KIA ကချင်အဖွဲ့မှ တပ်ရင်း ၇ တပ်ရင်းမှုး ဗိုလ်မှုး လဖိုင်တူးယော်နဲ့ ပူတာအို ခရိုင်အုပ်ချုပ်ရေးမှုး ဦးလဖိုင်နော်ဆန်း တို့ ၂ယောက်ကို KIAဗဟိုမှ အချုပ်ဖြင့်ထားခိုင်းတဲ့အတွက် တပ်မဟာ ၁ အင်ဂွန်းလ မှာ အချုပ်နဲ့ ထားထားတယ်လို့ လိုင်ဇာမှ KIA တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီကိစ္စနဲ့ ပက်သက်ပြီး KIA တပ်မဟာ ၁ မှ အရာရှိ တစ်ဦးကိုဆက်သွယ်မေးမြန်းကြည့်တော့ ခေါင်လန်ဖူးက ခရမ်ထီးဒမ်ရွာကို မီးရှို့ခဲ့ပြီး ကချင်ရွာသား(၃)ဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တဲ့အတွက်
အရေးယူတဲ့အနေနဲ့ အချုပ်နဲ့ထားပါလို့ KIA ဗဟို လိုင်ဇာမှ လှမ်းအကြောင်းကြားခဲ့ပါတယ်၊ အချုပ်နဲ့ထားတယ်ဆိုပေမဲ့ ဟန်ပြအနေနဲ့လုပ်တာပါ ပုံမှန်အတိုင်းအေးဆေးပါဘဲ အခြားတပ်ဖွဲ့ဝင်တွေလိုပါဘဲ အခွင့်အရေးတွေအကုန်ပေးထားပါတယ်လို့ ဖြေကြားခဲ့ပါတယ်။စက်တင်ဘာလ ၁၉ ရက်နေ့က KIA တပ်ရင်း ၇ မှ ခွဲမှုး ဇော်လှိုင်ရဲ့ တပ်ခွဲဟာ ပူတာအိုခရိုင် ၊ခေါင်လန်ဖူးက ခရမ်ထီးဒမ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၃ ဦးကို သေနတ်ဖြင့် ပစ်ခဲ့လို့ ရွာသား ၃ ဦးသဆုံးခဲ့ပါတယ်၊မီးရှို့ခဲ့လို့ အိမ် ၃၃ လုံး၊ စာသင်ကျောင်း ၁ ကျောင်း နဲ့ ဘုရားရှိခိုးကျောင်း ခြံစည်းရိုး မီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ ခရမ်ထီးဒမ်ရွာဟာ ရ၀မ်လူမျိုးတွေ အများဆုံးနေတဲ့ရွာ ဖြစ်ပါတယ်။ရွာသားတွေက်တော့ ခေါင်လန်ဖူး၊လဂျာရွာနဲ့ ဆွေမျိုးတွေရှိတဲ့ ရွာတွေကို ထွက်ပြေးခဲ့ကြရပါတယ်။
ဗိုလ်မှုး လဖိုင်တူးယော်နဲ့ ဦးလဖိုင်နော်ဆန်းတို့က ခရမ်ထီးဒမ်ရွာကိုမီးရှို့ရတာဟာ တပ်မဟာ ၁ ကထုတ်ထားတဲ့ အမိန့်ကို မလိုက်နာလို့ဖြစ်ကြောင်း၊အစိုးရကို သတင်းပေးနေတဲ့ ဘယ်လူမျိုးကိုမဆို သေဒဏ်ပြစ်ဒဏ်ချမှတ်ထားကြောင်း၊ခရမ်ထီးဒမ်ရွာဟာ အစိုးရစစ်တပ်အခြေစိုက်စခန်းလိုဖြစ်နေလို့ အင်ဂွန်းလအနီး ပြောင်းမိန့်ကို မလိုက်နာလို့ ဖျက်ဆီးရတာဖြစ်ကြောင်း၊ ရွာသားများထိခိုက်မှုမရှိအောင် ရွာမီးမရှို့မီ သူတို့ရဲ့ ပစ္စည်းတွေကို သယ်ဆောင်ရန်အချိန်ပေးခဲ့ကြောင်း၊ အန်ထန်းဇွတ် ရွှေမှော်က ရွှေကျင်းပိုင်ရှင်တွေဆီက သိန်း ၂၀ ခန့်တောင်းယူကောက်ခံခဲ့ပြီး ပျော်ပွဲ၊ရွှင်ပွဲ စားသောက်ပွဲတွေပြုလုပ်ခဲ့ကြတယ်ဆိုတာ မဟုတ်ကြောင်းနဲ့ ၊တပ်မဟာ ၁ ရဲ့အမိန့်အရ လုပ်ရတာဖြစ်ကြောင်းကို ဗဟိုဌာနချုပ်အားပြန်လည်ဖြေရှင်း တင်ပြထားတယ်လို့သိရပါတယ်။ ဒီလိုမျိုးကချင်အချင်းချင်းသတ်ပြီး ရွာကိုမီးရှို့ ခဲ့လို့ ကချင်ရိုးရာယဉ်ကျေးမှု လူကြီးများမှ KIA ဗဟို ဌာနချုပ်က ဗိုလ်ချုပ်ဂမ်ရှောင်ကို တိုင်ကြားတဲ့အတွက် KIA ဗဟို လိုင်ဇာမှ ကချင်ပြည်သူတွေက KIA စစ်တပ်အပေါ် ယုံကြည်မှုပြန်ရလာအောင် အရေးယူတဲ့အနေနဲ့ အချုပ်နဲ့ထားဖို့ အမိန့်ပေးခဲ့တာဖြစ်နိုင်ကြောင်း KIA ခေါင်းဆောင်ပိုင်းနဲ့ နီးစပ်တဲ့ တရုတ် မြန်မာ နယ်စပ်မှ ကုန်သည်တစ်ဦးမှလည်း ပြောပြခဲ့ပါတယ်။
မေးဖြင့်ပေးပို့သော ဦးဂန်နော်မိုက်အား ကျေးဇူးတင်ပါသည်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !