ထိုင်း  – မြန်မာနယ်စပ်တနေရာမှာ နိုဝင်ဘာ ၁၉ ရက်နေ့က စတင်ခဲ့ကြတဲ့  မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး  (ကေအန်ယူ) တို့ရဲ့ ဆွေးနွေးပွဲ ဒီကနေ့ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ဆွေးနွေး ပွဲမှာ ကေအန်ယူဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူတူးစေးဖိုး  ဦးဆောင်ပြီး မြန်မာအစိုးရဘက်က ရထားပို့ဆောင်ရေးဝန်ကြီး  ဦးအောင်မင်းက ဦးဆောင် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးတဲ့ အကြောင်းအရာတွေကို အသေးစိတ် ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။
ဆွေးနွေး ပွဲနဲ့ ပတ်သက်ပြီး ကေအန်ယူက ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကပေါက  “အလွတ်သဘောတွေ့တာပဲ။ ဒါတရားမဝင်ဘူး၊ တရားဝင်ဖြစ်တာ မဟုတ်ဘူး။
သူ့ဘက် ကိုယ့်ဘက် တီးခေါက်ကြည့်တဲ့ အဆင့်ပဲ” လို့ ပြောပါတယ်။
ကေအန်ယူအဖွဲ့ ကို ဘားအံမြို့မှာ ရုံးစိုက်ခွင့်၊ လက်နက်မကိုင်ဆောင်ဘဲ လွတ်လပ်စွာ  သွားလာခွင့်၊ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်၊  ဗဟိုအစိုးရနဲ့ဆွေးနွေးခွင့် စတာတွေအပြင်  ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးမှာလည်း  ပါဝင်ခွင့်တွေပေးမယ်လို့မြန်မာအစိုးရဘက်က  စကားကမ်းလှမ်းခဲ့တယ်လို့လည်း ကေအန်ယူက ပြောပါတယ်။
မြန်မာအစိုး ရက ကေအန်ယူ အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်းတွေကို  တဖွဲ့ချင်းခွဲပြီး တွေ့နေတာဟာ တိုင်းရင်းသားအားလုံး  ညီညွတ်ရေးနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး မရနိုင်ဘူးလို့  ပဒိုဒေးဗစ်သကပေါက ပြောပါတယ်။
“အခုဟာက  ထိုးခွဲနေတဲ့ပုံစံမျိုးပဲ။ ကျနော်တို့ကတော့ ရပ်တည်ရမှာပဲ။  အပစ်အခတ်ရပ်စဲရေးက တပြည်လုံးအတိုင်းအတာ တိုင်းရင်းသားတွေအပေါ်  စစ်ပြုနေတာတွေ အားလုံးရပ်ပြီးတော့ အသေးစိတ်ဆွေးနွေးရမယ်။  နောက်ပြီးတော့ အနှစ်သာရရှိရှိ နိုင်ငံရေးဆွေးနွေးပွဲကို  ယူအန်အက်ဖ်စီနဲ့ဆွေးနွေး…”
ယူအန်အက်ဖ်စီ  ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ကို  ကေအန်ယူ၊ ကေအန်ပီပီ (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ)၊  အက်စ်အက်စ်ပီပီ (ရှမ်းပြည်တိုးတက်ရေးပါတီ) နဲ့ ကေအိုင်အို  (ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့) စတဲ့  တိုင်းရင်းသားအဖွဲ့အစည်း ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတာပါ။
ကေအိုင်အိုကို အပြင်းအထန် ထိုးစစ်ဆင်နေချိန်မှာ ကျန်အဖွဲ့ဝင်တွေကို မြန်မာအစိုးရက တွေ့ဆုံဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။
ဝန်ကြီးဦး အောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ကေအန်ယူနဲ့  တွေ့ဆုံဆွေးနွေးနေတဲ့ စနေနေ့က ရှမ်းပြည်တပ်မတော် ရှမ်းပြည်  ပြန်လည်ထူထောင်ရေးကောင်စီ (အက်စ်အက်စ်အေ -အာစီအက်စ်အက်စ်)၊ စီအန်အက်ဖ်  (ချင်းအမျိုးသားတပ်ဦး) တို့နဲ့လည်း သီးခြားစီတွေ့ဆုံပြီး  နေပြည်တော်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်နိုင်အောင်  ပဏာမအဆင့် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ 
@ by http://burmese.dvb.no/archives/18123 













0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !