ပြီး ခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက် ညပိုင်းက ဘာလီမှာရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ အဲဒီကို သတင်းယူဖို့ ရောက်နေတဲ့ မြန်မာသတင်းထောက်တွေကို သီးသန့် သတင်းစာရှင်းပွဲတခု လုပ်ပေးခဲ့ပါတယ်။ ဒါဟာ စစ်အစိုးရ လက်ထက်ကရော လက်ရှိ အရပ်ဝတ်အစိုးရ လက်ထက်မှာပါ နိုင်ငံ့နံပါတ် ၁ ခေါင်းဆောင် တယောက်အနေနဲ့ ပထမဦးဆုံးအကြိမ်အဖြစ် သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြားတာ ဖြစ်ပါတယ်။
ဒီလို မေးတာ ဖြေတာတွေကို ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ၊ ဒီဗွီဘီ အသံလွှင့်ဌာနတွေက အသံလွှင့်ထုတ်ခဲ့လို့ ပြည်တွင်းက ရေဒီယို နားထောင်သူတွေ ကြားခဲ့ကြရပါတယ်။ နောက်ပိုင်း ရန်ကုန်တိုင်းမ် ဂျာနယ်က ပုံနှိပ်ဖော်ပြလို့ ဖြတ်တောက်ထားတာ တချို့တလေကလွဲပြီး အများစုကို စာဖတ်သူတွေ ဖတ်ခွင့်ရခဲ့ကြပါတယ်။ အဲဒီမှာ သမ္မတ ဦးသိန်းစိန် ဘာတွေ ပြောခဲ့လဲ။ အရင် သူပြောခဲ့တဲ့ မိန့်ခွန်းတွေနဲ့ နှိုင်းယှဉ်ရင် ဘာတွေ ကွာခြားချက် ရှိနေသလဲ ဆိုတာကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
ရန်ကုန်မှာ တော့ ဒီ သမ္မတရဲ့ ဖြေကြားချက်တွေကို ကြားခဲ့ရသူ အများစုကတော့ စိတ်ပျက်လက်ပျက် ဖြစ်ကုန်တာ တွေ့ရပါတယ်။ အရင် စစ်အာဏာရှင်လက်ထက်က ဝန်ကြီးချုပ်ရာထူး ရယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းတယောက်ရဲ့ မူလ ဇာတ်ရုပ် ပေါ်လာပြီလို့ ဝေဖန်သူတွေကလည်း ဝေဖန်ကြပါတယ်။ တချို့ကတော့ သူ့သဘောထား အရင်းခံကတော့ အခု သတင်းထောက်တွေကို ဖြေထားတဲ့ အတိုင်းပါပဲ။ အရင်အကြိမ်တွေတုန်းကတော့ ကြိုတင်ရေးထားတာကို ဖတ်တဲ့အတွက် အတော်လေးယဉ်ကျေးနေတာ ဖြစ်ပါလိမ့်မယ် ဆိုပြီး မှတ်ချက်ပေးတာမျိုးလည်း ရှိပါတယ်။ ဆိုတော့ သမ္မတ ဘာတွေ ဖြေခဲ့သလဲ ဆိုတာ ကြည့်ကြရအောင်ပါ။
သမ္မတ ဦးသိန်းစိန် ဖြေထားတဲ့ဆီမှာ ပြည်သူတွေ သိချင်နေကြတဲ့ အဓိက အချက်ကြီး ၃ ချက်လောက် ပါပါတယ်။ ပထမ တချက်ကတော့ နိုင်ငံရေးအကျဉ်းသားတွေ ထပ်လွှတ်ဦးမှာလား။ နောက်ထပ် ဘယ်တော့လောက် လွှတ်ပေးဦးမှာလဲ ဆိုတာ။ လက်ရှိ ကေအိုင်အေ အပါအဝင် တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ ပတ်သက်ပြီး ထားရှိတဲ့ သဘောထား။ နောက်ဆုံးတခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ထပ် တွေ့ဆုံကြဦးမလား ဆိုတာတွေပဲ ဖြစ်ပါတယ်။
ယုံကြည်ချက် ကြောင့် အကျဉ်းကျနေသူတွေကို ထပ်လွှတ်ပေးမလားလို့ မေးတာကို ဖြေပုံက ရှင်းပါတယ်။ သူ့စကားလုံး အတိအကျဆိုရင် ယုံကြည်ချက်ကြောင့်ဆိုတဲ့ဟာကတော့ ပြောရမှာခက်တယ်။ ကျနော်တို့က ယုံကြည်ချက် ဆိုတာကတော့ လက်မခံဘူး။ ဥပဒေတခုခုကို ကျူးလွန်ထားတဲ့အတွက်ကြောင့် ကျနော်တို့က ဒါ အရေးယူထားတာဖြစ်ပါတယ်။ သူ့လိုပဲ ပြစ်မှု ကျူးလွန်ထားတဲ့သူတွေလည်း အကျဉ်းထောင်ထဲမှာ အများကြီးရှိတယ်။ ဒီအဖွဲ့အတွက်ပဲ ခင်ဗျားတို့ပြောမယ်ဆိုရင် ကျန်တဲ့အဖွဲ့တွေအတွက်ပါ ခင်ဗျားတို့ ကိုယ်ချင်းမစာရာ ကျမယ် ဆိုပြီး ဖြေသွားပါတယ်။
သူဖြေတာ ရှင်းပါတယ်။ ဒါ့အပြင် သူတို့ ရှေ့မှာ လုပ်ခဲ့ကိုင်ခဲ့သမျှဟာလည်း သူတို့ ပြောတဲ့အတိုင်းပဲ ဆိုတာ ရှင်းပါတယ်။ နောက်ဆုံး လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ထဲမှာ ကိုဇာဂနာ၊ ဗိုလ်ချုပ်ဆေထင်နဲ့ မစုစုနွေး တို့ ၃ ဦးကလွဲရင် ကျန်သူတွေအားလုံးဟာ မတရား ချမှတ်ထားတဲ့ ထောင်ဒဏ်တွေကို အနည်းဆုံး တဝက်ကျခံပြီးမှသာ အခြားရာဇဝတ်သားတွေနည်းတူ လွတ်လာတာပါ။ အများစုဆိုရင် ထောင်ထဲမှာ နှစ်ရှည်လများ ဒုက္ခခံခဲ့ပြီးမှ လွတ်လာသူတွေ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမ္မတရဲ့ ဒီပြောဆိုချက်ကြောင့် နိုင်ငံရေးအကျဉ်းသား မိသားစုတွေရော၊ နိုင်ငံရေးသမားတွေ အပါအဝင် ပြည်သူတွေကို စိတ်ပျက်စေပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် လက်ရှိ ဦးသိန်းစိန် အစိုးရဟာ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးကို လုပ်ဆောင်မနေဘူးဆိုတာ ပေါ်လွင်စေပါတယ်။
နောက်တချက်က တော့ လက်နက်စွဲကိုင် တော်လှန်နေတဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ရရေးပါ။ ဦးသိန်းစိန် ဖြေတာက အတော်လေး ဆိုးပါတယ်။ တိုင်းရင်းသားတွေ လက်နက်စွဲကိုင် တော်လှန်နေတာဟာ အလုပ်အကိုင်မရှိလို့ ထမင်းမဝလို့ ဖြစ်ရတယ်။ ထမင်းဝအောင် အလုပ်အကိုင်တွေ ရှိလာအောင် စက်မှုဇုန်တွေ ထောင်ပေးလိုက်ရင် ဒီပြဿနာ ပြေလည်သွားမယ်ဆိုပြီး လက်လွတ်စပယ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး လက်ရှိ ဖြစ်ပွားနေတဲ့ ကေအိုင်အေနဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့လည်း ကေအိုင်အေ ကသာ တဖက်သတ် ဆိုးသွမ်းနေလို့ စစ်တပ်က ခုခံနေရတယ် ဆိုတဲ့သဘော ပြောပြန်ပါတယ်။ သူ့စကားလုံး အတိအကျဆိုရင် သူတို့က လမ်းတွေပေါ်မှာ နေရာယူထား၊ ဘာယူထားလုပ်နေတယ်။ လုပ်နေတော့ တပ်ရဲ့ အကူအညီ တောင်းရတယ်။ တောင်းတော့ တပ်က ခင်ဗျားတို့ ဖယ်ပေးပါ။ လမ်းတွေပြင်ဖို့ ပြုဖို့ပါဆိုတော့ မရဘူး။ မရတော့ ရှင်းရင်းလင်းလင်းနဲ့ တိုက်ပွဲတွေဖြစ်နေတာ၊ ကျနော်တို့ သူတို့ကို အပြတ်ပြောထားတယ်။ ခင်ဗျားတို့ကို တိုက်လို့ရှိရင် ရက်ပိုင်း နာရီပိုင်း တိုက်လို့ ရတယ်၊ ဒါပေမယ့် မတိုက်ပါဘူးဆိုပြီး ပြောခဲ့ပါတယ်။
ဒီစကား တွေကိုကြည့်ရင် တိုင်းရင်းသားအခွင့်အရေး၊ လူ့အခွင့်အရေး ကိစ္စတွေကို အသိအမှတ်မပြုတာ စစ်ဗိုလ်ချုပ်ဟောင်းပီပီ စစ်မာန်တက်နေတာ ပေါ်လွင်နေပါတယ်။ နှစ်ပေါင်း ၅၀၊ ၆၀ တိုင်အောင် တိုက်မနိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို နာရီပိုင်း ရက်ပိုင်း တိုက်လို့ရတယ် ဆိုပြီး ပြောလိုက်တာဟာ တိုင်းရင်းသားတွေကို ပိုပြီး မခံချိမခံသာ အမုန်းပွားစေရုံကလွဲပြီး ဘာမှ ထူးမလာစေပါဘူး။
နောက်ထပ် အရေးကြီးတာ တခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ပြီး ဆွေးနွေးမလား ဆိုတာကိုလည်း တိကျတဲ့ အဖြေ မပေးခဲ့ပါဘူး။ ဦးသိန်းစိန် ပြောတဲ့စကားထဲမှာ သူတို့က ပြောင်းလဲလိုက်တော့မှ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လိမ္မာ လာသယောင်ယောင် အပြောမျိုး ပြောထားပါသေးတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နဂိုကတည်းက တွေ့ဆုံဆွေးနွေးရေး တိုင်းပြည်ပြဿနာကို ငြိမ်းချမ်းစွာ အဖြေရှာရေး ပြောဆိုခဲ့သူပါ။ အခု အရပ်ဝတ်အစိုးရက နည်းနည်းလေးဆွေးနွေးလာတာနဲ့ကို ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်နဲ့ ပြည်သူတွေအပေါ်ထားတဲ့ သူ့ရဲ့ စေတနာကို ပြလိုက်တာပါ။ ဦးသိန်းစိန် အစိုးရ လိုက်လျောတာထက် အများကြီးပိုတဲ့ စေတနာကို ပြနေတာသာ ဖြစ်ပါတယ်။
ခြုံပြီး ပြောရရင် သမ္မတ ဦးသိန်းစိန်အနေနဲ့ ထိုင်နေရင် အကောင်းသားဆိုတာလို သူ့မိန့်ခွန်းနားထောင်ပြီး ပြည်သူတွေ ချီးကျူးနေတာတွေတင် ရပ်မထားဘဲ သတင်းစာရှင်းပွဲ လုပ်ပြီး သဘောထား အမှန်တွေ ပြောလိုက်တော့မှ ပြည်သူတွေ စိတ်ပျက်လက်ပျက် ဖြစ်ကုန်တာ ဘာမှ မဆန်းပါဘူး။ စစ်ဗိုလ်ချုပ်ဟောင်း တယောက်ရဲ့ နဂို ဇာတိရုပ် ပေါ်လာတယ်ဆိုပြီး ဝေဖန်တာတွေကိုလည်း မှားတယ်လို့ မဆိုနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။
post by DVB
No comments:
Post a Comment