ့ ဟန်ချက်ညီညီ ဖြစ်ပေါ်တိုးတက်ဖို့လည်း လိုပါတယ်။ အရေးကြီးဆုံးအချက်ကတော့ သည်အမျိုးသားလှုပ်ရှားမှုကြီးရဲ့ ဖြစ်စဉ်တလျှောက်မှာ အခြေအနေ အချိန်အခါနဲ့အညီ လတ်တလော ရည်မှန်းချက်များ (Immediate Objective) ကို သတ်မှတ်ရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ရဲ့ ပကတိလိုအပ်မှုကို ရှေ့ရှုတဲ့ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စံချိန်၊ စံညွှန်းများကို လုံးဝမထိခိုက်စေဖို့ သတိထားရမှာပါ။ ဒါ့အပြင် အ မျိုးသားအကျိုးစီးပွားဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ပဲ့ကိုင်ကောင်းလိုပါတယ်။ သည်အမျိုးသား လှုပ်ရှားမှုကြီးရဲ့ ဦးစီးပဲ့ကိုင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနိုင်ငံကရယူပိုင်ဆိုင်ထားတာဟာ တိုင်းပြည်အတွက် အင်မတန် ကု သိုလ်ထူးတဲ့ ဒုလ္လဘတပါး ဖြစ်ပါတယ်။ သူမရဲ့ သီလ၊ သမာဓိ၊ ပညာခွန်အားများကို နိုင်ငံနဲ့ ပြည်သူအတွက် သာမက လူ သားထုတရပ်လုံးအတွက်ပါ အကျိုးပြုနိုင်မယ်ဆိုတာ သံသယမရှိပါ။
ကျနော့် တင်ပြချက်များဟာ အကောင်းမြင်ဆန်လွန်းတယ်။ စိတ်ကူးယဉ် ဒဏ္ဍာရီတပုဒ်၊ ဆောင်းတွင်းအိမ်မက်တခုလို့ မြင်ကောင်းမြင်နိုင်ပါတယ်။ ပျက်ရယ်ပြု ရယ်သွမ်းသွေးကောင်းသွေးနိုင်ပါတယ်။ မှန်ပါတယ်။ အခက်အခဲတွေ၊ ပြဿနာ တွေ တပုံတပင်ကြီးကို ရှေ့မှာ မနားတမ်း ဖြေရှင်းကြရဦးမှာပါ။ ရှေ့တလှမ်းတိုးပေမဲ့ နောက်နှစ်လမ်းဆုတ်တာမျိုးလဲ ကြုံ တွေ့ရမှာကို မျှော်လင့်ထားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သည်လိုတွေ ဖြစ်လာနိုင်တဲ့ အခြေအနေတွေ ရှိနေလို့ သည်လို ပြောရတာဖြစ်ပါတယ်။ သည်လိုဖြစ်လာဖို့ဆိုတာက ဒေါ်စုနဲ့ NLD များလုပ်ရုံသက်သက်နဲ့ ဖြစ်လာနိုင်မှာ မဟုတ်ပါ။ သ ဘောတူသူကော၊ မတူသူကော စိတ်ခံစားမှုတွေ၊ နာကြည်းမှုတွေ၊ အတိတ်ရဲ့ ခါးသီးတဲ့ပုံရိပ်တွေ ကို ဘေးချိတ်ထားပြီး “ပြည်သူလူထုကို အလုပ်အကျွေးပြုရေး” ဆိုတဲ့စိတ်ဓာတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတုမဲ့တဲ့ ခေါင်းဆောင်မှုအောက် မှာ (အရင် ရန်သူတွေကော၊ မိတ်ဆွေဟောင်းတွေပါ) ပါဝင်ဆင်နွှဲကြမယ်ဆိုရင် ပြည်သူလူထုလိုချင်တဲ့ အမျိုးသားရေး ဂုဏ်သိက္ခာဟာ နိုင်ငံတကာအဆင့်အတန်းနဲ့အညီ မဝေးတော့မဲ့ကာလမှာ ဖွံ့ဖြိုးပေါ်ထွန်းလာရုံတင်မက ကျနော်တို့ နိုင်ငံ ကို စိန်ခေါ်နေတဲ့ လတ်တလောပြဿနာတွေကို အမျိုးသားသွေးစည်း ညီညွတ်ရေးခွန်အားနဲ့ ဖြေရှင်းနိုင်မှာဖြစ်တဲ့အပြင် နှစ်ဆယ့်တစ်ရာစုနှစ်ရဲ့ လူသားအားလုံးအပေါ် စိန်ခေါ်မှုတွေကိုပါ ကျွန်တော်တို့လူမျိုးများက ဂုဏ်သိက္ခာမြင့်မားစွာ ရှေ့ ဆုံးက ပါဝင်ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်လို့ သည်စာကို ရေးရပါတယ်။
မြင်းရည်တက်ဦးသာ
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"