ကချင်ပြည်နယ်မှာ ကေအိုင်အိုနဲ့ အစိုးရတပ်တွေ ၆ လနီးပါး တိုက်ခိုက်နေချိန်မှာ နှစ်ဘက် ကိုယ်စားလှယ်တွေ မနက်ဖြန် တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံဖို့ အစိုးရဘက်က ပြောဆိုထားကြောင်း ကေအိုင်အိုက ပြောပါတယ်။
အစိုးရဘက်က တွေ့မယ်ဆိုရင် ကေအိုင်အို ဘက်ကလည်း တွေ့ဆုံမှာ ဖြစ်ကြောင်း၊ အစိုးရ ကိုယ်စားလှယ် မီးရထား ၀န်ကြီး ဦးအောင်မင်းလည်း ပြန်ပါလာဖွယ် ရှိကြောင်း ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပြပါတယ်။ ကေအိုင်အို ဘက်ကတော့ ဒုတိယ စစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ပါဝင် ဆွေးနွေးမယ်လို့ ဆိုပါတယ်။ ဘယ်သူတွေ ပါမယ်၊ ဘာတွေ ဆွေးနွေးမယ်ဆိုတာ အတိအကျ မသိရသေးကြောင်း၊ အခုလို နှစ်ဘက် တွေ့ဆုံ ဆွေးနွေးကြမယ့် အချိန်မှာပဲ ကချင် ပြည်နယ် အတွင်း အစိုးရတပ်တွေ ပိုပြီး တိုးလာသလို တိုက်ပွဲတွေလည်း ပြင်းထန်နေဆဲ ဖြစ်ကြောင်း ဦးလနန်က ပြောပါတယ်။ အစိုးရဟာ အခု နောက်ပိုင်း ကရင်၊ ရှမ်းနဲ့ ၀ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေးလာနေ ပါတယ်။ ကေအိုင်အို အဖွဲ့နဲ့ကတော့ အရင်ကလည်း ၁၇ နှစ်လောက် အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့ဖူး ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ သြဂုတ်လက နှစ်ဘက် အပစ်အခတ် ရပ်စဲရေး အတွက် ထပ်မံ ဆွေးနွေးခဲ့ကြရာမှာ အပစ်အခတ် ရပ်စဲရေး သက်သက်တင် မဟုတ်ဘဲ နိုင်ငံရေးအရ ဆွေးနွေးဖို့ ကေအိုင်အိုအနေနဲ့ ပြောဆိုထားခဲ့ပါတယ်။
post by RFA
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် အတွက် KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သောအဖွဲ့က ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ရက်နေ့တွင် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် (အလယ်) အား ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ရွာတွင် တွေ့ဆုံစဉ်။ ဓါတ်ပုံ - KNG
post by RFA
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !