မန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများ အပေါ် ကုလသမဂ္ဂအနေဖြင့် မျှော်လင့်ချက် ကြီးစွာ ထားရှိကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဗီ ဂျေ နမ်ဘီယာက မြန်မာပြည်မှ မထွက်ခွာမီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“တိုးတက်မှုတွေ တွေ့ရပါတယ်။ ကျနော့်အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ အများကြီး မျှော်လင့် ပါတယ်” ဟု သူက ပြောသည်။
ဆက်လက်၍ ၎င်းက မြန်မာအစိုးရသစ် အနေနှင့် နယ်စပ်ဒေသတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ပေးခြင်း၊ နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးခြင်းနှင့် နိုင်ငံရေး ပါတီမှတ်ပုံတင်ခြင်း ဥပဒေကို ပြန်လည် ပြင်ဆင်ခြင်းများအား
ဦးစားပေး လုပ်ဆောင်ခြင်းဖြင့် မြန်မာပြည်သူလူထု၏ လိုလားတောင့်တမှုကို ဖြည့်ဆည်းပေးရမည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု များနှင့်ပတ်သက်ပြီး ကုလသမဂ္ဂက အပြည့်အ၀ ထောက်ခံကြောင်း၊ နိုင်ငံတကာ အသိုင်းအဝန်းနှင့် မြန်မာ့အတိုက်အခံ နိုင်ငံရေး အသိုင်းအ၀န်း၏ အသိအမှတ်ပြုမှု၊ ယုံကြည်မှုကို ရရှိရန် မြန်မာအစိုးရ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများအား စနစ်တကျနှင့် စဉ်ဆက်မပြတ် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း မစ္စတာ နမ်ဘီယာက ဆက်ပြောသည်။
အထူးသဖြင့် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာတွင် တွေ့ဆုံဆွေးနွေးမှုများဖြင့် နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး ရရှိရန်၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်မှု ရရှိရန်၊ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရန်၊ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေကို ပြန်လည်ပြင်ဆင် ပြဌာန်းရန် စသည်တို့သည် အရေးကြီး ဦးစားပေးလုပ်ဆောင်ရမည့် ကိစ္စများ ဖြစ်သည်ဟု ဆိုသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်မည့်
အာဆီယံ – ကုလသမဂ္ဂ အစည်းအဝေးများ၌ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
မစ္စတာ နမ်ဘီယာက ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပနေချိန်၌ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက် မစ်ချယ်၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေး ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုက်ကယ် ပို့စနာ တို့နှင့် သူ၏ နေအိမ်တွင် တွေ့ဆုံခဲ့ပြီး တစုံတရာ သတင်း ထုတ်ပြန်ခြင်း မပြုခဲ့ကြောင်း သိရသည်။

0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !